一个钢镚儿(A lucky coin)
အပိုင်း၁၀၄
ချူးယိ၏ အရက်ခံနိုင်ရည်က မကောင်းပေ။သို့သော်လည်း ယမ့်ဟန်၏ အရက်ခံနိုင်ရည်က တော်တော်လေး မဆိုးမှန်း သူသိသည်ပင်။သို့ဖြစ်ရာ ယမ့်ဟန်ပင် မပါ၀င်ရဲသည့် ၊ ဦးလေးယမ့်နှင့် ချွေးယိ၏ အရက်သောက်ပွဲအတွက် ၊ သူ စိတ်ကိုကြိုတင်ပြင်ဆင်ထားမိသည်။
သို့သော်လည်း နှစ်ယောက်စလုံး ဒီလောက်ကြီး သောက်နိုင်ကြလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ယမ့်ဟန်၀ယ်လာခဲ့သည့် ထိုအရက်များအားလုံး ကုန်သွားပြီး ၊ သူတို့နှစ်ယောက်က ဘလက်ခ်ကော်ဖီအေးကို ဆက်သောက်နေကြသေးသည်။
နောက်ဆုံး နှစ်ယောက်စလုံး ဆိုဖာပေါ်တွင် ခေါင်းချင်းဆိုင်၍ အိပ်ပျော်သွားသည့် အချိန်၌ ၊ ညသန်းခေါင်ကျော်၍ သုံးနာရိီပင် ထိုးနေလေပြီ။
စားပွဲပေါ် ၊ ကြမ်းပြင်ပေါ် ရှုပ်ပွနေသည်များကို ကြည့်၍ ၊ နှစ်ရှည်အလုပ်သမားစိတ် ရှိနေသည့် ချူးယိမှာ အိပ်ချင်လွန်း၍ နည်းနည်းမှ မလှုပ်ချင်တော့ပေ။
"ဂရုမစိုက်တော့နဲ့"
ယမ့်ဟန်က ပြတင်းပေါက်ပေါ် ထိုင်၍ နံရံကို မှီထားကာ ၊ ခြေထောက်ကို အရှေ့အနောက် လွှဲယမ်းနေသည်။
"မနက်ဖြန်ကျမှ ထပ်ပြီး ရှင်းလိုက်တော့"
".....ရှင်း,ရှင်းလိုက်မယ်"
ချူးယိက ခဏလောက် တုံ့ဆိုင်းနေပြမှ မတ်တပ်ထရပ်လိုက်ပြီး
"မတော်လို့ ညသန်းခေါင်ကြီး တစ်,တစ်ယောက်ယောက်က သန့်စင်ခန်း၀င်,ဖို့ ထလာရင် ချော်,ချော်လဲနေလိမ့်မယ်"
"မင်းကတော့ တကယ်ပဲ"
ယမ့်ဟန်က ရယ်လိုက်ပြီး ၊ ပြတင်းပေါက်ပေါ်ကနေ ခုန်ချလာလိုက်သည်။
"အင်းပါ ၊ ငါ မင်းကို ကူပေးမယ်"
"ဘယ်,ဘယ်လိုလုပ် ငါ့ကို ကူတယ် ဖြစ်ရတာလဲ"
ချူးယိက ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်ပြီး
"ဒါက ငါ့အ,လုပ်ဆိုပြီး သတ်,မှတ်ထားတာလည်း မဟုတ်,ဘူး"
"ငါ မင်းနဲ့ အတူတူ ရှင်းပေးမယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"မှန်သွားပြီ မဟုတ်လား?"
"အင်း"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
ယမ့်ဟန်၏ ထို အတူတူ ဆိုသည်က ၊ ခြေလှမ်းနှစ်လှမ်းလောက်သာ အတူတူ လိုက်လာပေးခြင်းသာ ဖြစ်သည်။ချူးယိက ပန်းကပ်တစ်ထပ်ကြီးကို သိမ်းဆည်းလိုက်ချိန်တွင် ၊ ယမ့်ဟန်က ထိုပန်းကန်များအပေါ်တွင် ဇွန်းတစ်ချောင်း တင်ပေးလာသည်။ချူးယိက ပန်းကန်လုံး အထပ်လိုက်ကို မယူလိုက်သည့် အချိန်၌ ၊ ယမ့်ဟန်က ထိုပန်းကန်လုံးများအပေါ် ခွက်တစ်လုံး တင်ပေးလာသည်။
ထိုအရာများအားလုံး သိမ်းဆည်းပြီး၍ ၊ ကြမ်း စတိုက်သည့် အချိန်တွင် ၊ ယမ့်ဟန်က ပြတင်းပေါက်ပေါ် ပြန်သွားထိုင်နေသည်။"အတူတူ"ဆိုသည့် လုပ်ဆောင်မှုက အဆုံးသတ်သွားပြီဟု ယူဆ၍ ရသည်ပင်။
ချူးယိမှာ ကြမ်းတိုက်နေရင်း ယမ့်ဟန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ :
"မင်း အရင်က........"
"အရင်က ငါ့အဖေနဲ့ အလှည့်ကျ ရှင်းတယ် ၊ အရင်ဆုံး ပစ်ထားပြီး ၊ အားမှ ထပ်ရှင်းတာ"
ယမ့်ဟန်က ချူးယိ၏ စကားကို ဖြတ်၍ ၊ အရမ်းကို အဆင်ချောစွာ ပြန်ဖြေလိုက်သည်။
"ဒါဆို နောက်ပိုင်းကျတော့......"
ချူးယိက ထပ်ပြောလိုက်သည်။သို့သော်လည်း ထပ်ပြီး ဖြတ်ပြောခံလိုက်ရပြန်သည်။
"နောက်ပိုင်းကျတော့ ငါတစ်ယောက်တည်း ဒီမှာ ဘယ်လိုမှ ချက်မစားဖြစ်ဘူး ၊ တစ်ခါတစ်လေ စက္ကူပန်းကန် ၊ စက္ကူပန်းကန်ပြားတွေသုံးပြီး စားပြီးတာနဲ့ တန်းပစ်လိုက်တာပဲ"
ယမ့်ဟန်က ပြောလိုက်သည်။
"အဲ့ဒါရဲ့ နောက်ပိုင်းကျတော့ မင်း ရှိလာပြီလေ"
".......သြော"
ချူးယိမှာ ခေါင်းညိတ်ပြလိုက်မိသည်။
အမှန်တော့ ဂရုစိုက်မည့်သူ မရှိလျှင် ၊ ယမ့်ဟန်က သူ့ဘာသာ ရှင်းလင်းသည်ပင်။အရမ်း အသန့်ကြိုက်သူ ဖြစ်သည်။သို့သော်လည်း သူ ရှိလာသည့် အချ်ိန်၌ ၊ ယမ့်ဟန်က သေချာပေါက်ကို အပျင်းတစ်ကာ ရှောင်ဖယ်နေမည်ပင်။
ဘ၀က အရမ်းကို ခက်ခဲလှသည်။
ငယ်ငယ်ကတည်းက အိမ်တွင် ရှိသမျှ အိမ်အလုပ်ကို လုပ်ခဲ့ရပြီး ၊ အရွယ်ရောက်လာတော့ တစ်ဖက်က အလုပ်သွားလုပ်ရင်း ၊ တစ်ဖက်က အိမ်အလုပ်ကို လုပ်နေရသေးသည်။
အလုပ်မလုပ်တော့သည့် သူက ပြတင်းပေါက်ပေါ်တွင် ဆေးလိပ်သောက်ရင်း ညရှု့ခင်းကို ကြည့်နေသည်။
.........ပျော်စရာကောင်းနေတာပဲ။
မူးသွားကြသည့် လူနှစ်ယောက်မှာ ဒုတိယမြောက် နေ့၌ နေ့လည်အထိ အိပ်ပျော်နေကြသည်။သူတို့နှစ်ယောက်ကို ထမင်းစားဖို့ ထတော့ဟု နှိုးရမလား ၊ ဒါမှမဟုတ် ဂရုမစိုက်ပဲ ပစ်ထားလိုက်ရမလားဟု ယမ့်ဟန် တုံ့ဆိုင်းနေမိစဥ်မှာပင် ၊ ချွေးယိက အိပ်ရာ ထလာခဲ့သည်။
"ဦးလေး ရုံးခန်းဆီ သွားတော့မယ်"
ချွေးယိက ရေချိုးခန်းထဲ ၀င်၍ မျက်နှာသစ်လိုက်သည်။
"တစ်ကိုယ်လုံး အရက်နံ့တွေနဲ့ ရုံးခန်းသွားမလို့?"
ယမ့်ဟန်မှာ ကြောင်အသွားမိသည်။
"အခန်းပြန်ပြီး ရေချိုး ၊ ခေါင်းလျှော် ၊ သွားတိုက် ၊ အင်္ကျီလဲ ၊ ပြီးမှ ရုံးခန်းဆီ သွားမှာ"
ချွေးယိက ပြောလာသည်။
"သိပါပြီ"
ယမ့်ဟန်မှာ ရယ်လိုက်မိသည်။
"မင်းအဖေက ညနေအထိ အိပ်ပျော်နေလောက်တယ်"
ချွေးယိက ဧည့်ခန်းဘက် တစ်ချက် လှမ်းကြည့်လိုက်ပြီး
"မင် သူ့ကို ဂရုစိုက်မနေနဲ့ ၊ ကိုယ့်ဘာသာ စားနှင့်တော့"
"ဦးလေးအတွက် တစ်ခုခု လုပ်ပေးရဦးမလား?"
ယမ့်ဟန်က မေးလိုက်သည်။
"မလိုပါဘူး"
ချွေးယိက ပြောလာသည်။
"ခဏနေမှ လက်ထောက်ကို ဦးလေးအတွက် ပါဆယ်၀ယ်ခိုင်းလိုက်ရင် ရတယ်"
"ဦးလေးမှာ လက်ထောက်ရှိတယ်လား?"
ယမ့်ဟန်က ပြောလိုက်သည်။
"ဦးလေး လုပ်နေတာ ဘယ်နှစ်နှစ်တောင် ရှိနေပြိီလဲ ၊ လက်ထောက်တစ်ယောက်လောက် ရှိတာက အရမ်း အံ့သြစရာ ကောင်းနေလို့လား?"
ချွေးယိက ယမ့်ဟန်ကို ကြည့်လိုက်သည်။
"မဟုတ်ပါဘူး ၊ ကျွန်တော် မမြင်ဖူးလို့လေ"
ယမ့်ဟန်က ရယ်လိုက်ပြီး
"ကျွန်တော့်အဖေက ဦးလေးလက်ထောက် သွားလုပ်မယ်ဆိုပြီး ပြောနေသေးတာ"
"အဲ့လိုဆို အတိုင်ခံရလို့ တစ်ခါတည်း အလုပ်ပြုတ်သွားနိုင်တယ်"
ချွေးယိက လက်ကို ဝှေ့ယမ်းလိုက်ပြီး
"ဦးလေး သွားပြီ ၊ နောက်တစ်ခါ ထမင်းစားရင် ဦးလေးကို မခေါ်နဲ့တော့ ၊ မတောင့်ခံနိုင်ဘူး"
"အင်း"
ယမ့်ဟန်က ရယ်၍ ခေါင်းညိတ်ပြလိုက်သည်။
အဖေ့၏ အသားကျနိုင်စွမ်းက အရမ်းကို ကောင်းလွန်းလှသည်။သားကို ခေါ်ပြီး နေရာအနှံ့ လျှောက်သွားခဲ့ချိန်မှ စကာ ၊ တစ်ယောက်တည်း နေရာအနှံ့တွင် ပုန်းခို၍ လူသတ်သမားကို လိုက်ဖမ်းပြီး ၊ အချုပ်ခန်းထဲ နေခဲ့ရပြန်ကာ ၊ နောက်ဆုံးမှာတော့ သာမန်ဆန်ဆန် အလုပ်လက်မဲ့ သက်လတ်ပိုင်း အမျိုးသားဘ၀ ပြန်ရောက်လာခဲ့သည်။ဒီတစ်လျှောက်လုံး ပြောင်းလဲခဲ့မှုများက သူ့အတွက် ဘာသက်ရောက်မှုမှ မရှိခဲ့ပေ။
ယမ့်ဟန် အလုပ်သစ်အတွက် စဥ်းစားနေသည့် ဒီအချိန်အတောအတွင်းတွင် ၊ အဖေက ချွေးယိ၏ အိမ်၌ တစ်လျှောက်လုံး နေနေခဲ့ပြီး ၊ တစ်ခါတစ်လေဆိုလျှင် သူ့ဆိီလာပြီး စကား ခဏလောက် ပြောဆိုတတ်သည်။အချိန်အများစုတွင်တော့ အပြင်၌ လှည့်ပတ်သွားလာနေတတ်သည်။
စိတ်အခြေအနေ မတူတော့ချိန်တွင် ၊ မြင်တွေ့နေရသည့် လောကကြီးကလည်း မတူတော့တာကြောင့် ၊ အသစ်တစ်ခေါက် ပြန်ကြည့်ရမည်ဟု ပြောသည်။
ဒီလို သက်လတ်ပိုင်း မြေခွေးအိုကြီးက ငြိမ်ငြိမ်လေး နေနိုင်မှာ မဟုတ်မှန်း ယမ့်ဟန်မှာ ကြိုပြီး ခံစားမိနေသည်။
ထင်ထားသည့် အတိုင်းပင်။သိပ်မကြာသည့် အချိန်၌
အဖေက အပြင်ကို သွားရန် စီစဥ်နေလေပြီ။ဇာတိမြို့ကို ပြန်၍ တစ်ခေါက်လောက် သွားကြည့်ကာ ၊ တစ်ခြား နေရာများကိုလည်း ထပ်သွားမည်ဟု ပြောသည်။
တစ်ခြားနေရာတွေက ဘယ်နေရာတွေလဲဟု ယမ့်ဟန် များများစားစား မမေးမိပေ။သူ့ထံတွင် ဘာကြောက်ရွံ့မှုမှ ရှိမနေတော့ချေ။နည်းနည်း မခွဲနိုင်သလို ခံစားရရုံသာ။
"ပြန်လာရင် မင်းတို့နှစ်ယောက်အတွက် လက်ဆောင် ယူလာခဲ့မယ်"
အဖေက ခရီးဆောင်အိတ်တစ်လုံးကို ယူလာခဲ့ကာ အင်္ကျီများ ထိုးထည့်နေသည်။
"ကလေးကို ချော့နေတာလား အဖေက"
ယမ့်ဟန်က ပြောလိုက်သည်။
အဖေက ရယ်သာရယ်နေပြီး ဘာမှပြန်မပြောပေ။
အဖေက ချွေးယိအိမ်တွင် နေနေသော်လည်း ၊ အင်္ကျီများကိုတော့ သူ့ အိမ်တွင်သာ ထားထားသည်။သိမ်းဆည်းနေသည့် အချိန်၌ အ၀တ်ဘီရိုထဲမှ တစ်ခါတည်း ဆွဲထုတ်ယူလိုက်သည်။အရင်ကအတိုင်း တစ်ပုံစံတည်းပင်။အင်္ကျီများကို တော်တော်လေး ရွေးချယ်ထားသော်လည်း ၊ စုစုပေါင်းမှ ဘယ်နှစ်ထည်မှ မရှိပေ။ခရီးဆောင်အိတ်ထဲ အဆင်ပြေသလ်ို ထိုးထည့်လိုက်တာနှင့် ပြီးသွားခဲ့သည်။
အင်္ကျီများကို ထိုးထည့်ပြီးနောက်တွင် ၊ အဖေက အိတ်ထဲကနေ အင်္ကျီအချို့ ပြန်ထုတ်ယူလိုက်ပြီး ၊ သူ့အား ပေးလာသည်။ :
"အဖေ့ကို ကူပြီး ပြန်ချိတ်ပေး"
ယမ့်ဟန်မှာ အဖေ့ကို တစ်ချက်ကြည့်၍ ရယ်လိုက်မိပြီး ၊ အင်္ကျီကို အ၀တ်ဘီရိုထဲ ပြန်ချိတ်ထားလိုက်သည်။
အဖေက သူ့စ်ိတ်ထဲက အတွေးတွေကို တကယ် နားလည်သည်ပင်။ဒိီလို အင်္ကျီကို အကုန်မယူသွားပဲ ပြန်ချိတ်ထားလိုက်သည့် လုပ်ရပ်မှာ ၊ သူ့အား သက်သေပြနေသည်ဟု ယူဆ၍ ရသည်ပင်။ဘာမှမပြောပဲ ထွက်သွားကာ ၊ အချိန်ဘယ်လောက် ကြာမယ်မှန်း မသိရတာမျိုး ထပ်မလုပ်တော့ပေ။
"အဖေ ခန့်မှန်းခြေ တစ်လလောက်ဆို ပြန်လာမယ်"
အဖေက ပြောလာသည်။
"မင်း အချိန်ရရင် အဖေ့ကို အိမ်ငှားဖို့ သွားပြီး ကူကြည့်ပေးထားဦး ၊ အဖေက အမြဲတမ်း ချွေးယိအိမ်မှာ နေနေလို့ မဖြစ်ဘူးလေ ၊ သူ နေ့တိုင်း ညဘက် သန့်စင်ခန်းသွားရင် အဖေ့ကို သူခိုးလို့ပဲ ထင်နေတာ ၊ အလန့်တကြားနဲ့"
"လောင်ချွေးရဲ့ မှတ်ဥာဏ်က ဒီလောက်တောင် ဆိုးတယ်ပေါ့ ၊ သူ ဘယ်လိုများ ရှေ့နေဖြစ်လာတာလဲ......"
ယမ့်ဟန်မှာ နည်းနည်း အံ့သြသွားမိသည်။
"သူ့ တစ်ဘ၀လုံး အခန်းထဲမှာ တစ်ခြားလူ မရှိခဲ့ဖူးဘူးလေ"
အဖေက ပြောလာသည်။
"အဖေ တစ်နှစ် နှစ်နှစ်လောက်ကြာအောင် မနေရင် သူ အသားမကျလောက်ဘူး"
"အဖေ အခန်းက်ို ဘယ်လို လိုအပ်ချက်မျိုး ရှိလဲ?"
ယမ့်ဟန်က မေးလိုက်သည်။
"မင်း အဖေနဲ့ အခန်းအတူတူ မငှားဖူးဘူးလား?ကျေးဇူးကန်းတဲ့သူ"
အဖေက မေးလာသည်။
"ဘယ်လောက် ကြာသေးလို့လဲ?မမှတ်မိတော့ဘူးပေါ့?"
"ကျွန်တော်သိတယ် ၊ နေလို့ရရင် ရပြီ"
ယမ့်ဟန်က ပြောလိုက်သည်။
"အခုက......မတူတော့ဘူး မဟုတ်ဘူး?"
"ဟုတ်သားပဲ"
အဖေက ကျစ်ခနဲ တစ်ချက်စုတ်သတ်၍ သူ့ကို ကြည့်လာသည်။
"လိုချင်တာက မင်းဦးလေးချွေးရဲ့ အခန်းထက် ပိုကြီး ၊ ပိုအဆင့်မြင့် ၊ သူ့အခန်းထက် ပိုပြီး......"
"နေလို့ရရင် ရပြီဆိုတဲ့သတ်မှတ်ချက်ကိုပဲ သုံးလိုက်ပါ"
ယမ့်ဟန်က အဖေ့အား လက်နှစ်ဖက်ကို ဆုပ်၍ လက်သီးဆုပ်ပုံစံ လုပ်ပြလိုက်သည်။
အဖေ့အတွက် အခန်းငှားပေးရခြင်းက ၊ ချူးယိအဖေအတွက် အခန်းငှားပေးခြင်းထက် အများကြိီး ပိုပြိီး ရိုးရှင်းသည်ပင်။အဖေက ပိုက်ဆံသုံးတာ အကန့်အသတ် မရှိသည့်အပြင် ၊ "အမွေ"တွေလည်း သုံးလို့ မကုန်သေးလို့ပင်။
"ငါ အိမ်ခြံမြေ စီမံ,ခန့်ခွဲတဲ့ဆီ သွားမေးကြည့်လိုက်မယ်လေ"
ချူးယိက ပြောလိုက်။
"ဒီနားမှာ ငှား,နိုင်ရင် အ,ကောင်းဆုံးပဲ"
"အင်း"
ယမ့်ဟန်က ခေါင်းညိတ်ပြလိုက်သည်။
ချူးယိက ကိစ္စများကို စီစဥ်ဆောင်ရွက်သည့် ရလဒ်က အရမ်းကို မြန်လွန်းလှသည်။ပြောပြိီးသည်နှင့် အိမ်ခြံမြေ စီမံခန့်ခွဲပေးသည့် နေရာဆီ တစ်ခါတည်း တန်းသွားခဲ့ကာ ၊ ပြီးနောက်တွင်တော့အိမ်တစ်အိမ်က်ို မေးလိုက်သည်။သူတို့နှင့် အဆောက်အဦး လေးခု မြောက်တွင် ရှိပြီး ၊ အခန်းပုံစံကလည်း သိပ်ပြီး မကွာပေ။ယမ့်ဟန်၏ အိမ်ထက် အခန်းတစ်ခန်း ပိုပါသည်။ချွေးယိ၏ အိမ်လောက်တော့ မကြီးပေ။သို့သော်လည်း ပထမထပ်တွင် ရှိပြီး ၊ တံခါး၀၌ နှစ် စကွဲယားမီတာလောက် ရှိသည့် ခြံတစ်ခုရှိသည်။
"အဲ့အခန်းပဲယူလိုက်"
ယမ့်ဟန်က ဖုန်းထဲကနေ ပြောလာသည်။
"လာမကြည့်တော့ဘူးလား?"
ချူးယိမှာ ကြောင်အသွားမိသည်။
"ဘာကြည့်စရာ ရှိလို့လဲ"
ယမ့်ဟန်က ပြောလိုက်သည်။
"အဆောက်အဦးတွေ အကုန်လုံးက အသစ်တွေချည်းပဲ ၊ ပြီးတော့ ခြံလည်း ပါသေးတယ်"
"အဲ့ဒါကို ခြံ,ခြံလို့ ခေါ်လို့ရတယ်လား....."
ချူးယိက သက်ပြင်းချလိုက်ပြီး
"ငါတို့တိုက်,တိုက်အောက်က ဟိုခြံနဲ့ အတူ,တူပဲဟာ ၊ ငါ့ခြေ,ထောက်လောက်ပဲ အမြင့်ရှိတဲ့ လက်,ရန်းနဲ့ ကာထားတာ ၊ ဖြူကောင်တောင်မှ ခုန်,ထွက်သွားလို့ရတယ်"
"ပေါက်ကရတွေ ပြောနေလိုက်"
ယမ့်ဟန်က ရယ်လိုက်ပြီး
"တိုက်အောက်က ပန်းခြံထဲမှာရှိတဲ့ ဖြူကောင်က ခုန်တာ မင်းမြင်ဖူးလို့လား?"
"ငါ သွားကြည့်လိုက်မယ်"
ချူးယိက ပြောလိုက်သည်။
"မင်းက ဘာမှလည်း အသုံးမ,မ၀င်ဘူး"
"လစ်လိုက်"
ယမ့်ဟန်မှာ ဖုန်းချလိုက်ပြီးနောက်တွင် အတော်ကြာအောင် ရယ်နေမိကာ ၊ ခေါင်းကို ပြတင်းပေါက် အပြင်ဘက်ဆီ ဆန့်ထုတ်၍ တိုက်အောက်ရှိ"ခြံလေး"ကို ကြည့်လိုက်မိသည်။
အမှန်တကယ်ကို ခြံဟု မှတ်ယူ၍ မရပေ။ခြေလှမ်းနှစ်လှမ်းလောက် လှမ်းနိုင်ရုံလောက်သာ ရှိသည်။သို့သော်လည်း ပန်းအိုးများ ထည့်၍ ကြက်သွန်နီ နည်းနည်းပါးပါး စိုက်ပျိုးလို့ရသည်။.........ယမ့်ဟန်၏ အတွေးများမှာ အဝေးကို နည်းနည်း လွင့်မျောသွားမိသည်။
ကား၀ယ်မည့် ရည်မှန်းချက်ပင် မအောင်မြင်သေးဘူး ဆိုသော်လည်း ၊ ဒီလိုအချိန်မျိုး၌ ကိုယ့်အိမ်ကို စဥ်းစားမိနေသည်။
ချူးယိ ပြန်လာသည့် အချိန်၌ အခန်းကို ကြည့်ခဲ့ပြီးပြီ ဖြစ်ကာ ၊ တိုက်ခန်းပိုင်ရှင်နှင့် သဘောတူစာချုပ် ချုပ်ဆိုရန် အချိန် ချိန်းထားပြီးခဲ့လေပြီ။
"အရမ်းကို အကျိုးသက်ရောက်မှု ရှိတာပဲ"
ယမ့်ဟန်မှာ ချူးယိအား လက်မထောင်ပြလိုက်မိသည်။
"ဒီ,ဒီအိမ်ရာ၀င်းထဲက အခန်းတန်ဖိုးကို ငါ တစ်ချက် မေး,မေးကြည့်ခဲ့သေးတယ်"
ချူးယိက ယမ့်ဟန်ကို ကြည့်လိုက်ပြီး
"ငါဖြင့် သေလောက်အောင် လန့်သွားတယ်"
"မင်းရဲ့ နှစ်လစာ လစာနဲ့ တစ် စကွဲယား မီတာတောင် ၀ယ်လို့ မရလောက်ဘူး"
ယမ့်ဟန်က ရယ်၍ ပြောလိုက်သည်။
"အာ"
ချူးယိက ခေါင်းညိတ်လိုက်ပြီး
"ငါ ရှာတာ အ,အရမ်း နည်းလို့လား ၊ ဒါမှမဟုတ် အခန်းတန်,ဖိုးတွေက အရမ်း မ,သိတတ်တာလား?"
"မင်းရှာတာ မနည်းတော့ပါဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်းရဲ့ အတန်းဖော်တွေထဲမှာ ပိုက်ဆံတောင် မရှာနိုင်သေးတဲ့သူတွေ အများကြီး ရှိနေသေးတယ်"
"အင်း"
ချူးယိက ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်ပြီး
"ဥပမာ ချွမ်း,ချွမ်းရန် အတန်းဖော်ပေါ့"
"သူ့ကို ထည့်မတွက်ဘူး ၊ မိဘကို မှိီခိုနေတဲ့ မျှော်လင့်ချက်မဲ့ကောင်လေးပဲ"
ယမ့်ဟန်ကလည်း ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်သည်။
"ဒါပေမယ့်.......မင်း သူ့အကြောင်း မပြောတော့တာ တော်တော်ကြာနေပြီလားလို့?"
"ရှာလကာရည် သောက်ချင်ရင် တစ်,တစ်ခါတည်း မီးဖို,ခန်းထဲသွားပြီး သောက်လိုက်"
ချူးယိက ပြောလိုက်သည်။
"ချွမ်းရန်ကိုပဲ ရှာနေဖို့ မလိုဘူး"
"သူ့မှာ မျိုးရိုး မရှိဘူးလား?"
ယမ့်ဟန်က မေးလိုက်သည်။
"ကျိုး,ချွမ်းရန်ကိုပဲ ရှာနေဖို့ မလိုဘူး"
ချူးယိက ပြောလိုက်သည်။
"စကားကို ဖြတ်မပြောတတ်ဘူးလား"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်းက ငါတို့လို အ,အထစ်တွေအပေါ် တောင်း,ဆိုချက် အရမ်း မြင့်လွန်းနေတယ် မဟုတ်လား?"
ချူးယိက ပြောလိုက်သည်။
ယမ့်ဟန်က ချူးယိကို ကြည့်နေပြီး ၊ အတော်ကြာသွားကာမှ လက်ယပ်ခေါ်လိုက်သည်။ :
"လာခဲ့ ၊ ခွေးလိမ္မာလေး"
"ဘာလုပ်မလို့လဲ?"
ချူးယိက အရမ်းကို သတိထားနေသည့် ပုံဖြင့် ယမ့်ဟန်ကို ကြည့်လိုက်သည်။
"ခေါင်းပွတ်ပေးမလို့"
ယမ့်ဟန်က ပြောလိုက်သည်။
"ပြီးရင်ရော?"
ချူးယိကတော့ သတိထားနေဆဲပင်။
"ငါလူး ၊ ခေါင်းပွတ်ပေးမလို့ မင်းကို လာခိုင်းနေတာ ! ဘာလို့ အပိုစကားတွေ တအားများနေတာလဲ"
ယမ့်ဟန်က ချူးယိကို စိုက်ကြည့်လိုက်သည်။
ချူးယိက အမြန် လျှောက်သွားလိုက်ပြီး ၊ ခေါင်းငုံ့၍ ယမ့်ဟန်ကိုယ်ပေါ် ပစ်၀င်လိုက်သည်။
ယမ့်ဟန်က ခေါင်းက်ို ဖက်၍ တစ်ရစပ် ပွတ်ပေးလိုက်ပြီး :
"တစ်ခါတစ်လေဆို မင်းက အရမ်း ချစ်စရာကောင်းတယ်လို့ ရုတ်တရက်ကြီး တွေးမိသွားတတ်တယ်"
"ငါလည်း အဲ့လို ထင်တာပဲ"
ချူးယိက ပြောလိုက်သည်။
----------
အဖေက ဒီတစ်ခေါက် တကယ်ကြီး ဇာတိမြို့ကို ပြန်တာဖြစ်သည်။အတိအကျပြောရလျှင် ယမ့်ဟန်၏ မွေးရပ်ဇာတိပင်။အဖေ့မှာ အဖေအမေ မရှိခဲ့တာကြောင့် ၊ မွေးရပ်ဇာတိက ဘယ်မှာလဲဆိုတာကို သူတစ်ယောက်သာ သိသည်။
အမေ့၏ အုတ်ဂူကျောက်တိုင်ကိုလည်း အသစ်တစ်ခု ပြန်လဲလိုက်ကာ ၊ အပေါ်က စာလုံးတွေကတော့ အရင်ကအတိုင်း တစ်ပုံစံတည်းပင်။ကျောက်တိုင်တည်သူ၏ နေရာတွင်တော့ ယမ့်ဟန်၏ နာမည် ပိုလာခဲ့သည်။
"အစက တောမြင်းရိုင်းရဲ့ အုတ်ဂူလို့ ရေးချင်တာ"
အဖေက ပြောလာသည်။
"ကျောက်တိုင်မှာ စာလုံးထိုးပေးတဲ့ အဖိုးကြီးက မလုပ်ပေးလို့"
"အဖေ့မိန်းမသာ ခုန်ထွက်လာလို့ရရင် အဖေ့ကို စိတ်ဆိုးလွန်းလို့ အရူးဆိုပြီး ပြောလောက်တယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"အရင်က ဒီမှာထားတဲ့ ပစ္စည်းတွေကို အဖေ အုတ်ဂူထဲ ထည့်လိုက်ပြီ"
အဖေက ပြောလာသည်။
"အမှတ်တရအနေနဲ့ပေါ့ ၊ နောက်ဆို အဖေ့သားနောက်ကနေ လိုက်ပြီး အဖေအသစ် ပြန်လုပ်တော့မယ်"
"အင်း"
ယမ့်ဟန်မှာ ရယ်လိုက်မိသည်။
"အဖေ နောက်လအစဆို ပြန်လာမယ်"
အဖေက ပြောလာသည်။
"မင်းမွေးနေ့မရောက်ခင် အမှီ"
"ဒီနှစ်တော့ ကျွန်တော့်ကို သာမန်လက်ဆောင်မျိုး ပေးနိုင်မလား?"
ယမ့်ဟန်က မေးလိုက်သည်။
"ပေးနိုင်တာပေါ့" အဖေက ပြောလညသည်။
"ဘယ်နှစ်တုန်းက မင်းကိုပေးတဲ့လက်ဆောင်က ပုံမှန်မဟုတ်နေလို့လဲ?"
".......ထားလိုက်ပါတော့"
ယမ့်ဟန်မှာ သက်ပြင်းချလိုက်မိပြီး
"အဖေ ပြန်လာရင်ကို ရပြီ ၊ လက်ဆောင်ကို ဂရုစိုက်မနေနဲ့တော့"
အဖေက နောက်ပိုင်း ခရီးကို သူ့အား ထပ်မပြောပြတော့ပေ။သို့သော်လည်း နှစ်ရက်ခြားတစ်ခါ ၊ သုံးရက်ခြားတစ်ခါ သူ့ကို ဖုန်းလှမ်းဆက်တတ်သည်။နှစ်ကြိမ်လောက်မှာ နားထောင်ရသလောက်တော့ လေအရမ်းပြင်းနေကာ ၊ အသံကလည်း ရှင်းရှင်းလင်းလင်း မရှိပေ။တောင်ထိပ်တွင် ရပ်နေသလိုမျိုးပင်။
"ဘယ်နေရာမှာ သွားပျော်နေလဲ မသိဘူး"
ယမ့်ဟန်က ၀ိီချက်ထဲ မွှေ၍ အရင်က လုပ်ဖော်ကိုင်ဖက်များ၏ လတ်တလော အခြေအနေကို ကြည့်နေကာ ၊ အံကြိတ်ရင်း ပြောလာသည်။
"ငါ့ကိုလည်း မခေါ်သွားဘူး"
"မင်းကို ခေါ်,လည်း မင်းက လိုက်မှာမှ မဟုတ်တာ"
ချူးယိက ဘေးနားတွင် စာအုပ်ကို လှန်လိုက်သည်။
ချူးယိမှာ လကုန်ခါနီးလျှင် ပထမဆုံးအသိအမှတ်ပြု စာမေးပွဲ ဖြေရတော့မည် ဖြစ်ရာ ၊ နေ့တိုင်း အရမ်းကို ကြိုးကြိုးစားစားဖြင့် စာကြည့်နေသည်။သို့သော်လည်း အကြိမ်တိုင်းတွင် သူပြောလိုက်သည့် စကားတိုင်းကို ပြန်ပြောနိုင်နေရာ ၊ ဒီတစ်ကြိမ်တော့ ချူးယိမှာ ဘယ်လိုမှ မအောင်နိုင်လောက်ဘူးဟု ယမ့်ဟန် အရမ်းကို သံသယ ဖြစ်နေမိသည်။
"မင်း အမျိုးသားနေ့ကျရင် ခွင့်ရလား?"
ယမ့်ဟန်က ပြောလိုက်သည်။
"ငါ အပြင် သွားလည်ချင်တယ်"
"မသိဘူး ၊ အမျိုးသားနေ့က ဒီ,လောက် အဝေးကြီး လိုနေသေးတာကို"
ချူးယိက ပြောလိုက်သည်။
"ငါ........"
ယမ့်ဟန်မှာ မွှေနှောက်နေရင်း တစ်၀က်တစ်ပျက်ဖြင့် ၊ အရင်တုန်းက လောင်တာ့ တင်ထားသည့် ပို့စ်တစ်ခုကို တွေ့သွားခဲ့သည်။
လောင်တာ့က နှစ်တစ်ထောင်နေလို့ ပို့စ်တစ်ခါ မတင်တတ်ရာ ၊ အဆက်အသွယ် ရှိသည့် လူတွေထဲ သူ့ကို တစ်ခါတစ်လေ တွေ့နေရတာမျိုးသာ မရှိပါက ၊ သူငယ်ချင်း တစ်ခါမှ မအပ်ခဲ့ဖူးဘူးဟု ယမ့်ဟန်ပင် ထင်လိုက်မိတော့မည်။
လောင်တာ့ တင်ထားသည့် ဓာတ်ပုံမှာ ပြုပြင်နေဆဲဖြစ်သည့် ဆိုင်ပုံပင်။ဆိုင်မျက်နှာစာက မကြီးပေ။သို့သော်လည်း အနောက်တိုင်း စားသောက်ဆိုင်မှန်း သိသာသည်ပင်။တွဲဖက်ထားသည့် တရုတ်စာလုံးမှာ ၊ မင်းကျွမ်းကျင်ပိုင်နိုင်တဲ့ အနောက်တိုင်း အစားအစာကို လုပ်ပါ ဟူ၍ပင်။
"မင်းရဲ့ အ,အရင်တုန်းက လောင်တာ့?"
ချူးယိက ဘယ်အချိန်ကတည်းကနေ အနားတိုးကပ်၍ ကြည့်နေလဲ မသိပေ။
"အင်း"
ယမ့်ဟန်က ခေါင်းညိတ်ပြလိုက်ပြီး
"ကြည့်ရတာ သူ့ဘာသာ ဆိုင်ဖွင့်လိုက်တာ ထင်တယ်"
"အားကျနေတာလား?"
ချူးယိက မေးလိုက်သည်။
"အားမကျပါဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်း အခု ငါ့ကို ပိုက်ဆံပေးပြီး ဆိုင်တစ်ဆိုင် ဖွင့်ခိုင်းရင်တောင် ၊ ငါကတော့ မလုပ်ဘူး ၊ အတွေ့အကြုံ မလုံလောက်ဘူး ၊ မသိတဲ့ အကြောင်းအရာတွေကလည်း အရမ်းများတယ်"
"ဒီလောက်တောင် နှိမ့်ချနေတယ်?"
ချူးယိမှာ အတော်လေး အံ့သြစွာဖြင့် ယမ့်ဟန်ကို ကြည့်လိုက်မိသည်။
"မင်းက ငါ့ကို မင်းလို အရှက်မရှိဘူးများ ထင်နေတာလား?"
ယမ့်ဟန်က မေးလိုက်သည်။
"မင်းက ကိုယ့်,ကိုယ့်ကိုကိုယ် ချောတယ်လို့ ပြောတဲ့အချိန်ဆိုရင် နည်း,နည်းနည်းလေးမှ မနှိမ့်,ချဘူးလေ"
ချူးယိက ပြောလိုက်သည်။
"အမှန်တရားကို ပြောနေတာလေ ၊ ဘာကို နှိမ့်ချနေရမှာလဲ"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်းလို အကန်းတစ်ယောက်ပုံစံနဲ့ မဟုတ်မမှန်တွေ ချစ်စရာကောင်းတယ် ၊ ချစ်စရာကောင်းတယ် ဆိုပြီး ပြောနေတာမှ မဟုတ်တာ"
"ငါက ချစ်စရာ မ,မကောင်းဘူးလား?"
ချူးယိက မေးလိုက်သည်။
"ချစ်စရာကောင်းတယ်"
ယမ့်ဟန်က ခေါင်းစောင်း၍ ချူးယိကို တစ်ချက် နမ်းလိုက်သည်။
ချူးယိက ရယ်လိုက်ပြီး ၊ ခေါင်းငုံ့၍ ဖုန်းကို ညွှန်ပြလိုက်ကာ :
"မင်းကျွမ်း,ကျွမ်းကျင် ပိုင်နိုင်တဲ့......လုပ်ပါက ဘာအဓိပ္ပါယ်လဲ?"
"မသိဘူး"
ယမ့်ဟန်က စဥ်းစားလိုက်ပြီး
"သူက ကန့်သတ်ပြီး မလုပ်ချင်တာမျိုး ဖြစ်မယ် ၊ သူ ရေးထားတဲ့ စာအုပ်ထဲမှာ ပါတယ် ၊ ဧည့်သည်ကို ကိုယ်လိုချင်တဲ့ အရသာနဲ့ အတတ်နိုင်ဆုံး ဖမ်းဆုပ်ထား......."
"မင်းသွားချင်လို့လား?"
ချူးယိက မေးလိုက်သည်။
ယမ့်ဟန်မှာ ချူးယ်ိက်ို တစ်ချက်ကြည့်လိုက်မိသည်။ချူးယိက သူ၏ ခွေး......ကောင်လေးဟု မပြောရပေ။အချိန်အများစုတွင် သူ ဘာစဥ်းစားနေသလဲ ဆိုသည်ကို ချူးယိက တစ်စက္ကန့်ပင် မကြာပဲ ခန့်မှန်းနိုင်သည်။
"ငါ အရင်ဆုံး မေးကြည့်လိုက်ဦးမယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"ဒါဆို အ,အမျိုးသားနေ့ကျရင် အပြင်သွားလည်,လို့ မ,ရတော့ဘူးနော"
ချူးယိက ယမ့်ဟန်ပခုံးပေါ် မေးစေ့တင်လိုက်သည်။
"ချီးကို နောလား ၊ ဘာတွေ ချစ်စရာကောင်းအောင် လုပ်နေတာလဲ"
ယမ့်ဟန်က လက်နောက်ပြန်ဖြင့် ချူးယိ၏ ပါးစပ်ကို တစ်ချက် ရိုက်လိုက်သည်။
"သူတို့က လူခေါ်မှာလားလည်း မသေချာသေးဘူး ၊ လူခေါ်နေရင်လည်း ငါ့ကို လိုချင်ပါ့မလားဆိုတာ မသေချာဘူး.......ငါနဲ့သူက ရင်းနှီးတယ်လို့လည်း ပြောလို့မရဘူး ၊ အရင်ဆုံး မေးကြည့်လိုက်ဦးမယ် ၊ ပြီးမှ ထပ်ပြောကြတာပေါ့"
"အင်း"
ချူးယိက ခေါင်းညိတ်ပြလိုက်ပြီး
"မစိုးရိမ်နဲ့"
ယမ့်ဟန်မှာ ချူးယိကို တစ်ချက်ကြည့်၍ ရယ်လိုက်မိသည်။
"တကယ်လို့ ငါသာဆို,ဆိုရင် စိုးရိမ်မှာ"
ချူးယ်ကလည်း ရယ်လိုက်ပြီး
"အချိန်အတော်,ကြာတဲ့အထိ ပြန်မကောင်းနိုင်လောက်ဘူး"
"ဘာမှမဖြစ်ပါဘူး ၊ မင်းက အခုဆို အလုပ်ရှာဖို့မှ မလိုတော့တာ"
ယမ့်ဟန်က ပြောလိုက်သည်။
"စ်ိုးရိမ်နေစရာ မလိုတော့ပါဘူး"
စိုးရိမ်သည်ဆိုသည့် ဒီိလို ခံစားချက်မျိုးက ၊ ယမ့်ဟန်အတွက်တော့ မရှိတာမျိုးလည်း မဟုတ်ပေ။သ်ို့သော်လည်း ဖုန်းတစ်ချက်ဆက်၍ အလုပ်အကြောင်း မေးရတာလောက်က်ိုတော့ သူ စိုးရိမ်နေမှာ မဟုတ်ပေ။
သူ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ၊ လောင်တာ့ဆီ ဖုန်းလှမ်းဆက်လိုက်သည်။
"ရှောင်ယမ့်?"
လောင်တာ့က ဖုန်းပြန်ဖြေလာသည်။
"ကျွန်တော်ပါ"
ယမ့်ဟန်က ရယ်လိုက်ပြီး
"ထန်ကော မင်္ဂလာညနေခင်းပါ"
"ဘယ်လိုဖြစ်ပြီး ငါ့ကို ဖုန်းဆက်ဖို့ သတိရသွားတာလဲ?"
လောင်တာ့၏ အသံက အရင်တုန်းကနှင့် သိပ်ပြီး မကွာခြားပေ။တော်တော်လေး လေသံမာလှသည်။
"အစ်ကို တင်လိုက်တဲ့ ဓာတ်ပုံကို တွေ့လိုက်ရလို့"
ယမ့်ဟန်ကလည်း ကွေ့ပတ်မနေချေ။
"သြော် ၊ ငါ သူငယ်ချင်းနဲ့ ဆိုင်တစ်ဆိုင် ဖွင့်ထားတာ"
လောင်တာ့က ပြောလာသည်။
"ပုံစံအသစ် တစ်မျိုး စမ်းသပ်ကြည့်နေတာ"
"အစ်ကို စာအုပ်ထဲမှာ ရေးထားသလိုမျိုးလား?"
ယမ့်ဟန်က မေးလိုက်သည်။
"မင်း........တကယ်ကြီး ငါ့စာအုပ်ကို ဖတ်ထားတာလား?"
လောင်တာ့က တော်တော်လေး အံ့သြနေသည်။
"ဖတ်ထားတာပေါ့"
ယမ့်ဟန်က ပြောလိုက်သည်။
"ကျွန်တော် စာအုပ်ရတဲ့အချိန်ကတည်းက အကုန်လုံး ဖတ်ထားတာ"
လောင်တာ့က သက်ပြင်းချလိုက်ပြီး :
"ငါ့စာအုပ်ကို အပြီးထိ တကယ်ကြီးဖတ်တဲ့ လက်ထောက်က မင်း ပထမဆုံး ဖြစ်လောက်တယ်"
"ကျွန်တော်က နေ့တိုင်း အချိန် နည်းနည်းပေးပြီး စာအုပ်ဖတ်တယ်လေ"
ယမ့်ဟန်က ပြောလိုက်သည်။
"အစ်ကို့စာအုပ်ကို ကျွန်တော်က သင်ကြားရေး စာအုပ်လို သဘောထားပြီး ဖတ်ထားတာ"
လောင်တာ့က ရယ်လိုက်ပြီး ၊ ခဏလောက်ကြာအောင် တိတ်ဆိတ်နေပြီး နောက်မှာတော့ တစ်ခွန်း မေးလာသည်။ :
"မင်း ဒီကိုလာပြီး စမ်းလုပ်ကြည့်ချင်နေတာ မဟုတ်လား?"
"အင်း ၊ ကျွန်တော့်အထင် တော်တော်လေး စိတ်၀င်စားဖို့ ကောင်းသလားလို့"
ယမ့်ဟန်က ပြောလိုက်သည်။
"ဒါဆို မင်း မနက်ဖြန် လာပြီး စမ်းလုပ်ကြည့်လေ ၊ ဒါပေမယ့် မင်းကို သုံးနိုင်မယ်လို့တော့ ငါ အာမ မခံဘူးနော်"
လောင်တာ့က ပြောလာသည်။
"အခု ဆိုင်က လူမခေါ်သေးဘူး"
"ကိစ္စမရှိဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
"ကျွန်တော် လေ့လာသင်ယူတယ်လို့ သဘောထားမှာပါ"
-------------
ချူးယိမှာ ဒီနေ့ နည်းနည်း ကံဆိုးနေသည်။လီရှောင်းထက် ပိုပြီး ပစိပစပ်များသည့် ဧည့်သည်နှင့် တွေ့ရလျှင် အဆင်ပြေသေးသည်။အခုတော့ ခြေပါလက်ပါဖြင့် သူ့ကို ဆရာ လုပ်နေသည်။ခါးပတ်ကြိုး လဲသည့် အချိန်၌ ချူးယိကို တွန်းဖယ်ကာ သူကိုယ်တိုင် ၀င်လုပ်တော့မတတ်ပင်။သူ လက်တင်လိုက်သည့် နေရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုသူမှာ ဘာဆိုဘာမှ မသိကြောင်းကို ချူးယိ တန်းသိလိုက်သည်။သူ့ကို ဒဏ်ရာ မရသွားစေဖို့ အတွက် ၊ ချူးယိ၏ လက်မှာ အပြင်းအထန် ညပ်ခံလိုက်ရသည်။လက်က်ို ပြန်ရုတ်လိုက်သည့် အချိန်၌ လက်ချောင်းထိပ်ဖျားမှာ ခရမ်းရောင်ပင် သန်းနေလေပြီ။
"ဘာလို့ ဒီလောက်တောင် ဂရုမစိုက်ရတာလဲ"
ဧည့်သည်မှာ မြင်သွားသည့် အချိန်၌ ကြောင်အသွားခဲ့ပြီး ၊ ခုနကလို အတင်းအကြပ် ပုံစံမျိုး မရှိတော့ပေ။
"ထွက်သွား"
ချူးယိက တံခါးမဘက်ကို ညွှန်ပြလိုက်သည်။
"အရင်ဆုံး ရေယူပြီး နှစ်ထားလိုက်ဦး"
ဧည့်သည်က ပြောလာသည်။
"ခင်ဗျား အ,ပြင်မှာ"
ချူးယိကတော့ တံခါး၀ကိုပဲ ဆက်ပြီး ညွှန်ပြလိုက်ကာ
"သွားစောင့်နေ"
"ရတယ် ရတယ် ရတယ်"
ဧည့်သည်က အပြင်ဘက်ဆီလှည့်ထွက်သွားခဲ့သည်။
"ရေထဲနှစ်ထားလိုက်ဦးနော်"
လက်ချောင်းထိပ်ဖျားမှာ ဓားနှင့် ရှသွားပြီး ငရုတ်ဆော့ထဲ နှစ်ခံထားရသလိုမျိုး တစ်ဆစ်ဆစ်ဖြင့် နာနေသည်။ဒီလို နာကျင်မှုမျိုးကို ချူးယိ မခံစားရတော့သည်မှာ တော်တော်လေး ကြာနေပြီပင်။တစ်ခြားသူများ၏ ရိုက်နှက်ခြင်းကို မခံရတော့တာ အရမ်းကို ကြာသွားပြီ ဖြစ်သည်........
အရင်တစ်ခေါက် အင်ဂျင်စက်လဲချိန်က ခြေထောက်ပေါ် ပြုတ်ကျတုန်းကတောင် ဒီလောက် မနာပေ။
သူ ကားဘေးနားတွင် ထိုင်၍ ဖုန်းကို ထုတ်ယူလိုက်ကာ ၊ လက်ချောင်းထိပ်ဖျားကို ဓာတ်ပုံတစ်ပုံ ရိုက်၍ ၊ ယမ့်ဟန်ဆီ လှမ်းပို့လိုက်သည်။
အချိန်ကို တစ်ချက် ကြည့်လိုက်မိရာ ၊ သိပ်ပြီး အဆင်မပြေဘူးဟု ထင်လိုက်မိသည်။အခုအချိန်ဆို ယမ့်ဟန်က ဟိုလောင်တာ့၏ ဆိုင်တွင် အင်တာဗျူး ဖြေနေလောက်သည်......သို့ဖြစ်ရာ သူ အမြန်ပင် စာတစ်ကြောင်း ထပ်ရေးကာ ပို့လိုက်သည်။
-ငါ့ကို ဂရုစိုက်နေစရာ မလိုဘူး
"မင်း ဇာတ်လမ်းတွဲတွေ ကြည့်တာ များသွားတာ များလား"
ယမ့်ဟန်က တစ်နာရီကြာသွားသည့် နောက်တွင် သူ့အား ဖုန်းပြန်ခေါ်လာသည်။
"သနားစရာကောင်းတဲ့ ပုံကို ပို့လာပြီး ငါ့က်ို ဂရုစိုက်နေစရာ မလိုဘူးဆိုတဲ့ စာတစ်ကြောင်းကို ထပ်ရေးထားသေးတယ်"
ချူးယိက စဥ်းစားလိုက်ပြီး ၊ မအောင့်ထားနိုင်တော့ပဲ ရယ်ချလိိုက်မိသည်။ :
"ငါ တ,မင်လုပ်တာ မဟုတ်ဘူး ၊ ငါက မင်း အင်,အင်တာဗျူး ဖြေနေတာ လားလို့"
"ငါ အင်တာဗျူး ဖြေနေတာပဲ"
ယမ့်ဟန်က ပြောလိုက်သည်။
"သူတော်ကောင်းယောင် ဆောင်နေတယ်"
"ဖြေလို့ ပြီးပြီလား?"
ချူးယိက မေးလိုက်သည်။
"ဘယ်လိုလဲ?"
"မင်းလက်က ဘယ်လိုဖြစ်တာလဲ?"
ယမ့်ဟန်က ချူးယိ မေးတာကို မဖြေပဲ ၊ သက်ပြင်းချလိုက်ပြီး
"အရင် တစ်ပတ်က ခြေထောက်ပေါ် ပစ္စည်း ပြုတ်ကျတယ် ၊ ဒီတစ်ပတ်ကျတော့ လက်ဒဏ်ရာ ရတယ် ၊ မင်းတို့ မော်တော်ကား ပြင်တဲ့အလုပ်က ဒဏ်ရာရပြီး သေဆုံးနိုင်ခြေ အရမ်းမြင့်လွန်းနေတာ မဟုတ်ဘူးလား?"
"ဘယ်သူမှ မသေပါဘူး"
ချူးယိက ပြောလိုက်သည်။
"ဘယ်လိုဖြစ်တာလဲလို့ မင်းကို မေးနေတာ ! "
ယမ့်ဟန်က ပြောလိုက်သည်။
"ခါးပတ်နဲ့ တစ်ချက် ညပ်သွားတာ"
ချူးယိက ပြောလိုက်သည်။
"မ,နာတော့ပါဘူး"
"ပြန်လာရင် မင်းကို နှိပ်ပေးမယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"အဲ့လိုဆို သေလောက်အောင် နာ,နာမှာပေါ့"
ချူးယိမှာ ရယ်လိုက်မိသည်။
"ငါလူး ဒါဆိုလည်း ပြန်လာရင် မင်းကို နောက်ထပ် နှစ်ခေါက်လောက်ဒဏ်ရာရအောင် ရိုက်ချိုးပေးမယ် ! "
ယမ့်ဟန်က ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်သည်။
ချူးယိက အတော်ကြာအောင် ရယ်နေပြီး ဘာမှပြန်မပြောပေ။
"လောင်တာ့က ငါ့ကို နောက်တစ်ပတ်ကနေစပြီး အလုပ်လာတော့တဲ့"
ယမ့်ဟန်က ပြောလိုက်သည်။
"တကယ်ကြီးလား?"
ချူးယိ၏ အသံက ချက်ချင်းကို မြင့်တက်လာခဲ့သည်။
"အလုပ်သွားရတော့မှာပေါ့?"
"အင်း ၊ သူတို့ဆိုင်ရဲ့ ပုံစံက စင်အသေးလေး တစ်ခု ချထားတာ ၊ ဧည့်သည်တွေက အဲ့နားမှာ ထိုင်ကြည့်ပြီး ၊ လိုချင်တဲ့ အရသာကို စိီစဥ်ပေးမှာ ၊ ပြီးရင်တော့ ချက်ပေးလိုက်ရမှာပေါ့ ၊ ပြီးတော့ စားကောင်းအောင်လည်း ချက်ပေးရမယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"ဒါက အသစ်အဆန်း တီထွင်တယ်လို့လည်း ပြောလို့မရပါဘူး ၊ ဒါပေမယ့် ဧည့်သည်တွေ ပူးပေါင်းပါ၀င်မယ့်နှုန်းက နည်းနည်း ပိုများတာပေါ့"
"နား,မလည်ဘူး"
ချူးယိက ပြောလိုက်သည်။
"နောက်တစ်ခါကျရင် နားမလည်တာနဲ့ အချိန်မှီ ငါ့စကားကို ဖြတ်ပြော ၊ ငါ ဒီလို အများကြီးပြောပြရတာ သက်သာအောင်လို့"
ယမ့်ဟန်က ပြောလိုက်သည်။
"ဒါပေမယ့် မင်းစ,ကားပြောနေတာကို နားထောင်ရတာ သ,သဘောကျတယ်"
ချူးယိက ရယ်လိုက်သည်။
"လစ်လိုက်"
ယမ့်ဟန်က ပြောလိုက်သည်။
"ပြန်လာရင် မင်းလက်ကို ရိုက်ချိုးပစ်မယ်"
လူက အလုပ် လုပ်ကိုလုပ်ရမည်ပင်။ယမ့်ဟန်လို သဘောရှိ နေချင်သလို နေတတ်သည့် လူဖြစ်နေလျှင်တောင် ၊ နောက်တစ်ပတ် အလုပ်သွားလုပ်ရတော့မည် ဆိုသည့် ထိုသတင်းက ၊ ယမ့်ဟန်၏ စိတ်အခြေအနေကို တော်တော်လေး ကောင်းသွားစေမှန်း ချူးယိလည်း ခံစားလိုက်မိသည်။
သူ ပြန်ရောက်လာသည့် နောက်တွင်လည်း လက်ကို ရိုက်ချိုးဖို့ မတွေးအားတော့ပေ။
"လာခဲ့"
ယမ့်ဟန်က ပြတင်းပေါက်ပေါ် ထိုင်နေရင်း ချူးယိကို လက်ယပ်၍ ခေါ်လိုက်သည်။
"ဆေးနည်းနည်း လိမ်းရအောင်"
ချူးယိက ယမ့်ဟန်အရှေ့ လျှောက်သွားလိုက်ပြီး ၊ လက်ခလယ်ကို ဆန့်ထုတ်ပေးလိုက်သည်။
ယမ့်ဟန်က ချူးယိကို ကြည့်လိုက်သည်။
"လက်ခ,ခလယ်က ဒဏ်ရာ ရသွားတာလေ"
ချူးယိက ရှင်းပြလိုက်သည်။
"အဲ့လိုဆိုရင်တောင် ဒီလိုပုံစံမျိုး လုပ်စရာ မလိုဘူးလေ"
ယမ့်ဟန်က ပြောလိုက်သည်။
"ထပ်ပြီး ငါ့ကို ထိုးထားနေဦးမယ်ဆိုရင် ၊ ဒီနေရာမှာပဲ ငါ အခု မင်းကို ရှင်းပစ်လိုက်မယ်ဆိုတာ ယုံလား?"
ချူးယိမှာ အမြန်ပင် လက်ချောင်းအကုန်လုံး ဆန့်ထုတ်ပေးလိုက်သည်။
ယမ့်ဟန်က ဆေးလိမ်းဂွမ်း နည်းနည်း ယူလိုက်ပြီး ၊ ပုလင်းသေးလေး တစ်ခုထဲမှ ဆေးနည်းနည်း လောင်းထည့်လိုက်ကာ ၊ ချူးယိ လက်ချောင်းထိပ်ပေါ် လိမ်းပေးလိုက်သည်။
"ဘာဆေးလဲ?"
ချူးယိက မေးလိုက်သည်။
"အခေါက်တိုင်း မမေးစမ်းပါနဲ့"
ယမ့်ဟန်က ပြောလိုက်သည်။
"ငါ မသိဘူးလို့ အရင်တစ်ခေါက်က မင်းကို ပြောပြီးပြီပဲ ၊ ငါ့အဖေက ဘယ်လူလိမ်ဆီကနေ လိမ်ယူလာခဲ့လဲတော့ မသိဘူး"
ချူးယိမှာ သက်ပြင်းချလိုက်မိသည်။
သို့သော်လည်း ဒီဆေးက တော်တော်လေး အကျိုးရှိသည်ပင်။အနည်းဆုံးတော့ ဒဏ်ရာအရောင် နည်းနည်း ကျသွားစေသည်။
ထမင်းစားပြီးသွားသည့် နောက်တွင် လက်ချောင်းက ကြည့်ရတာ အဲ့လောက်ကြောက်စရာ မကောင်းတော့ပေ။
"မင်း ဦးလေးယမ့်ကို မပြော,ပြောပြဘူးလား?"
ချူးယ်ိက ဆိုဖာပေါ်တွင် လှဲ၍ ယမ့်ဟန်၏ ခြေထောက်ပေါ် ခေါင်းမှီထားကာ ၊ သူ၏ လက်ခလယ်ကို မီးရှိရာ ချိန်၍ ပြန်ကောင်းလာသည့် အခြေအနေကို စစ်ဆေးနေသည်။
"မင်း မတော်နိုင်သေးဘူးလား ၊ လက်ချောင်းထိပ် ညပ်သွားတာလေးကို ကောင်လေးရဲ့ အဖေကို ပြောပြချင်နေသေးတယ်?"
ယမ့်ဟန်က ပြောလိုက်သည်။
"ငါ ဓားနဲ့ တစ်ချက် အထိုးခံလိုက်ရတာတောင် သူ ငါ့ကို မနှစ်သိမ့်ပေးဖူးဘူး"
"ငါ ပြော ! ပြောတာက ! မင်းရဲ့ အ ! လုပ်အကြောင်း ! "
ချူးယိက လက်ကို ပြန်ချလိုက်ကာ သက်ပြင်းချလိုက်သည်။
"သူ သိပ်မကြာခင် ပြန်လာတော့မှာ"
ယမ့်ဟန်က ပြောလိုက်သည်။
"အခုအချိန်ကြီး သူ့က်ို ဘာလုပ်ဖို့ အလောတကြီး ပြောပြနေမှာလဲ ၊ ကလေးလေးက စာမေးပွဲမှာ အမှတ်တစ်ရာရလို့ အဖေ့ကို ပြောပြချင်နေတာ ကျနေတာပဲ"
"မင်း သူ့ကို ခံစားကြည့်ခိုင်း,ခိုင်းလိုက်လေ"
ချူးယိက ပြောလိုက်သည်။
"သားလေးက ဘာက်ိစ္စပဲ ရှိ,ရှိရှိ ပထမ,ဆုံး သူ့ကို ပြော,ပြတာက အရမ်းပျော်စရာကောင်းတယ်ဆိုတာ,ကို"
ယမ့်ဟန်က ချူးယိကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး :
"ကလေးဆန်တယ်"
"ဒါဆိုလည်း တစ်ခါလောက် က,ကလေးဆန်ကြည့်လိုက်လေ"
ချူးယိက ပြောလိုက်သည်။
ယမ့်ဟန်က အတော်ကြာအောင် တိတ်ဆိတ်နေပြိီး နောက်မှာတော့ ဖုန်းကို ထုတ်ယူလိုက်သည်။
အဖေ့ထံသို့ သူ၏ ကိစ္စများအကြောင်း အစီရင်ခံခြင်းမျိုးကို သူ သိပ်မလုပ်တတ်ပေ။ပုံမှန်ဆို အဖေက မမေးလျှင် ၊ သူကလည်း အရင်စပြီး ပြောမှာ မဟုတ်ချေ။
အဖေ ပျောက်သွားပြီးနောက် ပြန်ထွက်ပေါ်လာသည့် အကြိမ်တိုင်းလိုပင်။သူ အဖေ့ကို ဘယ်တွေ သွားခဲ့တာလည်းဟု မမေးတတ်သလို ၊ အဖေပျောက်သွားသည့် အချိန်အတွင်း သူ၏ အခြေအနေကိုလည်း မတင်ပြတတ်ပေ။
အလုပ်ရှာတွေ့၍ အဖေ့ကို ဖုန်းဆက်ပြောခြင်းမှာ တကယ့်ကို ပထမဆုံး အကြိမ်ပင်။နည်းနည်း စိတ်မငြိမ်သလို ဖြစ်နေမိသည်။သို့သော်လည်း ထူးဆန်းစွာဖြင့် နည်းနည်း နွေးထွေးသလိုမျိုး ခံစားနေရပြန်သည်။
"ချစ်ရတဲ့ မင်းသားလေး"
အဖေက ဖုန်းကို အမြန်ပင် ပြန်ဖြေလာသည်။
"အဖေ့ကို လွမ်းလို့လား?"
"မလွမ်းပါဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
"ကျွန်တော် ဖုန်းနံပါတ် မှားခေါ်မိသွားတာ"
"ဒါက ရေစက်ပဲ ၊ ခဏလောက် စကားပြောကြတာပေါ့"
အဖေက ပြောလာသည်။
ယမ့်ဟန်က ရယ်လိုက်ပြီး :
"အဖေ့ကို ကိစ္စတစ်ခု ပြောပြမယ်.......အမှန်တော့ ဘာမှလည်း မဟုတ်ပါဘူး ၊ မပြောလည်း ဘာမှမဖြစ်ဘူး"
"ပြောလေ"
အဖေက ပြောလာသည်။
"အဖေ နားထောင်ရတာပေါ့"
"ကျွန်တော် ဒီနေ့ အရမ်းစိတ်၀င်စားစရာကောင်းတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ အင်တာဗျူး သွားဖြေခဲ့တယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"အောင်သွားပြီ ၊ နောက်တစ်ပတ်ဆို အလုပ်စသွားတော့မှာ"
"ဟုတ်လား?"
အဖေ့အသံကို နားထောင်ရသလောက်တော့ တော်တော်လေး တည်ငြိမ်နေသည်ပင်။သို့သော်လည်း ယမ့်ဟန်မှာ အဖေ့ကို အရမ်း နားလည်သည်ဖြစ်ရာ ၊ ပျော်နေမှန်း နားထောင်လိုက်တာနှင့် သိသည်။သူ နောက်ဆုံးတော့ အလုပ်သွားရတော့မည် ဖြစ်တာကြောင့် ပျော်နေတာလား ၊ ဒါမှမဟုတ် သူက ဒီကိစ္စကို တကူးတက ဖုန်းဆက်ပြီး လှမ်းပြောပြလို့ ပျော်နေတာလား ဆိုတာတော့ မသိပေ။
"အင်း"
ယမ့်ဟန်က ရယ်လိုက်ပြီး ၊ အဖေ့အား စားသောက်ဆိုင်၏ ပုံစံကို တစ်ချက် ပြောပြလိုက်သည်။
"တော်တော်လေး စိတ်၀င်စားစရာ ကောင်းတယ် ၊ အဖေ ပြန်လာတဲ့အချိန်ကျရင် ချူးယိနဲ့ လောင်ချွေးကို ခေါ်ပြီး ၊ အတူတူ တစ်ခေါက်လောက် လာစားကြလေ ၊ ကျွန်တော် အဖေတို့ဖို့ ချက်ပေးမယ်"
"မင်းမွေးနေ့နဲ့ အတော်ပဲ ၊ သွားလို့ရတယ်"
အဖေက ပြောလာသည်။
"ကျွန်တော့်မွေးနေ့မှာ အဖေတို့က အဲ့မှာ လာထိုင် ၊ ပြီးတော့ ကျွန်တော်က အဖေတို့စားဖို့အတွက် ချက်ပေးရမှာ?"
ယမ့်ဟန်က မေးလိုက်သည်။
"ဟုတ်တယ်လေ"
အဖေက ပြောလာသည်။
"ဘယ်သူ့ရဲ့ မွေးနေ့လဲ?"
ယမ့်ဟန်မှာ တော်တော်လေး ရယ်ချင်လာမိသည်။
"မင်းမွေးနေ့လေ"
အဖေက ပြောလာသည်။
"သားလေးရဲ့ မွေးနေ့က အဖေ ဒုက္ခ ရောက်ခဲ့ရတဲ့နေ့ပေါ့"
"........အဖေက အမေ့အစား ကျွန်တော့်ကို မွေးပေးလိုက်ပေါ့ ဟုတ်လား?"
ယမ့်ဟန်မှာ ရယ်လိုက်မိသည်။
"သူမက မင်းကို မွေးပြီးတော့ အဖေ့ကို ဒေါသတွေ ထွက်နေခဲ့တာ ၊ မွေးခန်းကနေတောင် မထွက်ရသေးဘူး ဆဲနေပြီ"
အဖေက ပြောလာသည်။
"အားမရှိတော့လို့ပေါ့ ၊ မဟုတ်ရင် သူမက ကုတင်ပေါ်က ဆင်းလာပြီး အဖေ့ကို ထိုးလောက်တယ် ၊ အဖေ အရမ်းကို ဒုက္ခရောက်ခဲ့ရတာ"
"အင်းပါ"
ယမ့်ဟန်က ရယ်၍ ပြောလိုက်သည်။
"ဒါဆိုလည်း ကျွန်တော့်မွေးနေ့ကျရင် အဖေ့ကို အစားအသောက်တွေ ကျွေးပြီး ပြုစုမယ်"
"ဒီလိုမှပေါ့"
အဖေက ပြောလာသည်။
အဖေ ဖုန်းချသွားသည့် နောက်တွင် ၊ ချူးယိမှာ ယမ့်ဟန်ကို ကြည့်လိုက်မိသည်။ဖုန်းထဲက ဦးလေးယမ့်၏ အသံကို အားလုံးလိုလို သူ ကြားလိုက်ရသည်။ :
"ဒီ,ဒီမွေးနေ့က အ,ရမ်း အဓိပ္ပါယ် ရှိတာပဲ ရှောင်,ရှောင်ယမ့်"
"ဟုတ်တယ်နော် ရှောင်ချူး"
ယမ့်ဟန်က ပြောလိုက်သည်။
"ဒီလောက်ပြောရင် ရပြီ ၊ နောက်ထပ် ငါ့ကို ထပ်ပြီးပြောနေရင် ငါမင်းကို ထိုးပစ်မယ်လို့ အာမခံတယ်"
"ဟုတ်ကဲ့ပါ ရှောင်ယမ့်"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
နှစ်ယောက်သား အတော်ကြာအောင် အကြည့်ချင်း ဆုံနေမိပြီး နောက်မှာတော့ အတူတူ အသံထွက်သည်အထိ ရယ်လိုက်မိကြသည်။အတော်ကြာအောင် ရယ်နေပြီး နောက်မှသာ ယမ့်ဟန်မှာ ချူးယိ၏ မျက်နှာပေါ် ပုတ်လိုက်ပြီး ၊ ခေါင်းကို အနောက်ဘက်သို့ မော့၍ မှီလိုက်ကာ ၊ မျက်လုံးကို မှိတ်၍ သံရှည်ဆွဲကာ လေတစ်ချက် မှုတ်ထုတ်လိုက်မိသည်။