Chapter 11 - ငါတို့ရဲ့ခံစားချက်တွေကို မညစ်ညမ်းစေနဲ့!
*******
မီးပိတ်ပြီးနောက် အိပ်ဆောင်မှာအလွန်တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ထို့ကြောင့် အဘယ်ပင်သေးငယ်လှသည့်အသံမဆို လူတို့၏နားများဆီသို့ ချဲ့ကားလျက်ရောက်ရှိလာပေသည်။
ပြတင်းပေါက်အပြင်ရှိ လေတိုးသံကိုပင်ကြားနေရကာ ခေါင်းဘေးရှိ ခေါင်းအုံးဆီမှအသံကိုတော့ ပြောမနေနဲ့တော့။
ဒါပေမဲ့ လုရွှမ်းကရှင်းရှင်းလင်းလင်းမကြားလိုက်သလိုပင်။ : "...မင်းဘာပြောလိုက်တာ?"
ထို့နောက်ယဲ့ယောင် စကားလုံးတွေကိုလေသံအေးလေးဖြင့် ပြန်ပြောလိုက်သည်။ "ငါပြောတာက အဲ့လိုမျိုးအပြန်အလှန်ကူညီတာကြီး ငါမကြိုက်ဘူးလို့။ အရမ်းထူးဆန်းတယ်။ ငါတို့မလုပ်သင့်ဘူး။ အရင်ကအတိုင်း ပုံမှန်ပဲဆက်ဆံကြရအောင်"
ယဲ့ယောင်ရဲ့အတွေးတွေက အလွန်ပဲရိုးရှင်းတယ်။
သူ့ခံစားချက်အစစ်အမှန်တွေကို ဖော်ပြမိမှာကနေ သူ့ကိုယ်သူထိန်းချုပ်ဖို့လိုအပ်တယ်။ ဒါပေမဲ့ ထိုအချိန်တွေတုန်းက ဘာကိုမှတွေးတောခြင်းမရှိပဲ မကြာခဏပြုမူခဲ့ပြီး သူ့လုပ်ရပ်တွေမှာလည်း ခဏခဏထိန်းချုပ်မှုလွတ်နေခဲ့သည်။
တကယ်လို့ တစ်နေ့မှာ စိတ်လှုပ်ရှားမှုတွေပြင်းထန်နေတဲ့အခိုက်အတန့်၌ လုရွှမ်းကသူ့ကို လွှတ်ထုတ်ဖို့ကူညီပေးနေစဥ် ရုတ်တရတ်စိတ်ဆန္ဒတွေဖြစ်ပေါ်လာပြီး အဆုံးတွင် လုရွှမ်းအားသူနမ်းလိုက်မည်ဆိုပါက ဘာဖြစ်သွားမလဲ?
ထိုအမှားကိုရှောင်ရှားဖို့အတွက် သူ့ရဲ့စိတ်ဆန္ဒတို့ဖြစ်ပေါ်လာရာ ရင်းမြစ်ကိုရိုးရိုးရှင်းရှင်း ဖြတ်တောက်လိုက်တာက အကောင်းဆုံးနည်းလမ်းပင်။
အစကတည်းကအဆင်ပြေနေတဲ့ တစ်ယောက်ကိုတစ်ယောက် လွှတ်ထုတ်ဖို့ကူညီတာကို ယခုတွင်လျှော့ချလိုက်ဖို့ပဲလိုအပ်သည်။ အဆုံး၌သူမျှော်မှန်းထားသလို မထိန်းချုပ်နိုင်တော့သည့်နေ့သို့ရောက်ရှိလာလျှင် တစ်ခြားနည်းလမ်းပေါင်းစုံသုံး၍ လုရွှမ်းနဲ့အဝေးမှာနေဖို့လိုပေလိမ့်မည်။
လုရွှမ်းက ဘာမှမပြောလာခဲ့ပေ၊ ယဲ့ယောင်သူ့ကိုတံတောင်နဲ့ ဖြည်းညင်းစွာထိုးလိုက်သည်။ "ငါဘာပြောလိုက်လဲ မင်းကြားရဲ့လား?"
ယဲ့ယောင်ထံမှတွန်းထိုးခံရပြီးနောက် လုရွှမ်း အိမ်မက်မှနိုးထလာသလို၊ အဲ့ဒီနောက်သူက ယဲ့ယောင်၏ခါးကို တင်းကြပ်စွာဖက်တွယ်လိုက်သည်။
"မင်းအဲ့ဒါကိုမကြိုက်တာက... ငါမင်းကိုသက်တောင့်သက်သာမရှိအောင် လုပ်မိတာကြောင့်လား?" လုရွှမ်းရဲ့အသံက ဖိနှိပ်ချုပ်ထိန်းထားရကာ အရင်ကထက်ပိုမိုမြန်ဆန်စွာ ဖွင့်အံထုတ်လာရင်းသူ၏ပူပန်ကြောင့်ကြမှုတွေကို ဖော်ထုတ်လာသည်။ "အနာဂတ်မှာ ငါ့စကေးတွေကိုမြှင့်ပါ့မယ်။ ပြီးတော့ဒါက တစ်ခြားလူကိုလွှတ်ထုတ်ဖို့ ကူညီပေးဖူးတာငါ့အတွက် ပထမဆုံးအကြိမ်လေ၊ တိုးတက်ဖို့အတွက်မင်းငါ့ကို အချိန်တော့ပေးရမယ်မလား?"
ယဲ့ယောင် : "အဲ့ဒါ အဓိကအချက်မဟုတ်...?"
ယဲ့ယောင်စကားပြောနေချိန် လုရွှမ်းကကြားဖြတ်ပြောတယ်ဆိုတာ ရှားပါးလွန်းတယ်၊ သို့ပေမဲ့ ဒီနေ့တွင်တော့ လုရွှမ်းသူ့ကိုကြားဖြတ်လိုက်ကာ ဆက်၍ဖျောင်းဖျလိုက်တယ်။ "ဒါမှမဟုတ် ငါ့ကိုကူညီရတာပင်ပန်းလို့လား? အဲ့ဒါဆိုနောက်တစ်ခါကြ ပေါ့ပေါ့ပါးပါးအထိအတွေ့လေးတွေပဲ မင်းလုပ်ပေးလို့ရပါတယ်။ အဲ့လိုဆိုမင်းကိုထိခိုက်စေမှာမဟုတ်ဘူး"
"..." လုရွှမ်းရဲ့ အဓိကအချက်ပေါ်အာရုံစိုက်နိုင်စွမ်းမရှိခြင်းကြောင့် ယဲ့ယောင်မှာပြောစရာစကားမဲ့သွားရကာ ထပ်လောင်းပြောဆိုရုံသာတတ်နိုင်တော့သည်။ "အဲ့ဒါကပြဿနာမဟုတ်ဘူးကွာ။ မင်းရှာကြည့်လိုက် ဒါမှမဟုတ်လည်း လိုက်မေးကြည့်လိုက်။ လူတော်တော်များများက ဒီလိုကိုယ်ရေးကိုယ်တာကိစ္စတွေကို သူတို့အတွက်တခြားသူတွေလုပ်ပေးတာကို လက်မခံနိုင်ကြဘူး၊ ငါလည်းအဲ့လိုလုပ်တာကိုမကြိုက်ဘူး"
"မင်းတကယ်မကြိုက်ဘူးလား?" လုရွှမ်းကရုတ်တရတ် အမေးဆိုလေတယ်။
လုရွှမ်းရဲ့ဝမ်းတွင်းအသိက တစ်ခါတလေကျအတော်လေးထက်မြတ်လွန်းတယ်၊ ယဲ့ယောင်က အကြောင်းအရာကိုအေးအေးဆေးဆေးပဲ ရှောင်ရှားလိုက်တယ်။ "ဒီလိုလျှို့ဝှက်အစိတ်အပိုင်းတွေနဲ့ပတ်သတ်ပြီးငါသေချာတွေးနေတာ၊ အဲ့လိုလုပ်တာကငါ့အိမ်ထောင်ဖက်နဲ့မှအကောင်းဆုံးပဲလေ၊ မဟုတ်ရင်မသင့်တော်ဘူး ပြီးတော့အဲ့ဒါကလည်းမင်းအတွက်ပြောတာ။ ငါ့ကိုရှေးရိုးစွဲတဲ့သူလို့ ပြောချင်လည်းပြောပေါ့"
"ကောင်းပြီ၊ ဒါဆိုဒီလောက်ပဲ" ယဲ့ယောင်ကလုရွှမ်းနဲ့ ဒီကိစ္စရဲ့ဖြစ်နိုင်ချေကို ဆွေးနွေးရန်လာခဲ့ခြင်းမဟုတ် ထို့သူ့ကိုအသိပေးဖို့ရာသာဖြစ်သည်။ စကားအဆုံးသတ်ပြီးနောက် လုရွှမ်းရဲ့လက်မောင်းကို ယဲ့ယောင်သက်တောင့်သက်သာရှိစွာပုတ်လိုက်သည်။ "အိပ်တော့၊ အများကြီးလျှောက်တွေးမနေနဲ့၊ ဂွတ်နိုက်"
အခန်းက တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားခဲ့သည်။ ဒီလိုအနွေးဓာတ်မရှိတဲ့ ဆောင်းဦးရာသီတွင် လူတိုင်းကဂွမ်းကပ်စောင်အထူကြီးတွေနဲ့ သူ့တို့ကိုယ်သူတို့ ရစ်ပတ်လွှမ်းခြုံထားကြတယ်။ တစ်ယောက်အိပ်ကုတင်ပေါ်၌ လူနှစ်ယောက်လဲလျောင်းနေကြပြီး ဂွမ်းကပ်စောင်အောက်တွင် တိုးဝှေ့ပူးကပ်နေကြကာ နွေရာသီ၌ရခဲလှသော သက်တောင့်သက်သာရှိမှုနှင့် ငိုက်မြည်းမှုကို အလွယ်တကူခံစားနိုင်လေသည်။
တစ်ခါလောက်အနားယူလိုက်တာနဲ့ အိပ်ပျော်သွားဖို့က လွယ်ကူလွန်းပေကာ ယဲ့ယောင်ကလည်းခြွင်းချက်မရှိပါချေ။ သူ့ရဲ့နှဖူးက လုရွှမ်းရဲ့ပုခုံးပေါ်၌ထောက်မှီနေကာ သူ၏ဝင်လေထွက်လေတွေမှာလည်း ဖြည်းဖြည်းချင်းစည်းချက်ညီလာလေ၏။
ယဲ့ယောင် အိပ်ပျော်သွားလေပြီ။
အိပ်မပျော်နိုင်တာကတော့ လုရွှမ်းသာ!
မကြာသေးခင်က ပထမဆုံးအကြိမ်ခံစားခဲ့ရသော ပျော်ရွှင်မှုလေးမှာ ရက်ရက်စက်စက်စုတ်ပြဲသွားလေပြီ။
သူ့ရဲ့ပျော်ရွှင်မှုလေးက ကွယ်ပျောက်သွားချေပြီ။
သေချာပေါက် ယုတ္တိရှိရှိပြောရရင် သူလွှတ်ထုတ်ဖို့ တစ်ခြားတစ်ယောက်ရဲ့အကူညီကိုယူပြီး ဒီပျော်ရွှင်မှုကိုဆက်ပျော်မွေ့လို့ရတာပေါ့။
လုရွှမ်း တစ်ခဏမျှစိတ်ကူးကြည့်လိုက်တယ်၊ အဲ့ဒီနောက်သူ့မျက်နှာမှာ ဒေါသနှင့်အတူညိုမဲလာလေသည်။
တစ်ခြားယောက်ျားတွေ သူ့'ဂျူနီယာ'လေးကို ထိတွေ့နေတယ်လို့တွေးကြည့်ရုံနဲ့တင် ရွံဖို့ကောင်းပြီးအော်ဂလီဆန်လာ၏။
အကောင်းဆုံးသူငယ်ချင်းတွေဖြစ်လာပြီးနောက် ယဲ့ယောင်တစ်ယောက်တည်းကသာ သူ့ကိုမသက်မသာ မဖြစ်စေတာပင်။
ယဲ့ယောင်ကသာလျှင် သူ့ကို အချင်းချင်းကူညီလွှတ်ထုတ်ပေးခြင်းရဲ့ပျော်ရွှင်မှုကိုခံစားစေနိုင်သည်။
လုရွှမ်း အနည်းငယ်ရွေ့၍ သူ့လက်မောင်းတွေထဲရှိလူကို ပို၍တင်းကြပ်နေအောင်ဖတ်ထားလိုက်ပြီး တစ်ချိန်တည်းမှာပင် ယဲ့ယောင်ရဲ့လည်ပင်းကြားထဲ သူ့ခေါင်းကိုနစ်မြှုပ်လိုက်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူမြင်ကွင်းကောင်းလေးကို မြင်ဖူးပြီးပြီ၊ အဘယ်သို့ နောက်ဆုတ်ဖို့ ဆန္ဒရှိပါတော့မည်နည်း?
အိမ်ထောင်ဖက်? အိုး သူမလုပ်နိုင်တဲ့အရာကို အဲ့အိမ်ထောင်ဖက်ကလုပ်နိုင်တယ်လား? ဒါကဘယ်လို လောဂျစ်ကြီးလဲ?
ယဲ့ယောင်နဲ့ပတ်သတ်သော ကိစ္စများနှင့်ရင်ဆိုင်ရသည့်အခါ လုရွှမ်းရဲ့ဝမ်းတွင်းအသိက အလွန်ပင်စူးရှကာသည်းသည်းလှုပ်ဖြစ်၏။
လုရွှမ်း နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှူကာ ယဲ့ယောင်ရဲ့ရနံ့လေးကို သူ့နှလုံးသားထဲသို့ရှိုက်သွင်းလိုက်သည်။
သူခံစားရတယ်... ယဲ့ယောင်က သူ့ထံမှရှောင်ဖယ်ကာ ဆုတ်ခွာနေတယ်လို့။
ယဲ့ယောင်က သူနဲ့ဆက်ဆံရေးကို တိုးတက်မလာစေချင်ဘူးပဲ။
နောက်ရက်အနည်းငယ်အကြာတွင် လုရွှမ်းတစ်ယောက် Dတွေအလုံးလိုက်ဝင်နေခဲ့တော့၏။
ထိုစိတ်ဓာတ်ကျမှုက ယဲ့ယောင်အရှေ့တွင်တော့ မဖော်ပြပေမယ့် လုရွှမ်းတစ်ယောက်တည်းရှိနေချိန်တွင်တော့ သိသိသာသာပင်ဖြစ်ကာ လုရွှမ်းရဲ့အတန်းဖော်တွေကို သူ့အနားလာမထိုင်ရဲအောင်ပင် ကြောက်လန့်စေသည်။
အဲ့ဒီနေ့က လုရွှမ်း၌ ညနေခင်းအတန်းရှိ၍ ယဲ့ယောင်မှာလည်း လုပ်စရာအိမ်စာတွေရှိတာကြောင့် နှစ်ယောက်သားကိုယ့်ကိစ္စကိုယ်လုပ်ကြရန် လမ်းခွဲလိုက်ကြသည်။
(T/N: ဟိုလိုလမ်းခွဲတာမဟုတ်ဘူးနော်။ အဆောင်ကိုအတူတူပြန်မလာကြဘူးပြောတာပါ။)
စာသင်ချိန်နှစ်ချိန်ပြီး၍ ကျောင်းဆင်းပြီးနောက်အိမ်ပြန်လမ်းပေါ်၌ လုရွှမ်း ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိလေသည်။
သူ့အမေထံမှ ဖုန်းခေါ်ဆိုမှုပင်။
လုရွှမ်း မျက်မှောင်ကြုတ်၍ လူသူဝေးရာနေရာသို့သွားကာ ဖုန်းကိုင်လိုက်သည်။
နှုတ်ဆက်စကား အနည်းငယ်လောက်ပြောပြီးနောက် လုရွှမ်းရဲ့အမေက သူမရဲ့ရည်ရွယ်ချက်ကို ရှင်းပြလာသည်။ "လုရွှမ်း ငါကြားတာ... ဟိုတစ်နေ့ကရှောင်ယဲ့ ကောင်မလေးတစ်ယောက်နဲ့ သွားတွေ့တာကို သူတို့စကားကောင်းကောင်းတောင် မပြောရသေးဘူး မင်းကလိုက်သွားပြီးအဲ့ကောင်မလေးကို မောင်းထုတ်လိုက်တယ်ဆို?"
လုရွှမ်းမျက်ခုံးတွေ ပင့်မြှောက်လိုက်ပြီး မထီမဲ့မြင်ပြုကာပြုံးလျက် "အဲ့ဒါကိုဘယ်သူပြောတာလဲ?"
"အဲ့ဒါအမှန်လားဆိုတာပဲ ငါ့ကိုပြောစမ်းပါ?" လုရွှမ်းရဲ့အမေက ဒေါသထွက်စွာအမေးဆိုသည်။
"ဟုယ်တယ်၊ အဲ့တော့ဘာဖြစ်လဲ? ဘွဲ့မရသေးခင် ဒိတ်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ သူပြောပြီးသား" လုရွှမ်းက ပြန်ဖြေသည်။
ဒီအဖြေက အရမ်းကိုတရားနည်းလမ်းကျသောကြောင့် မားမားလုမှာ ခဏလောက်ပြောစရာမဲ့သွားလေ၏။ သူမကခဏရပ်ပြီး ဆက်ပြောလာတယ်။ "အဲ့လိုလုပ်တာ ရိုင်းတယ်လို့မင်းမထင်ဘူးလား?"
"ကျွန်တော်က လူကြီးလူကောင်းမဟုတ်ဘူး။ ပြီးတော့မားကျွန်တော့်ကို တွေ့တာပထမဆုံးနေ့လည်း မဟုတ်ဘူး။ ကျွန်တော်တို့တစ်ယောက်နဲ့ တစ်ယောက်သိလာတာအနှစ်၂၀တောင် ရှိနေပြီမဟုတ်ဘူးလား?" လုရွှမ်းကပြုံးလိုက်တယ်၊ အဲ့ဒီနောက်သူ့အပြုံးကို ပြန်ချုပ်တည်းလိုက်ပြီး "အဲ့အတွက်စိတ်မပူနဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က သူတစ်ခြားမိန်းကလေးတွေနဲ့ ထွက်တွေ့ပြီးချိန်းတွေ့နေတာကို ရပ်ကြည့်နေမှာမဟုတ်ဘူး"
မားမားလုမှာ ထပ်ပြီးအကြာကြီးတိတ်ဆိတ်သွားပြန်သည်။ "မင်းရှောင်ယဲ့ကိုသဘောကျနေတာလား၊ ရှောင်ယဲ့နဲ့ဒိတ်ချင်နေတာမလား? မားကိုအမှန်တိုင်းပြော၊ မားမင်းကို အပြစ်မတင်ဘူး"
လုရွှမ်း ချက်ခြင်းပင် မျက်မှောင်ကြုတ်သွားကာ : "မားဆိုရင်တောင် ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ညစ်ညမ်းအောင်လုပ်လို့မရဘူး"
ယဲ့ယောင်အတွက် သူ့ခံစားချက်တွေက ဘယ်လိုလုပ် အဲ့လောက်ပေါ့တန်နေရမှာလဲ?
မားမားလု : "..."
သူမ ဘယ်လိုအထူးအဆန်းကောင်ကို မွေးခဲ့ရတာလဲ?
"လုရွှမ်း သူတော်စင်တွေမှာလည်း ဒေါသဆိုတာရှိတယ်နော်" လုမားမားက သက်ပြင်းချလိုက်ကာ "သူငယ်ချင်းတွေကြားမှာ ကန့်သတ်စည်းတော့ရှိရမယ်လေ။ မင်းအရမ်းချုပ်ကိုင်လွန်းရင် တစ်နေ့ကျရှောင်ယဲ့က မင်းနဲ့မကစားချင်တော့ပဲနေလိမ့်မယ်"
လုရွှမ်း ဘာစကားမှမဆိုလာ။
"မင်းဒီအကြံကို နားမထောင်ချင်လောက်ဘူးဆိုပေမဲ့ မင်းတွေးကြည့်မယ်လို့တော့ ငါမျှော်လင့်တယ်။ သူငယ်ချင်းတောင်ပြန်ဖြစ်လို့မရတော့ပဲ အဲ့အစားရန်သူတွေဖြစ်လာရမယ့်အဆင့်ထိ မင်းတို့နှစ်ယောက်မရောက်စေနဲ့" လုရွှမ်းအမေကပြောသည်။
လုရွှမ်း ခေါင်းမော့ကာ သူ့ခေါင်းပေါ်ရှိ လိမ္မော်ရောင်တောက်နေသော လမ်းမီးတိုင်ကိုကြည့်လိုက်တယ်။ အဝါရောင်အလင်းတန်းများက သူ့မျက်နှာပေါ်ဖြာကျနေပေမဲ့ သူ့ရဲ့ချောမောသည့်အသွင်အပြင်ကိုတော့ အနွေးဓာတ်မပေးနိုင်ချေ။
ယဲ့ယောင်ရဲ့ငြင်းဆန်မှုတွေ၊ ခပ်ခွာခွာနေခြင်းတွေသည် သူအရမ်းလွှမ်းမိုးချုပ်ကိုင်လွန်းတာကြောင့်များ ယဲ့ယောင်ကိုမပျော်မရွှင်ဖြစ်စေတာလား?
လုရွှမ်း ခံစားချက်မရှိစွာ နှုတ်ခမ်းတွေကိုတွန့်ကွေးလိုက်တယ်။ "မားမှန်တယ်။ ကျွန်တော့်ကို... သူမုန်းသွားအောင်မလုပ်နိုင်ဘူး"
အိပ်ဆောင်ကို လုရွှမ်းပြန်မသွားခဲ့ဘူး။ သူအလွန့်အလွန်ပျင်းရိနေကာ စိတ်ခံစားချက်မကောင်းနေချိန် ယဲ့ယောင်နဲ့လည်းမျက်နှာချင်းမဆိုင်ချင်တာကြောင့် အေးအေးလူလူ လမ်းပတ်လျှောက်နေခဲ့သည်။
သူအခုချိန် ပြန်လာမှာမဟုတ်ကြောင်း ယဲ့ယောင်ကိုစာပို့လိုက်ပြီး၍ လုရွှမ်းမှာကျောင်းပြင်ပ၌ ခြေဦးတည့်ရာလျှောက်သွားရင်း ယောင်လည်လည်နှင့်လေလွင့်နေ၏။
သူတို့ရဲ့တက္ကသိုလ်က မြို့လယ်ကောင်မှာရှိနေတာမဟုတ်ပေ။ ကျောင်းဂိတ်တံခါးမှထွက်လိုက်တာနဲ့ အပြင်တွင်လူအနည်းငယ်သာရှိပြီး တိတ်ဆိတ်လို့နေသည်။ ခေါင်းငိုက်စိုက်ကျလျက် အေးစက်သောလေတွေကို ခြေလှမ်းကျဲကြီးတွေနဲ့ လုရွှမ်းဖြတ်လျှောက်သွားကာ ရောက်တတ်ရာရာလျှောက်သွားရင်းဖြင့် သူ့ရင်ထဲကမကောင်းတဲ့ ခံစားချက်တွေကို ထွက်ပေါက်ရအောင် ကြိုးစားမိသည်။
ဘယ်လောက်ကြာအောင် လျှောက်လာမိမှန်းတောင် သတိမထားမိ၊ လုရွှမ်းရုတ်တရတ်ရပ်လိုက်ပြီး လှည့်ကြည့်လိုက်တယ်။
သူ့အနောက်သို့ လူတစ်ချို့လိုက်နေခဲ့တယ်။
ထိုလူတွေပုံစံက လူတေလူညစ်တွေနဲ့တူကာ ညရောက်နေတာတောင် နေကာမျက်မှန်တွေတကားကားနဲ့ အဝတ်အစားတွေကလည်း အတော်လေးဖရိုဖရဲနဲ့ပေ။ ဒီလိုအေးနေတဲ့ရာသီဥတုမှာ သူတို့အင်္ကျီလက်တွေကို ဆွဲတင်ထားပြီး လက်မောင်းအတွင်းဘက်က တက်တူးတွေကိုဖော်ပြထားသည်။
"သေစမ်း နောက်ဆုံးတော့ ငါတို့ညီအစ်ကိုတွေကို မင်းသတိထားမိပြီပေါ့?"
"ဒီလိုပုံစံကြီးပြင်းလာတာဆိုတော့ မင်းကသေချာပေါက် မွဲနေတဲ့ပုံတော့မပေါက်ဘူးပဲ။ ဟမ်? ငါတို့သုံးဖို့ ပိုက်ဆံနည်းနည်းလောက်ချေးစမ်းပါလား?"
"မင်းမှာပိုက်ဆံမရှိဘူးလို့တော့ မလိမ်နဲ့နော်။ မင်းဖိနပ်တွေက စျေးပေါမှာမဟုတ်ဘူး။ လိမ်လိမ်မာမာနဲ့ ပိုက်ဆံတွေအကုန်လွှဲပေးလိုက်!"
လုရွှမ်း နည်းနည်းရယ်ချင်သွားတယ်။ သူစိတ်ခံစားချက်တွေ မကောင်းနေတဲ့အချိန် လူသားလက်ဝှေ့အိတ်တွေက သူတို့ကိုယ်တိုင် သူ့ဆီရောက်ချလာပေ၏။ ဒါကသူ့ရဲ့ဒေါသတွေကို ဖြေဖျောက်ဖို့ တကယ်ကို့အကောင်းဆုံးသောပစ်မှတ်တစ်ခုပင်။
"ဘယ်အသက်အရွယ်ရောက်နေပြီလဲ? ဘယ်သူကပိုက်ဆံတွေကို သွားလေရာသယ်နေသေးလို့လဲ?" လုရွှမ်းက ပျင်းရိစွာတုံ့ပြန်လိုက်တယ်။
"မင်းမှာငွေသားမရှိရင် ငါတို့ဖုန်းက codeကိုscanဖတ်လိုက်! မင်းကတ်ထဲကရှိသမျှပိုက်ဆံအကုန်လွှဲပေး!" အယုတ်တမာကောင်တစ်ကောင်ကပြောသည်။
လုရွှမ်းကပြုံး၍ သူ့ဖုန်းကိုထုတ်လိုက်သည်။ "ဒါဆို ခင်ဗျားတို့ဖုန်းကိုထုတ်လိုက်၊ ကျွန်တော့်ကို scan ဖတ်ခွင့်ပြု"
"ကောင်းပြီ ငါတို့စကားကောင်းကောင်းပြောလို့ရရင် ငါတို့မင်းကိုမရိုက်ဘူး" လူဆိုးအုပ်စုရဲ့ခေါင်းဆောင်က လုရွှမ်းဆီဖုန်းနဲ့အတူ လျှောက်လာပြီးပြောသည်။ "ဒီ codeကိုမင်းscanဖတ်လိုက်ရုံ — အား!"
လူဆိုးခေါင်းဆောင်မှာ လုရွှမ်းထံမှဗိုက်ကိုဒူးနဲ့အတိုက်ခံလိုက်ရပြီး ချက်ခြင်းပင်နာကျင်မှုကြောင့်အော်ဟစ်ရင်း နောက်တစ်စက္ကန့်တွင် ပုခုံးမှကိုင်ကာမြေပေါ်သို့ ပစ်ပေါက်ခံလိုက်ရတော့၏။
အခြေအနေမဟန်ကြောင်းမြင်တော့ ကျန်နေတဲ့လူမိုက်နှစ်ယောက်က တိုက်ခိုက်ဖို့ပြေးသွားချင်သော်လည်း မတိုက်ခိုက်နိုင်ပဲ သူတို့ထွက်ပြေးရင်တောင် အနိုင်မရနိုင်တော့ချေ။ အဆုံးတွင်တော့ အကုန်လုံး ပရမ်းပတာအခြေအနေဖြင့် မြေပေါ်သို့ရိုက်ချခံလိုက်ရပြီး ကျယ်လောင်အော်ဟစ်စွာညည်းညူရင်းဖြင့် အဆုံးသတ်သွားတော့သည်။
သူတို့ထဲမှတစ်ယောက်၏ အနောက်ဆီသို့လုရွှမ်းလှမ်းလျှောက်သွားကာ စိတ်ခံစားချက်တွေလည်းပိုကောင်းလာသည်။ မြေပေါ်လဲကျနေတဲ့လူတွေကိုကြည့်ရင်း ရုတ်တရတ်သူအတွေးတစ်ခုဝင်လာသည်။
သူသည် ယဲ့ယောင်၏ဘဝကို အလွန်အမင်းကန့်သတ်ချုပ်ချယ်လို့မရ၊ မဟုတ်ပါက ယဲ့ယောင်မှာအလွယ်တကူ ရွံမုန်းသွားပေလိမ့်မည်။ ဒါပေမဲ့တကယ်လို့ အခြားတစ်ဖက်မှာ တစ်ယောက်တည်းတစ်ခြားသူတွေနဲ့ထွက်တွေ့ပြီးဒိတ်မည့်အစား သူ့နောက်ကိုပဲယဲ့ယောင်လိုက်လာစေမယ့် နည်းလမ်းကိုသူရှာတွေ့သွားခဲ့မယ်ဆိုရင်ရော?
ဥပမာ... သူဒဏ်ရာရပြီး တစ်ယောက်တည်းလမ်းမလျှောက်နိုင်ပဲ ဂရုစိုက်ပေးဖို့တစ်စုံတစ်ယောက်ကို လိုအပ်နေတယ်ဆိုရင်?
စိတ်လှုပ်ရှားပျော်ရွှင်မှုက သွေးရူးသွေးတန်းပေါ်ပေါက်လာပြီး လုရွှမ်းရဲ့ လက်ချောင်းထိပ်လေးတွေတောင် လှုပ်ခါသွားခဲ့တယ်။ သူ့အဝတ်တွေကို ဖရိုဖရဲဖြစ်အောင်လုပ်လိုက်ပြီး ပရမ်းပတာအခြေအနေအား ဓာတ်ပုံရိုက်ရန် အဆင်ပြေသောထောင့်နေရာအားရှာလိုက်ကာ ကလစ်နှိပ်ပြီးယဲ့ယောင်ထံပို့လိုက်သည်။
ချက်ခြင်းပင် ယဲ့ယောင်ကသူ့အား ဖုန်းခေါ်လာတယ်။
"အွန်း ငါအလုခံရလို့... သူတို့ကငါ့ကို သူဌေးနဲ့တူတယ်လို့ပြောပြီး ငါ့ဆီကပိုက်ဆံတွေကို လုချင်နေကြတယ်" လုရွှမ်း အသက်ကိုနှစ်ချက်လောက်ရှိုက်သွင်းလိုက်ပြီး သူ့အသံကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပုံရကာ "ငါလေ့ကျင့်ခန်းမလုပ်တာကြာနေပြီလေ အဲ့တော့ညဘက်လေး လမ်းပတ်လျှောက်ရင်ကောင်းမလားတွေးလိုက်တာ။ မထင်ထားခဲ့ဘူး..."
ဖုန်းတစ်ဖက်မှ ယဲ့ယောင်ရဲ့စိုးရိမ်ပူပန်မှုတွေက လုရွှမ်း၏နှလုံးသားထဲသို့ စေးကပ်ချိုမြသောပျားရည်တစ်အိုးလုံး စီးဆင်းလာသလိုပင် သူ့အားမြေပြင်ပေါ်လဲနေကြသော အရူးငအတွေကတောင် သူ့မျက်လုံးထဲနှစ်လိုဖွယ်ကောင်းနေစေသည်။
ယဲ့ယောင်ကသူ့ကိုစိတ်ပူနေတယ်၊ ထိုအရာလောက် ကောင်းတဲ့အရာဆိုတာရှိသေးရဲ့လား?
လုရွှမ်း လေသံလေးနဲ့ပြောလိုက်တယ်။ "ဒီမှာအဲ့လူတွေကအများကြီးပဲ၊ ငါနိုင်ခဲ့ပေမဲ့ ဒဏ်ရာတော့ရထားတယ်။ ငါ့ခြေထောက်ကအရမ်းနာတာပဲ၊ မင်းငါ့ကိုလာခေါ်ပေးလို့ရမလား?"
ယဲ့ယောင်က တုံ့ဆိုင်းခြင်းမရှိပဲပြန်ဖြေလာတာကြားတော့ လုရွှမ်းရဲ့မျက်လုံးထဲ ကျေနပ်အားရခြင်းတို့ ပြည့်နှက်သွားလေ၏။
"ကောင်းပြီ၊ ငါမင်းကို တည်နေရာပို့လိုက်မယ်"
ဖုန်းခေါ်ဆိုမှုပြီးနောက် မြေကြီးပေါ်၌လဲနေသည့် ကြောင်အနေသောလူတွေကို လုရွှမ်းကြည့်လိုက်တယ်။ သူ့မျက်နှာအမူအရာကချက်ခြင်းပင် ပြောင်းလဲသွားကာ အေးစက်စွာပြောလိုက်တယ်။ "ဘာတွေလာကြည့်နေတာလဲ? ထွက်သွားကြ ဒါမှမဟုတ် ထပ်အရိုက်ခံဖို့စောင့်နေတာလား?"
"ငါတို့သွားမှာပါ၊ သွားမှာပါ၊ အခုသွားပြီ!"
မျက်စေ့စပါးမွေးစူးစရာလူတွေ ပျောက်သွားတော့ လုရွှမ်း သစ်ပင်တစ်ပင်ဆီဖြည်းညင်းစွာလျှောက်သွားလိုက်တယ်။
ယဲ့ယောင်မရောက်လာခင် သူ့ကိုယဲ့ယောင်သင့်တင့်သလိုဂရုမစိုက်ခင် သူ့ခန္ဓာကိုယ်တစ်နေရာရာ၌ ဒဏ်ရာရဖို့လိုသည်။
ဒါပေမဲ့ သူ့ကိုဂရုစိုက်ရင်း ယဲ့ယောင်ပင်ပန်းလာမှာလည်းစိုးတာကြောင့် အရမ်းကြီးတော့ဒဏ်ရာရဖို့မဖြစ်သင့်ဘူး။
ဒီအနေအထားကို ကောင်းကောင်းဆုပ်ကိုင်ထားရမယ်။
အဲ့ဒီနောက် သူ့ရဲ့နာကျင်မှုဝေဒနာတွေကို ပွင့်ပွင့်လင်းလင်းဖွင့်ထုတ်ရောင်းချပြီး ယဲ့ယောင်အားနေ့တိုင်းတွယ်ကပ်နိုင်ကာ သူနဲ့ယဲ့ယောင်ရဲ့ ဆက်ဆံရေးအခြေအနေအား ဆက်လက်၍ပိုကောင်းလာစေနိုင်ပေမည်။
×××××××
Thanks for Reading
1/7/2023