၈/၄/၂၀၀၆ (စနေနေ့)
မာန်၏ ၁၃ နှစ်ပြည့် မွေးနေ့ကို အိမ်၌ မိုးထက်ပိုင် ၊ ပိုင်ဘုန်းသွင်နှင့် နန်းသော်တာမိုင်တို့ကိုသာ ဖိတ်ပြီး အချိန်ကုန်ဆုံးဖြစ်သည်။ ဖေဖော်ဝါရီလတုန်းက ဘုန်းသွင်၏ မွေးနေ့တုန်းကကဲ့သို့ သူငယ်ချင်းအနည်းစုနှင့်သာ ကျင်းပသော မွေးနေ့ပွဲ ဖြစ်ရာ လူစည်လှသည် မဟုတ်သော်လည်း မာန် လူမရှုပ်သည်ကို သဘောကျ၏။ မိုးထက်၏ မွေးနေ့တုန်းကလို လူအမြောက်အမြားဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေလျှင် မာန် စိတ်ရှုပ်လာတတ်သဖြင့် မွေးနေ့တိုင်း အချစ်ဆုံး သူငယ်ချင်းများနှင့်သာ ဖြတ်သန်းဖြစ်သည်။ ယခုနှစ် မွေးနေ့၌လည်း ထိုနည်းတူစွာပင်။
"Happy Birthday ကိုရိပ်"
မွေးနေ့ဆုတောင်းစကားကို မနက်ကလည်း ဖခင် ဖြစ်သည့် ဦးသော်ကထက် အရင်ဦးအောင် လှိုင်း မာန့်ကို ပြောခဲ့သည်။ ယခုလည်း သူငယ်ချင်းများ ပြန်သွားချိန်၌ တစ်ဖန် ပြောနေပြန်သည်။
"မင်း ငါ့ကို ဘယ်နှစ်ခါ Happy birthday လုပ်နေမှာလဲ။"
"ကျွန်တော် ကိုရိပ်ကို ပေးစရာ ရှိလို့ပါဗျ။"
"ဘာလဲ"
"ပြမယ် ..ဒီမှာပဲ ခဏစောင့်နော် ကိုရိပ်။ ကျွန်တော် ခုချက်ချင်း ပြန်လာခဲ့မယ်။"
လှိုင်းသံစဉ်တို့များ တစ်ယောက်တည်း ယောက်ယက်ကို ခတ်နေရော။ ပြောပြောဆိုဆိုနှင့် အိမ်ထဲသို့ ပျာပျာသလဲ ပြေးဝင်သွားပြီး တစ်ခဏလေးအတွင်း ခြံဝင်းထဲ ပြန်ရောက်လာသည်။ ခြံဝင်းထဲ ထွန်းထားသည့် ဝါကြန့်ကြန့် မီးရောင်အောက် မြင်နေရသည့် လှိုင်းသံစဉ်မှာ လက်နှစ်ဖက်ကို နောက်ဝှက်ထားပြီး ချီတုံချတုံ မျက်နှာဘေးနှင့် မာန့်ကို မော့ကြည့်နေသည်။ အဲ့လို နှေးကွေးတာမျိုးကို မာန် စိတ်မရှည်တာ။
"မင်း ပေးမယ်ဆိုတာ ဘာလဲ။ မပေးရင် ငါ အပေါ်တက်တော့မယ်။"
ဟုတ်တယ် ... လူက သိချင်နေပါတယ် ဆိုမှ ဤငကြောင်လေးက အလိုက်ကမ်းဆိုးကို မသိ။ လှိုင်းသည် မာန်နှင့် စတွေ့ကတည်းက စကားပြောလျှင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်ရုံမက အပြုအမူများသည်လည်း နှေးကန်နေတတ်သည်။
"ရော့ ကိုရိပ် ..ကိုရိပ်အတွက် မွေးနေ့လက်ဆောင်။"
မာန်က လေသံ မာမာဖြင့် ပြောလိုက်တော့မှ နောက်ဘက် ဝှက်ထားသည့် ကြွပ်ကြွပ်အိတ် အမည်းရောင်ကို မာန့်ဘက် ကမ်းပေးလာသည်။ မွေးနေ့လက်ဆောင်ကို သည်လိုအိတ်မျိုးနှင့် ပေးရမည်ဟု သူ့ ဘယ်သူ ပြောထားသည် မသိ ... အထဲမှာ ဘာပစ္စည်း ပါမှန်း မသိပေမဲ့ အိတ်ကို မြင်သည်နှင့် ထိုဆံပင်ဘုတ်သိုက် ရှိနေသည့် ဦးခေါင်းထက် ဂွက်ခနဲ မြည်အောင်သာ ခေါက်လိုက်ချင်တော့သည်။ တကယ်ကို ရင်ခုန်စရာ မကောင်းအောင် မွေးနေ့လက်ဆောင်ကို ပေးလည်း ပေးတတ်သည်။
"ကိုရိပ် ဖွင့်ကြည့်လေဗျာ။"
သူပေးသည့် ကြွပ်ကြွပ်အိတ်အမည်းလေးကို ကြောင်ငေးကြည့်နေတော့ မာန့်လက်ကို အတင်းဆွဲယူပြီး အိတ်ကို လက်ထဲ မရမက ထည့်ပေးသည်။ အိတ်ကို ဖွင့်မကြည့်ခင် စမ်းကြည့်တော့လည်း ကတ်ပြားရှည်တစ်ခုလိုမျိုးသာ စမ်းမိသည်။ မာန် လှိုင်းကို တစ်ချက် ကြည့်မိတော့ သူ့ကို မျှော်လင့်တကြီး ပြန်ငေးကြည့်နေသည်။ မဟုတ်သေး ... မာန့်ကို ငေးကြည့်နေသည်ထက် သူပေးသည့် မွေးနေ့လက်ဆောင်အပေါ် မာန့်ဆီမှ တုံ့ပြန်လာမည့် စကားကို ငံ့လင့်စောင့်စားနေသည့် ပုံစံပင်။
ပြေလျော့လျော့ ချည်ထားသော ကြွပ်ကြွပ်အိတ်ကို မာန် ဖွင့်ကြည့်ကာ အထဲမှ ပစ္စည်းကို ထုတ်လိုက်ချိန်၌ ခေတ္တ မှင်သက်သွားရသည်။
ဝါဖျော့ဖျော့ ကတ်ပြားထက် ငြိမ်သက်စွာ အိပ်မောကျနေသည်ကား စတီးရောင် ဆွဲပြားထက် ' HOPE' ဆိုသည့် စာလုံး ထွင်းထားသော ဆွဲကြိုးတစ်ကုံး ...
မာန် ဆွဲကြိုး ကြိုက်သည်ကို လှိုင်းက ဘယ်လိုသိနေရပြန်တာလဲ။ မာန်ရိပ်မော် တစ်ခါမှ မဖွင့်ဟဖူးပါဘဲ လှိုင်းသံစဉ် ဆိုသည့် ကောင်လေးက သူနှင့် ပတ်သက်သမျှကို အလိုလို ကြိုသိနေတတ်သည်။
လွန်ခဲ့သည့် နှစ်ရက်က ... အတိအကျဆိုရလျှင် ဦးသော်က မန္တလေးမှ ပြန်ရောက်လာသည့် ရက်ကလည်း ထမင်းစားနေတုန်း ဦးသော်ကနှင့် မာန် မွေးနေ့အတွက် အစီအစဉ် ဆွဲနေသည်ကို အစကတော့ လှိုင်းက ကြောင်စီစီနှင့် လိုက်နားထောင်နေခဲ့သည်။ ဦးသော်က ထမင်းစားခန်းထဲမှ အရင် ထထွက်သွားတော့မှ မာန့်ကို တစ်ခုခု ပြောလိုဟန်ဖြင့် လှိုင်းက စကားအစချီလာသည်။
"ကိုရိပ် ..."
"ဘာလဲ ..သန်ဘက်ခါ ဘာလုပ်မလို့လဲဆိုတာ မေးမလို့ မလား။"
"မဟုတ်ပါဘူးဗျ။ ကိုရိပ် မွေးနေ့ကျရင် ဘာလိုချင်လဲ မေးမလို့။"
မာန့်နာမည်ကို ခေါ်ရင်း စကားကို အစချီလာသော လှိုင်းသည် ဦးသော်ကနှင့် သူ ပြောနေသည့် သန်ဘက်ခါ အစီအစဉ်ကို နားမလည်သဖြင့် စူးစမ်းနေသည်ဟု မာန် ထင်မှတ်ထားခဲ့သော်လည်း လှိုင်းက သန်ဘက်ခါမှာ ကျရောက်မည့် သူ၏ ၁၃ နှစ်ပြည့် မွေးနေ့ကို သိနေသည်။ ဦးသော်က၏ စကား၌ရော ၊ မာန့်၏ စကား၌ပါ မွေးနေ့ဟု မသုံးနှုန်းခဲ့မိသည်မှာ သေချာသော်လည်း လှိုင်းက ဘယ်လိုလုပ် သိသွားတာပါလိမ့်။
"မင်းက ငါ့မွေးနေ့ကို ဘယ်လိုသိနေတာလဲ။"
"ဟို ... ကျွန်တော် ဒီအိမ်ကို ပထမဆုံး ရောက်တဲ့နေ့ကလေ ..အန်တီဝင်းကို မေးကြည့်ထားလိုက်မိလို့ပါ ကိုရိပ်။"
ဟုတ်ပေသားပဲ ... စပ်စုစိန် လှိုင်းသံစဉ်သည် သူ မပြောပြလျှင်တောင်မှ သူ့အကြောင်း မေးမြန်းနိုင်သည့် ဦးပြုံးနှင့် ဒေါ်ဝင်း ရှိနေသည်ပဲ။
"ကိုရိပ် ..မွေးနေ့လက်ဆောင် ဘာလိုချင်လဲဗျ။"
"ဘာမှ မလိုချင်ဘူး။"
"မွေးနေ့မှာ ဘာမှ မလိုချင်ဘူးဆိုတာက ဖြစ်မှ မဖြစ်နိုင်တာဗျာ။ ပြောပြပါ .. စိတ်ထဲမှာ လိုချင်နေတာ ဘာရှိလဲ ကိုရိပ်။"
"မရှိပါဘူးဆိုနေကွာ။ ဒါမဲ့ အကယ်၍ ၊ အကယ်၍ ပြောတာနော် ... ငါ တစ်ခုခု လိုချင်တာ ရှိတယ်ပဲ ထား။ မင်းက ဘယ်က ပိုက်ဆံနဲ့ ဝယ်ပေးမှာလဲ။"
"ကျွန်တော် နည်းနည်းပါးပါး စုထားတာတွေ ရှိပါတယ်ဗျ။ အဲ့တာကြောင့် ပြောပြပါ ..ကိုရိပ် ဘာလိုချင်လဲဆိုတာကို။"
"လှိုင်းသံစဉ် ..ငါ စကားကို နှစ်ခါ မပြောတတ်တာ မင်း သိတယ်နော်။ ငါ မင်းကို ပြောပြီးသွားပြီ ..ငါ ဘာမှ မလိုချင်ဘူး။ အဲ့တော့ ငါ့ကို ဘာမှ ထပ်မမေးနဲ့တော့။"
ဒေါကြီးမောကြီး မဟုတ်သော်လည်း အတန်ငယ် မာထန်သွားသည့် အသံအနေအထားသို့ မာန် ရုတ်ချည်း ပြောင်းလဲလိုက်သည်။ ပြောပြီးသည်နှင့် ထမင်းစားခန်းထဲမှ ထထွက်သွားသည့် မာန်၏ နောက်သို့ ထိုနေ့က လှိုင်း လိုက်မလာခဲ့ပေ။ မာန် ထင်မှတ်ထားခဲ့သည်ကား လှိုင်း သူ့အတွက် ဘာလက်ဆောင်မှ မပြင်ဆင်ထားလောက်သည်ကိုပင်။ သို့သော် ယခုတော့ ...
"ကိုရိပ် ..ကျွန်တော်ပေးတဲ့ မွေးနေ့လက်ဆောင်ကို ကြိုက်ရဲ့လားဗျ။"
ဆွဲကြိုး ပါရှိရာ ကတ်ပြားကို ကိုင်ရင်း ငြိမ်သက်နေသည့် မာန့်အား စိုးရိမ်ရိပ် စွက်နေသည့် အသံဖြင့် တိုးသဲ့သဲ့ မေးလာသည်။ မာန် အတွေးစကို မြန်မြန် ဖြတ်တောက်ကာ လှိုင်းကို ကြည့်တော့ မျက်ဝန်းညိုများက မျှော်လင့်ချက် ရောင်ခြည် သန်းနေသည်။
"အင်း ကြိုက်တယ်။ ကျေးဇူးပဲ။ ငါ အပေါ်တက်နှင့်တော့မယ်။"
မာန် ခပ်ပြတ်ပြတ်သာ ပြောပြီး အရင် အိမ်ထဲ ဝင်လာသည့်အတွက် လှိုင်းတစ်ယောက် ဘယ်လိုစိတ်မျိုးနှင့် ခြံဝင်းထဲ ကျန်ရစ်နေခဲ့သည်ကို မသိရတော့။ မာန် လှေကားကို တစ်ဆင့်ကျော် တက်ရင်း အိပ်ခန်းထဲ အမြန် ဝင်ကာ လော့ခ်ချထားလိုက်မိသည်။ ပြီးနောက်မှ ကုတင်ပေါ် သွားထိုင်ကာ လက်ထဲ မလွှတ်တမ်း ဆုပ်ကိုင်လာမိသော ဆွဲကြိုးပါ ကတ်ပြားလေး ထည့်ထားသည့် ပလက်စတစ်အိတ်အကြည်လေးအား ဖွင့်ပေါက်လိုက်သည်။ ကတ်ပြားထက် မလှုပ်မယှက် လဲလျောင်းနေသော စာလုံး ထွင်းထားသည့် ဆွဲပြားလေးအား လက်ဖြင့် တို့ထိကြည့်နေမိသည်။
ဘယ်က ပိုက်ဆံနှင့် ဘယ်လိုလုပ် ဤဆွဲကြိုးကို ဝယ်လာသည်လဲ မသိ။ မှတ်မှတ်ရရ မာန် ဤဆွဲကြိုးကို ယခင်က တစ်ခါ မြင်ဖူးသည်။ ကြာတော့ ကြာနေခဲ့ပြီ ဖြစ်သဖြင့် သေချာ မမှတ်မိတော့သော်လည်း မှတ်မိသလောက်တော့ ပလာဇာတစ်ခုခုကို သွားရင်း တွေ့ခဲ့တာ ထင်သည်။ ဟုတ်သည် ... အဲ့တုန်းက လှိုင်းလည်း မာန်နှင့်အတူ ပါလာသည်။ မာန်က ဆွဲကြိုးကြိုက်သူ ဖြစ်သည့်အလျောက် ဆွဲကြိုးများကို လျှောက်ကြည့်နေရင်းမှ ဤဆွဲကြိုးကို မြင်တော့ သေချာ အနီးကပ် ယူကြည့်မိသည့် ပုံရိပ်က ယခုချိန်ထိ မာန့်ခေါင်းထဲ စွဲနေဆဲ။ နောက်၌ ကပ်ထားသော ဈေးနှုန်းကို ကြည့်မိပြီးမှ ဆွဲကြိုးကို နေရာ၌ ပြန်ထားခဲ့ရသည်။ ဤဆွဲကြိုးကို မကြိုက်၍ မဟုတ် ... ကြိုက်သည်။ ပိုက်ဆံမတတ်နိုင်၍လား ဆိုပြန်တော့လည်း ဦးပြုံးကို ပူဆာလိုက်လျှင် ချက်ချင်းလက်ငင်း ပိုင်ဆိုင်နိုင်မည်ကို မာန် သိသည်။ သို့သော် ဤဆွဲကြိုးက ပေးရသည့် ပမာဏနှင့် မတန်သလို ခံစားရသောကြောင့် ထိုနေ့က ဆွဲကြိုးကို ကျောခိုင်းလှည့်ထွက်ခဲ့ဖူးသည်။ ဤသည်ကို ယခု လှိုင်းသံစဉ်က မွေးနေ့လက်ဆောင်အဖြစ် သည်ဆွဲကြိုးကို လာပေးနေသည်။
အကြောင်းပြချက် ရေရေရာရာ မပြောနိုင်သော်လည်း မာန့်ရင်ထဲ တစ်မျိုးပဲ။ ပျော်ရွှင်ခြင်း ၊ အံ့ဩခြင်း ၊ ကြည်နူးခြင်း ၊ နားမလည်နိုင်ခြင်း စသော 'ခြင်း' များစွာဖြင့် ခံစားချက်များ ဘောင်ဘင်ခတ်နေသည်။
"တောက် ... လျှာကို ရှည်တယ်။ သူ့ကို ဘယ်သူက မွေးနေ့လက်ဆောင် ဝယ်ခိုင်းလို့လဲ။"
မာန် ဗီရိုအံဆွဲထဲရှိ သံဗူးကို ထုတ်ရင်း တောက်ခေါက်မိသေးသည်။ လှိုင်းသံစဉ်ဆိုသည်မှာ လူ ပုသလောက် တကယ်ကို လျှာရှည်သူ။ မာန် သက်ပြင်းချရင်း စိတ်ကို မနည်း လျှော့လိုက်ရသည်။ ယခု လှိုင်း ပေးထားသည့် မွေးနေ့လက်ဆောင်ကား မာန့်မိခင်ဖြစ်သူ၏ အသုံးအဆောင် ပစ္စည်းများနှင့် ယှဉ်တွဲကာ နေရာယူထားလေပြီ။ မာမား၏ ပစ္စည်းများ ဆိုရာတွင် လက်ဝတ်ရတနာ တစ်ချို့နှင့် မာန်တို့ မိသားစု သုံးယောက် အတူ ရိုက်ကူးခဲ့ဖူးသည့် ဓာတ်ပုံများ စုဝေးရာ အယ်လ်ဘမ်ကို ဆိုလိုခြင်း ဖြစ်သည်။ ဤဘူးလေးက မာန် အမြတ်တနိုး တန်ဖိုးထားရသည့် ပစ္စည်းများ စုဝေးရာ နေရာ ဖြစ်သည်။ လှိုင်း ပေးသည့် မွေးနေ့လက်ဆောင်ကို ဘာစိတ်ကူးနှင့် ဤဘူးထဲ မာမား၏ ပစ္စည်းတို့နှင့်အတူ ထည့်ထားမိမှန်း မိမိကိုယ်ကို နားမလည်နိုင် ဖြစ်နေရသည်။ 'သည်ဆွဲကြိုးကို တခြား ထားစရာ နေရာ မရှိလို့ ဖြစ်မှာ' ဟု မလုံမလဲဖြင့် ကိုယ့်ကိုကိုယ် ပြန်လည် ဖြေရှင်းချက် ပေးရသေးသည်။
တစ်ခါတစ်ရံတော့လည်း မာန် ကိုယ့်စိတ်ကိုယ် နားမလည်။ အထူးသဖြင့် လှိုင်းသံစဉ်နှင့် ပတ်သက်လာချိန်တွင် ဖြစ်ပေါ်တတ်သည့် စိတ်ခံစားချက်များကို မာန် ကောင်းစွာ နားမလည်။ လှိုင်းနှင့် ပတ်သက်လျှင် ပေါ်ပေါက်လာသော ခံစားချက်များသည် မာန့်ကို တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေသလိုပဲ။ ဤသို့ ဖြစ်နေခြင်းမှာ ထူးဆန်းသည်ကို မာန် သိသော်လည်း ဘယ်နည်းဘယ်ပုံမျိုးဖြင့် ဆန်းကြယ်နေမှန်းတော့ မာန် အဖြေမရှာတတ်ပေ။ မာန် ဘာမှ ထပ်မစဉ်းစားချင်တော့သဖြင့် အတွေးစများကို အမြန် ဖြတ်တောက်ကာ ဗီရိုတံခါးကို ပြန်ပိတ်လိုက်တော့သည်။ ပြီးနောက်မှ အခန်းပြင် ထွက်လာလိုက်သည်။ တံခါးပွင့်သည်နှင့် မာန့်အခန်းဝ၌ ထိုင်နေသော လှိုင်းကို တွေ့ရသည်။
"မင်း ဒီမှာ ဘာထိုင်လုပ်နေတာလဲ။"
မာန့်ကို မြင်မှ ဒူးထောင်ကာ ထိုင်နေရာကနေ မတ်တပ်ထရပ်လာသည်။ အကြည့်တို့က မာန်၏ ရင်ဘတ်မှ မရွေ့လျားဘဲ မမှိတ်မသုန်ဖြင့် ရှူတည်တည် ကြည့်နေသည်။
"ကိုရိပ် ..ကျွန်တော် ပေးတဲ့ လက်ဆောင်ကို တကယ် ကြိုက်ရဲ့လားဗျ။ မကြိုက်ဘူးဆို ကျွန်တော် ကိုရိပ် လိုချင်တာ ထပ်ဝယ်ပေးပါ့မယ်။"
မကြိုက်ဘူး ဟူ၍လည်း မာန် မပြောမိပါဘဲ ဤပုတက်လေးက ဘာကို စိုးရိမ်တကြီး မေးနေမှန်း မသိ။
"မကြိုက်ဘူးလို့ ငါမှ မပြောမိတာ။"
"ဒါမဲ့ ..ကိုရိပ်ကို ကြည့်ရတာ ... မပျော်သလိုဘဲ။"
မာန် ဘယ်နား သွားပုန်းနေရမည်နည်း ... တစ်ချိန်လုံး မာန့်၏ မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်ပြီး သူ စိတ်ထင်ရာ အဓိပ္ပာယ်လိုက်ကောက်နေသည့် လှိုင်းကြောင့် မာန် နေစရာ နေရာပင် မရှိတော့။
"ကြိုက်ပါတယ်ဆိုကွာ။"
"ဒါဖြင့် ..ဆွဲကြိုးကို ဘာလို့ မဆွဲတာလဲ ကိုရိပ်။"
တဖြည်းဖြည်းနှင့် မာန့်စိတ်က အချဉ်ပေါက်လာပြီ။ ဤကောင်စုတ်လေး ဘယ်လို ဖြစ်နေတာလဲ။
"ငါ ကြိုက်ပါတယ် ဆိုမှ ကြိုက်တဲ့အကြောင်းကို ခဏခဏ ပြန်ပြောနေရတာ ငါ တကယ် စိတ်တိုလာပြီနော် လှိုင်းသံစဉ်။ မင်း ပေးတဲ့ လက်ဆောင်ကို ငါ ကြိုက်တယ်။ ဆွဲတာ မဆွဲတာကတော့ ငါ့သဘောလေ။ မင်း ငါ့ကို ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါ ဆိုပြီး ဆရာကြီး လာမလုပ်နဲ့။"
ပြောပြီး အိပ်ခန်းထဲသာ ပြန်ဝင်လာလိုက်ရတော့သည်။ အိပ်ခန်းတံခါးကိုလည်း တမင် အသံမြည်အောင် အားထည့်ပိတ်ခဲ့ရသေးသည်။ ဒါမှ စိတ်တိုသွားသည်ဟု လှိုင်း ထင်မှာ။ မဟုတ်လျှင် ဗြစ်တောက် ဗြစ်တောက်နှင့် ထိုပိတ်မရသော နှုတ်ခမ်းဖျားမှ စကားလုံးမျိုးစုံ ပွင့်ထွက်လာဦးမည်။
မာန် mp3 ကို နားထောင်လိုက်မှ ဗြောင်းဆန်နေသည့် ခံစားချက်အပေါင်း အနည်ထိုင်သွားကာ စိုးလွင်လွင်၏ ချိုပျပျ အသံနှင့် 'စိုးစိတ်တိုးတိတ်လွမ်းချိန်' သီချင်းသည် နားစည်ကို နားဝင်ချိုစွာ လာရောက် ရိုက်ခတ်သည်။ မာန် mp3 ထဲ ထည့်ထားသည့် စိုးလွင်လွင်၏ အပုဒ်များစွာကို နားဆင်ပြီး ဖြစ်သည့်တိုင်အောင် လှိုင်းက အခန်းထဲ ဝင်မလာသေး။ အချိန်ကို လှမ်းကြည့်တော့ ၉ နာရီခွဲနေလေပြီ။
မာန် မစောင့်နိုင်တော့ဘဲ နားကြပ်တပ်ထားလျက်ပင် အခန်းပြင် ထွက်လာလိုက်ရာ ဘုရားခန်းထဲ၌ လှိုင်းကို မတွေ့။ အောက်ထပ်သို့ ဆင်းလာချိန်၌ ဦးမင်းဉာဏ်တို့ အခန်းထဲ၌လည်း လှိုင်း ရှိမနေ။ မာန် ဧည့်ခန်းထဲ သွားရှာမည်အပြု တံခါးပိတ်ထားသည့် မီးဖိုထဲမှ အလင်းရောင်ကို သတိပြုမိသွားသည်။ ထို့ကြောင့် တံခါးကို အသာဟကြည့်လိုက်ရာ တံခါးကို ကျောပေးထားသော လှိုင်းက တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။
"ဘာလုပ်နေတာလဲ။"
ရုတ်တရက်မို့ လန့်သွားရော့ ထင် ... ခန္ဓာကိုယ်သေးသေးလေးမှာ တုန်တက်သွားသည်။ မာန် အနားတိုးကပ်သွားကြည့်ရာ ဆီရောင်သန်းနေသည့် ပုစွန်ထုပ်များက ဒယ်အိုးထဲ၌ အခန့်သား။
"ကိုရိပ် ပုစွန်ထုပ်စားချင်တယ် ပြောလို့ ကျွန်တော် ချက်နေတာဗျ။ မနက်ဖြန်မှ စားမှာမလား ကိုရိပ်။ ကျွန်တော် ချက်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်မယ်နော်။"
မာန်မေးသည်ကို ပြန်ဖြေရင်း ဇွန်းဖြင့် ဟင်းကို အနည်းငယ် ခပ်မြည်းနေသဖြင့် မာန့်မှာ အလန့်တကြား မေးရသေးသည်။
"မင်း ပုစွန်နဲ့ မတည့်ဘူးဆို။"
"ဟုတ် မတည့်ဘူးဗျ။"
"အဲ့တာဆို ဘာလို့ ခပ်စားနေတာလဲ။"
"ဘာမှ မဖြစ်ပါဘူးဗျာ။ ကျွန်တော်က ပုစွန်စားမှ allergy ထတာပါ။ အခုက ဟင်းချက်တာဆိုတော့ ဟင်းအနှစ်ရဲ့ အရသာကို မြည်းကြည့်တဲ့ သဘောပါပဲ ကိုရိပ်ရဲ့။"
"ဘာပဲဖြစ်ဖြစ် .. မင်းက ဘာလို့ ဝင်ချက်နေတာလဲ။ အန်တီဝင်းတစ်ယောက်လုံး ရှိနေတာကို။"
"ကိုရိပ့်အတွက် ကိုရိပ်ကြိုက်တဲ့ အစားအစာကို ကျွန်တော်က ချက်ပေးချင်လို့ပါဗျ။ ကိုရိပ် ဘာမှ စိတ်မပူပါနဲ့ ... ကျွန်တော် ကောင်းကောင်း ချက်တတ်ပါတယ်။ အန်တီဝင်းဆီက သေချာကို သင်ထားတာ။"
မာန်က လှိုင်းကို စိတ်ပူလို့ မချက်ခိုင်းသည်ကို ယခု သူက မချက်တတ်မှာ စိတ်မပူဖို့ရန် မာန့်ကို ပြန်ပြောနေသည်။ အလကား စေတနာနှင့် မတန်သည့် အကောင် ... အဲ့သည်လောက်တောင် လျှာရှည်ပြီး ချက်ချင်သပ ဖြစ်နေလျှင်လည်း ချက်ပလေ့စေတော့။ မာန်လည်း ယူလာသည့် mp3 မှ နားကြပ်ကို နားထဲ တစ်ဖက်သာ ထည့်ကာ သီချင်းနားထောင်နေလိုက်သည်။ မျက်စိရှေ့၌ ဗျာများနေသည့် လှိုင်းသည် မသိလျှင် တကယ့် အိမ်ထောင်ရှင်မတစ်ယောက်ကဲ့သို့ သွက်လက်နေသည်။
ဟင်းချက်နေသည့် ကျောပြင်ကို ကြည့်ကာ သီချင်း နားထောင်နေရင်း မာန့်နားထဲ သံစဉ်တစ်ခုကို ကြားနေရသည်။ မာန် နားကြပ်ကို နားထဲမှ ခဏ ဖြုတ်ကြည့်လိုက်ရာ အသံလာရာသည် လှိုင်းသံစဉ်ဆီမှ။ သံစဉ်ကိုသာ လိုက်ငြီးနေပြီး စာသားကင်းမဲ့နေသည်မို့ လှိုင်း သီချင်းဆိုနေသည်ဟုတော့ ခေါင်းစဉ် တပ်၍မရ။ သံစဉ်ကို လိုက်နားထောင်ကြည့်ရာ မာန်နှင့် မရင်းနှီးသည့် သံစဉ် ဖြစ်နေသည် ... ဘာသီချင်းပါလိမ့်။
"လှိုင်း"
"ဗျာ ကိုရိပ်။"
ခေါင်းလေး တစ်ချက် ငဲ့စောင်းကာ ပြန်ထူးသည်။
"မင်းဆိုနေတာ ဘာသီချင်းလဲ။"
"ဩ ဝိုင်ဝိုင်းနဲ့ မျိုးကြီးရဲ့ လမင်းနဲ့ ပင်လယ်။"
"ငါ့ကို ဆိုပြ။"
"ဟာ ကိုရိပ်ကလည်း ..ကျွန်တော်မှ သီချင်းမဆိုတတ်တာ။"
"မရဘူးကွာ။ ဆိုပြ ..ငါ နားထောင်ချင်လို့။"
"အဲ့တာဆိုလည်း ကျွန်တော့် mp3 သွားယူပေးမယ်လေဗျာ။ အဲ့ထဲက နားထောင်လိုက်နော် ကိုရိပ်။"
"မရဘူး မရဘူး။ ငါ မင်းဆိုတာပဲ နားထောင်ချင်တာ။"
"ဒါမဲ့ ..."
"မွေးနေ့ရှင်ကို မင်းက စိတ်ညစ်အောင် လုပ်နေတာလား။ ဆိုပြပါဆို လှိုင်းကလည်း ..ဆိုပြ။ မင်းဆိုတာ နားထောင်ချင်လို့ ..ဆိုပြပါဆိုနေ။"
မိန်းကလေးများ ချွဲသည့် အသံမျိုးဖြင့် ဂျီတိုက်နေသည့် မာန့်ကြောင့် လှိုင်းမှာ မလိုက်လျောဘဲ မနေနိုင်တော့ချေ။
ပင်လယ်ဟာ ကိုယ်ပါ ... အမှောင်တွေလာရင် ... ရင်ခုန်စွာနဲ့ ..မျှော်လင့်မိတယ် ... လမင်းခြေသံ ... ဖြတ်လျှောက်သွားချိန် ... ရင်ခွင်အလယ်မှာ ... လှိုင်းထန်သွားတယ် ...
ပင်လယ်လိုဆူညံ ... ကိုယ်ခေါ်နေပါတယ် ... ဒါပေမဲ့လည်း ... သူမကြားဘူးကွယ် ... ပုံရိပ်ယောင်တွေ ... ထားရစ်ခဲ့တယ် ... ရှောင်ဖယ်ကာရယ် ... ပျောက်ကွယ်ပြီကွယ် .....
ငွေရောင်လမင်းလေး ... ဝေးကွာနေလည်း ... မင်းရဲ့အလှအပဟာ ရူးစေတယ် ... အကြင်နာတွေဟာ ... ဒီလှိုင်းများလို ... အော်မြည်ကာရယ် ... အပြေးလာနေတယ် .....
ငွေရောင်လမင်းလေး ... ဝေးကွာနေလည်း ... မင်းရဲ့အလှအပဟာ ရူးစေတယ် ... ကိုယ်မျှော်နေပါတယ် ... လမင်းလေးရယ် ... ထာဝရငိုသံ ... အသည်းကွဲသီချင်းသည် ... ပင်လယ် ...
တီးလုံးမဲ့နေသော စိမ်းသက်သက် သီချင်းစာသားများသည် မာန်၏ နှလုံးသည်းပွတ်ထိတိုင်အောင် ညင်သာစွာ တစ်လှည့် ၊ ပြင်းရှစွာ တစ်ဖုံ သွေးကြောများမှတစ်ဆင့် စီးဆင်းလာသည်။ လှိုင်း၏ အသံသည် တိုးညှင်းနေသော်လည်း ဆိတ်ငြိမ်နေသည့် မီးဖိုခန်းထဲ ချိုလွင်လွင် ထွက်ပေါ်နေသည်။ မာန့်ကို ကျောခိုင်းရင်း ဆိုနေသည်မှာ လှိုင်းသံစဉ်ဟု မထင်ရက်စရာ ကောင်းလောက်အောင် လှိုင်း၏ အသံနှင့် သီချင်းစာသားမှာ တစ်သားတည်း အံဝင်ခွင်ကျ ဖြစ်နေသည်။ လှိုင်း သီချင်းဆိုသည်ကို မာန် တစ်ခါမှ မကြားခဲ့ဖူးပေမဲ့ ယခုလောက် ကောင်းလိမ့်မည်ဟု မထင်မိခဲ့ရိုး အမှန်ပင်။
"တစ်ပုဒ်လုံးတော့ မဆိုပြတော့ဘူးနော် ကိုရိပ်။"
လှိုင်းက သီချင်းကို တစ်ဝက်သာ ဆိုကာ ရပ်လိုက်ပြီးနောက် မာန့်ကို လှမ်းမေးလိုက်ရာ တိတ်ဆိတ်နေသည်။ နောက်လှည့်ကြည့်လိုက်သောအခါ နားကြပ်ကြိုးကို ကိုင်ရင်း ကြမ်းပြင်ကိုသာ ငေးစိုက်ကြည့်နေသည့် မာန်သည် မလှုပ်မယှက်။
"ကိုရိပ်"
ခေါ်သံကြားမှ သတိပြန်ဝင်လာဟန်ဖြင့် ခေါင်းငိုက်စိုက်ထားရာမှ မော့ကြည့်လိုက်ရာ ခါးကိုင်းလျက် သူ့ကို ကြည့်နေသည့် လှိုင်း၏ မျက်နှာနှင့် စင်တီမီတာ အနည်းငယ်မျှသာ ကွာဝေးတော့သည်။
"လန့်လိုက်တာကွာ။ ဘာလုပ်နေတာလဲ။"
"ဘာမှ မလုပ်ပါဘူး ကိုရိပ်ရဲ့။ ကျွန်တော် ကိုရိပ့်ကို ပြောနေတာ မကြားလို့လေ။"
"ဘာလဲ"
"သီချင်းက တစ်ပုဒ်လုံး မဆိုပြတော့ဘူးနော် လို့ ပြောတာ။ ကျွန်တော် ကောင်းကောင်း မဆိုတတ်လို့ဗျ။"
"အင်း"
မာန်က 'အင်း' တစ်လုံးတည်းဆိုကာသူ၏ အတွေးကို ဆက်လက် နယ်ချဲ့နေသဖြင့် လှိုင်းလည်း ဘာမှ မပြောတော့ဘဲ ဟင်းချက်ခြင်းအမှုကို ဆက်လုပ်လိုက်တော့သည်။ ပုစွန်ဟင်းက အနံ့သင်းလာပြီမို့ လှိုင်းပင် သွားရည်ယိုလာရသည်။ သည်လောက် အနံ့သင်းနေလျှင်တော့ စားလို့ ကောင်းမှာ အသေအချာပင်။ ပုစွန်ဟင်း ရယ်ဒီဖြစ်သွား၍ လှိုင်းလည်း ပလတ်စတစ်ဘူးထဲ ထည့်ကာ ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး မာန့်ဆီ အကြည့်ပြန်ရောက်တော့ မွေးနေ့ရှင်မှာ တွေကာ မှိုင်ကာ ထိုင်နေဆဲ။
"မွေးနေ့ရှင်လေး ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား။"
ခါးကို အနည်းငယ် ကိုင်းလျက် ခုံပေါ် ထိုင်နေသည့် မာန့်၏ နဖူးကို လက်ဖြင့် စမ်းကြည့်လိုက်ရာ ကိုယ်ပူနေခြင်းလည်း မရှိပါ။
"မင်း ... သီချင်း ဘယ်သူ့ကို ဆိုပြဖူးလဲ။"
"ဗျာ"
"သီချင်းလေ သီချင်း။ အရင်က ဘယ်သူ့ကို ဆိုပြဖူးလဲလို့။"
"ဟင့်အင်း မဆိုပြဖူးပါဘူး ... ကိုရိပ်က ပထမဆုံးပဲ။ တကယ်တော့ ..တခြားသူရှေ့ မပြောနဲ့ ၊ ကျွန်တော် တစ်ယောက်တည်း ရှိတဲ့အချိန်တောင် သီချင်း မဆိုဖူးဘူးဗျ။"
"တကယ်ပြောနေတာလား။"
"တကယ်ပေါ့ ကိုရိပ်ရဲ့။ ကျွန်တော်က ကိုရိပ်ကို ဘာလို့ ညာရမှာလဲ။"
"နောက်ဆိုလည်း ငါ့တစ်ယောက်တည်းကိုပဲ သီချင်းဆိုပြ။"
"ကျွန်တော်မှ သေချာ မဆိုတတ်တာ ကိုရိပ်ရယ်။"
"မရဘူး မရဘူး။ ငါ့ကို မင်း သီချင်း အမြဲ ဆိုပြရမယ်။ ဒါပဲနော် ..အထွန့်တက်ဖို့ မကြံနဲ့။"
မာန့်ကို ကြည့်ရင်း လှိုင်း စိတ်လိုလက်ရ ပြုံးလိုက်မိသည်။ ထိုအခါ ထိုအပြုံးမျက်နှာကို မာန် ငေးကြည့်နေမိပြန်သည်။
"မနက်မှ ပုစွန်ဟင်းနဲ့ ထမင်းစားတော့နော် ကိုရိပ်။ လာ အခန်းထဲ ပြန်မယ်။"
ကမ်းပေးလာသည့် လှိုင်း၏ လက်ကို မာန် ဆွဲကာ မတ်တပ်ထရပ်လိုက်ပြီး လှိုင်းနောက်မှ အသာတကြည် လိုက်လာလိုက်သည်။ နူးညံ့မှု မရှိသည့် လက်၏ အထိအတွေ့ကို မာန် နှစ်သက်သည်။
"အိပ်တော့မယ်။"
"အစောကြီး ရှိသေးတယ်လေဗျာ။"
"အိပ်ချင်နေပြီ။ မင်း ဒီနေ့ ငါနဲ့ လာအိပ်။"
"ဗျာ"
"ငြင်းဖို့ မကြိုးစားနဲ့နော် လှိုင်းသံစဉ်။"
"မငြင်းပါဘူး ..ကိုရိပ်သဘောပါဗျာ။ အဲ့တာဆိုရင်တော့ ကျွန်တော် ရေချိုးလိုက်ဦးမယ်။ ဟင်းနံ့တွေ စွဲနေလို့။"
"မြန်မြန်ချိုး။ ငါ စောင့်နေမယ်။"
"ဟုတ်။ ခြင်ထောင် ထောင်ပေးခဲ့မယ်နော် ကိုရိပ်။"
မာန့်ကို ခြင်ထောင် ထောင်ပေးပြီး လှိုင်းလည်း ရေချိုးခန်းထဲ ဝင်လာလိုက်သည်။ မာန့်ရှေ့ သီချင်းဆိုပြလိုက်ရသည်မှာ ပထမဆုံးအကြိမ်မို့ ရင်ခုန်သည့်အပြင် မာန့်၏ စကားများကြောင့် ရင်ထဲ၌ တစ်လောကလုံးရှိ ပန်းများ ပွင့်လန်းဝေဆာနေသည် ထင်မှတ်ရလောက်အောင် ကြည်နူးသွားရသည်။ သူသည်လည်း မာန်မှ လွဲ၍ မည်သူ့ကိုမှ သီချင်းမဆိုပြလိုပါ။ အထူးသဖြင့် 'လမင်းနဲ့ ပင်လယ်' ဆိုသည့် သီချင်းကို မာန် မဟုတ်သည့် မည်သူ့ကိုမှ လှိုင်း မဆိုပြလို။
မာန်ရိပ်မော်သည် မိုးကောင်းကင်ထက်ရှိ လမင်းဖြစ်ပြီး လှိုင်းသံစဉ်မှာမူ မြေပြင်၌ တည်နေသည့် ပင်လယ်တစ်ခုသာ။ လမင်း၏ အရိပ်သည် ပင်လယ်မျက်နှာပြင်၌ ထင်ဟပ်နေ၍သာ နီးကပ်သည် ထင်ရသော်လည်း တကယ့်လက်တွေ့၌ ဝေးကွာလွန်းသည်ထက် ဘယ်တော့မှ မနီးစပ်နိုင်သည့် အကွာအဝေးတစ်ခု၌ သီးသန့် တည်ရှိနေကြသည်။ လမင်းနှင့် ပင်လယ်လို မာန်ရိပ်မော်နှင့် လှိုင်းသံစဉ်သည်လည်း နီးစပ်သည် ထင်ရပေမဲ့ မိုးနှင့် မြေနည်းတူ ကွာဟနေသည့် လူနှစ်ယောက်မှန်း လှိုင်း သိပါသည်။ သို့ပေမဲ့ သူသည် ရေမျက်နှာပြင်ပေါ်ရှိ လမင်း၏ ပုံရိပ်ယောင်ကိုသာ ရာသက်ပန် ထွေးပွေ့လိုသည့် မုန်တိုင်းထန်သော ပင်လယ်တစ်ခု။
"အား ... လှိုင်းသံစဉ် ... လှိုင်း ... မြန်မြန်လာခဲ့ .. လှိုင်း ..."
မာန့်၏ အော်သံသည် နားထဲ သံရည်ပူလောင်းထည့်လိုက်သည့်နှယ် ပူလောင်စွာ စီးဝင်လာသည်။ ရေချိုးပြီး ရေလဲပုဆိုးသာ ဝတ်ရသေးသည့် လှိုင်းသည် အင်္ကျီပင် မဝတ်နိုင်တော့ဘဲ ရေချိုးခန်းထဲမှ အမြန် ပြေးထွက်လာရသည်။ ရေချိုးခန်းပြင် ရောက်သည်နှင့် သူ့နောက်သို့ ပြေးလာကာ ကျောပေါ် အတင်းဖက်တက်လာသည့် မာန့်ကြောင့် လှိုင်း ခါးကိုင်းသွားရသည်။ ပြုတ်ကျမည်စိုး၍ အားကုန် ကုန်းပိုးထားသော်လည်း မာန်၏ ခန္ဓာကိုယ်ကို လှိုင်း မနိုင်သောကြောင့် လက်များမှ အကြောများ ထိုးထောင်နေသည်။
"ဘာဖြစ်တာလဲကိုရိပ်။"
"အိမ် ... အိမ်မြှောင်ကြီး"
အိမ်မြှောင်တွေ့သည်ကို သရဲ ဘီလူးတွေ့လိုက်ရသည့်နှယ် အော်ဟစ်နေသောကြောင့် လှိုင်း မျက်ဖြူပင် စိုက်ချင်သွားသည်။ ဘယ်လို သတ္တိခဲလေးပါလိမ့်။
"ဘယ်မှာလဲဗျ။"
"ခြင်ထောင်ထဲမှာ။"
"ဟမ်"
"သွား .. သွားဖမ်းပေး။ ငါ ကြောက်တယ်ကွ။ မြန်မြန်သွား။"
"အိမ်မြှောင်က ဘာကြောက်စရာ ရှိလို့လဲ ကိုရိပ်ရဲ့။"
"လျှာမရှည်နဲ့။ မြန်မြန်သွားဖမ်းပေး။ ငါ ကြောက်တယ်လို့ ပုတက်ရ။"
"ဟုတ်ပါပြီဗျာ ..ဖမ်းပေးမယ်။ ကိုရိပ် အရင်ဆင်း။ ကျွန်တော် ဒီမှာ သေတော့မယ်ဗျ။"
လှိုင်းက ပြောမှ မာန်က သူ လှိုင်းပေါ် ဖက်တက်ထားမိမှန်း သတိပြုမိသွားဟန် ရှိသည်။
"လေးလိုက်တာ ကိုရိပ်ရယ်။"
ခါးဆန့်ရင်း ပြောလိုက်သည့် လှိုင်း၏ စကားအဆုံး ကျောနှင့် မာန်၏ လက်ဝါး မိတ်ဆက်ခံလိုက်ရသည်။ မာန်ရိပ်မော်သည် လူကြည့်တော့ ဖြူဖပ်ဖြူရော်လေးနှင့် ဆိုပေမဲ့ မထင်မှတ်ထားလောက်သည်အထိ လက်သံပြောင်သည်။
"မြန်မြန်သွားဖမ်းလို့။"
အတင်း အနောက်က တွန်းနေသဖြင့် လှိုင်းလည်း အိမ်မြှောင်ဖမ်းသည့် စစ်ဆင်ရေးကို ဆောင်ရွက်လိုက်ရသည်။ ဘောပင်ဝယ်စဉ်က ဘောပင်ထည့်သည့် ပလတ်စတစ်ဘူးရှည်ကို ယူကာ လှိုင်း ခြင်ထောင်ထဲ ဝင်လာလိုက်သည်။ ခြင်ထောင်ခေါင်းရင်း၌ ငြိမ်နေသည့် အိမ်မြှောင်သည် လှိုင်းကို ပြူးကြည့်နေလေသည်။ လှိုင်း မာန့်ကို တစ်ချက် လှမ်းကြည့်တော့ ဇာခြည်ထောင်နှင့် ခပ်လှမ်းလှမ်း၌ ရပ်နေသည့် မာန်သည် ဇင်ယော်တောင် မျက်ခုံးတန်းနှစ်ခုကို စုစည်းထားပြီး ခြင်ထောင်ထဲသို့ လှမ်းအကဲခတ်နေသည်။
မာန် ကြောက်နေသည့် ပုံစံကို ကြည့်ရင်း လှိုင်း တစ်ချက် ပြုံးလိုက်မိသည်။ လှိုင်း ယူလာသည့် ဘူးကို အိမ်မြှောင်အနား ယူသွားပြီး အိမ်မြှောင်အား ဘူးဝ၌ တေ့ပေးလိုက်ရာ သူ့အလိုလို ဘူးထဲ ဝင်လာသည်။ လက်ထဲ ပါလာသည့် ဘူးအဖုံးနှင့် အလုံပိတ်ခြင်း မဟုတ်ဘဲ ဖုံးရုံသာ ဖုံးပြီး ခြင်ထောင်အပြင် ပြန်ထွက်လာလိုက်သည်။
"ဒီမှာ ကိုရိပ်။"
"သွားစမ်းပါ။ ငါ့လာပြမနေနဲ့။ မြန်မြန်လွှတ်ပေးလိုက်။"
"ဟုတ်ကဲ့ပါဗျာ"
မာန်၏ ပုံစံကို ကြည့်ရင်း လှိုင်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ လှိုင်းအခန်းပြင်ထွက်ကာ နံရံထောင့်တစ်နေရာ၌ ဘူးအဖုံးကို ဖွင့်ကာ ဆလင်ဒါပုံ ဘူးကို နည်းနည်း လှုပ်ပေးလိုက်ရာ အလိုက်တသိနှင့် အိမ်မြှောင်က ထွက်သွားသည်။ လှိုင်း အခန်းထဲ ပြန်ဝင်လာသည့်အချိန်၌ မာန်က ခြင်ထောင်ထဲ မဝင်သေးဘဲ အခန်းမီးများကို အကုန်ဖွင့်ထားကာ ခြင်ထောင်ထဲ သေချာ စူးစမ်းကြည့်နေသည်။
"ဘာမှ မရှိတော့ပါဘူး ကိုရိပ်ရဲ့။ ဝင်လို့ ရပါပြီ။"
လှိုင်း၏ အသံကြားတော့ မာန်က နဂါးမျက်စောင်းကို စေလွှတ်ကာ လှိုင်း၏ အပြုံးပန်းကို ပွင့်လန်းစေသည်။
"ဘာပြုံးတာလဲ ပုတက်အစုတ်ပလုတ်။ မင်း အသုံးမကျလို့ အဲ့ကောင် အထဲဝင်နေတာ။"
"ဟောဗျာ။ ကျွန်တော်နဲ့ ဘာဆိုင်လဲ။"
"မသိဘူး။ ဆိုင်တယ်။ မင်း ခြင်ထောင် သေချာ မထောင်လို့ အထဲဝင်နေတာပေါ့။"
နှုတ်ခမ်းကို ဆူထားကာ ခြင်ထောင်ထဲ ကျုံ့ကျုံ့ကလေး ဝင်ထိုင်နေသည့် ပုံစံက ကောက်ပွေ့ချီချင်စိတ် ဖြစ်ပေါ်စေသည်အထိ လှိုင်းရင်ထဲ အသည်းယားလာသည်။ သို့သော် သူ မာန့်ကို မနိုင်သဖြင့် ကောက်ပွေ့ချီဖို့ ဆိုသည်မှာ မဖြစ်နိုင်သည်မို့ အသည်းယားသည်ကို အသည်းယားသည့်အတိုင်း မှတ်ယူလိုက်ရသည်။ လှိုင်း မီးတွေ ပြန်ပိတ်ကာ အနွေးထည် ဝတ်ပြီးသည်နှင့် ခေါင်းအုံးဆွဲလျက် ခြင်ထောင်ထဲ ဝင်လာသည်။
လှိုင်း အိပ်ရာထဲ ဝင်ထိုင်လိုက်သည်နှင့် မာန်က ခုတင်ထက် လှဲချလိုက်ကာ လှိုင်းဘက် မျက်နှာမူပြီး -
"ငါ့ကို သီချင်းဆိုပြ။"
"ဗျာ"
"သီချင်းဆိုပြလို့။ ငယ်ငယ်တုန်းက လူကြီးတွေ သားချော့တေး ဆိုသလိုမျိုး မင်းက သီချင်းဆိုပြ။ ငါက အိပ်မယ်။"
"ခါတိုင်းလည်း ဒီတိုင်း အိပ်နေကျကို ကိုရိပ်ရယ်။ နောက်ပြီး ကျွန်တော်မှ သားချော့တေးမရတာ။"
"မင်းကိုတော့ သားချော့တေး ဆိုခိုင်းမလား ပုတက်ရ။ ထူးအိမ်သင် သီချင်း ဆိုပြ။"
"ဘာသီချင်းလဲ ကိုရိပ်။"
ထူးအိမ်သင်၏ သီချင်းများကို လှိုင်း သိပ်နားမထောင်ဖြစ်။ မာန်ကသာ ထူးအိမ်သင် ၊ စိုးလွင်လွင် ၊ ခင်မောင်တိုး စသည့် အဆိုတော်ကြီးများ၏ သီချင်းတွေကို နားထောင်တတ်သော်လည်း လှိုင်းကမူ Iron Cross ကို တမ်းတမ်းစွဲ ဖြစ်သည်။ Iron Cross အဖွဲ့ဝင်များထဲတွင်တောင် လှိုင်း၏ mp3 ထဲတွင် မျိုးကြီး ၊ အာဇာနည်နှင့် ဝိုင်ဝိုင်း၏ သီချင်းများသာ အများဆုံး ရှိသည်။ ကျန်သည့်အဖွဲ့ဝင်များ၏ သီချင်းများမှာမူ အနည်းအကျဉ်းမျှသာ။
"ခေါင်းလောင်းလေးတွေ မြည်နေပြီ။"
မာန် ပြောလာသည့် သီချင်းတော့ လှိုင်း ရသည်။ ခံစားချက်နှင့် မတိုက်ဆိုင်သော်လည်း မာန်က ထိုသီချင်းကို အထပ်ထပ်အခါခါ နားထောင်ကာ အားတိုင်း ဆိုငြီးနေသည်ဖြစ်၍ လှိုင်း၏ mp3 ထဲ၌ ထိုသီချင်းကို ထည့်ထားခဲ့သည်။
"ဆိုပြမယ်။ ကိုရိပ်က မျက်လုံးလေးတွေ မှိတ်ပြီး နားထောင်နော်။ အိပ်ပျော်အောင်လည်း အိပ်နော် ကိုရိပ်။"
"အင်း"
ခေါင်းလောင်းလေးတွေ မြည်နေပြီ ..ငှက်ကလေးတွေလည်း တေးဆိုပြီ ..နာရီစင်က သုံးချက်တီးသံမြည် .... နှင်းတွေလည်း ကျနေပြီ ..ဒီဆောင်းမြောက်လေမြူးသည် ..အခုတော့ သိပြီ သူ့ကို ကိုယ်ချစ်သည် ...
လှိုင်း ဆိုသည့် ပုံစံမှာ ထူးအိမ်သင် ဆိုသည်နှင့် ကွဲပြားစွာ ပို၍ နှေးနေသောကြောင့် အိပ်ချင်စိတ်ကို ပိုဖြစ်ပေါ်စေသည်။ မာန်က လှိုင်းဘက်သို့ မျက်နှာမူလျက် မျက်လုံးများကို မှိတ်ထားပြီး လှိုင်းကမူ လှဲနေသည့် မာန့်ကို မျက်နှာမူကာ ထိုင်နေရင်း လက်မှာလည်း မာန့်၏ လက်မောင်းကို ခပ်ဖွဖွ စည်းချက်မှန်မှန် ပုတ်ပေးနေသည်။ သီချင်းဆုံးသွားချိန်၌ မာန်က အိပ်ပျော်သွားဟန် ရှိသော်လည်း လှိုင်းမှာ သီချင်းဆိုသည်ကို မရပ်ဘဲ ဝိုင်ဝိုင်း၏ 'မင်းအချစ်ကြောင့်' သီချင်းကို ခပ်တိုးတိုး ဆက်ဆိုနေမိသည်။
သီချင်းစာသားများကို ဆိုရင်း မာန့်၏ မျက်နှာကို ငေးကြည့်နေသည့် လှိုင်း၏ အမြင်အာရုံများ ဝေဝါးလာသည် ... လှိုင်း မုန်းသည့် မျက်ရည်များက မျက်လုံးအိမ်ထဲ နေရာဝင်ယူနေပြန်သည်။ သီချင်းစာသားများအတိုင်း မျက်စိရှေ့ရှိ အေးချမ်းစွာ အိပ်စက်နေသည့် မာန်မရှိလျှင် သူ့ဘဝသည်လည်း အေးချမ်းမှု မရှိနိုင်။ မာန့်ကြောင့် ၊ မာန်နှင့် စပ်လျဉ်းသည့် မာန့်မိသားစုကြောင့်သာ သူသည် လှောင်အိမ်ထဲမှ လွတ်မြောက်လာသည့် ငှက်တစ်ကောင်အဖြစ် လွတ်လပ်စွာ ရှင်သန်ခွင့် ရခဲ့သည်။ လှိုင်းအတွက် မာန်ရိပ်မော်သည် မရှိမဖြစ် လိုအပ်သည့် ဖြစ်တည်မှုတစ်ခုပင်။
လှိုင်းသံစဉ်အတွက်တော့ မာန်သည် ဘဝနှင့် ရင်းကာ စောင့်ရှောက်လိုသည့် အဖိုးဖြတ်မရသော တော်ဝင်သဇင်လို ပန်းမျိုးဖြစ်သည်။ သို့ပေမဲ့ မာန့်အတွက်မူ ... လှိုင်းသံစဉ်သည် သခင်အပေါ် သစ္စာစောင့်သိသော ငယ်ကျွန်တစ်ယောက်အဆင့်လောက်သာ ရှိမည် ထင်သည်။ ထိုသို့ တွေးလိုက်မိချိန်၌ မျက်လုံးအိမ်မှ မျက်ရည်တစ်စက်သည် လှိုင်း၏ ပါးထက်သို့ မလှမပ သက်ဆင်းလေတော့သည်။
~ 12/7/2023 (1:52 p.m.) ~
{ ဝိုင်ဝိုင်း+မျိုးကြီး - လမင်းနဲ့ပင်လယ် (#video crd) }
{ ထူးအိမ်သင် - ခေါင်းလောင်းလေးတွေ မြည်နေပြီ (#video crd) }
{ ဝိုင်ဝိုင်း - မင်းအချစ်ကြောင့် (#video crd) }