ဆေးရုံအုပ်ကြီးရဲ့ရုံးခန်းရှေ့ရောက်တော့နွေဦး လေကိုတဝကြီးရှုလိုက်တယ်။ဆေးရုံကပိုးသတ်ဆေးနံ့ကသူ့အဆုတ်ထဲထိရောက်သွားပြီးမှမှန်မှန်လေးပြန်ထုတ်လိုက်ချိန်မှာတော့ သူ့စိတ်ကအတော်အသင့်တော့တည်ငြိမ်သွားပြီ။
ဆေးရုံမှာပျော်မွေ့တဲ့လူဖြစ်တာမို့ ဆေးရုံကပိုးသတ်ဆေးနံ့ကသူ့ကို သိန်းချီပေးရတဲ့ အမွှေးနံ့ဖယောင်းတိုင်ထက် စိတ်ငြိမ်စေတယ်။သူအခန်းထဲမဝင်ခင်ဒီလောက်ပြင်ဆင်နေတာအကြောင်းရှိပါတယ်။ဆေးရုံဆင်ဝင်အောက်မှာရပ်ထားတဲ့ ပြောင်လက်နေတဲ့ဘီအမ်ဒဗယ်လျု အမဲရောင်ကြောင့်မိုးပင်လယ်ရောက်နေနှင့်ပြီဆိုတာ သူခန့်မှန်းလို့ရတယ်လေ။သူဘယ်လောက်ထိပဲစိတ်တွေလှုပ်ရှားနေပါစေ မိုးပင်လယ်ရှေ့မှာတော့ မပေါ်ချင်ဘူး။
နောက်တစ်ကြိမ် သက်ပြင်းချပြီး အခန်းတံခါးကိုတွန်းဖွင့်ပြီးဝင်လိုက်တော့ ဆေးရုံအုပ်ကြီးက ပြုံးပြပြီး...
"မောင်နွေဦး ရောက်လာပြီလား..လာထိုင်"
နွေဦး ခေါင်းပဲညိတ်ပြလိုက်ပြီး သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ လူနှစ်ယောက်ကိုအားတင်းပြီးကြည့်လိုက်တယ်။ခေမီက ထိုင်နေရင်းတောင်မိုးပင်လယ်ရဲ့လက်မောင်းတစ်ဖက်ကိုမှီတွဲထားတယ်။အစကတည်းကမှီထားလား သူဝင်လာတော့မှမှီလိုက်လား မသိပေမဲ့လို့ သူကတော့ဒီမြင်ကွင်းကိုကြည့်ရတာ အဆင်မပြေပါဘူး။သူဘယ်လောက်ကြီးထိပဲစိတ်ကိုပြင်ဆင်လာပြင်ဆင်လာ သူချစ်တဲ့လူကို သူမဟုတ်တဲ့အခြားတစ်ယောက်နဲ့တွေ့ရတာ အဆင်ပြေနေမှ သူထူးဆန်းမှာလေ။ဟုတ်တယ်မလား?
နွေဦး သက်ပြင်းတစ်ချက်ခိုးချပြီး သူ့လက်တွေကိုအချင်းချင်းဖိဆုပ်လိုက်တယ်။သူဒီလိုပုံစံ ဒီလိုမြင်ကွင်းတွေကိုရှေ့လျောက်ဘယ်လောက်ထိမြင်ရဦးမလဲ မသိတာမို့ ခံနိုင်ရည်ရှိနေဖို့လိုတယ်။
တစ်နှစ်တောင်ရှိခဲ့ပြီ...သူ့လိုဆေးရုံမှာနေ့မအားညမအားအလုပ်မလုပ်ရဘဲ မပင်ပန်းလို့ထင်တယ်...ပိုတောင်ကြည့်ကောင်းလာသေးတယ်။
မိုးပင်လယ်က သူ့ကိုကြည့်မနေတာမို့ နွေဦး ကောင်းကောင်းကြီးကြည့်နေလို့ရတယ်။
သူ့အဖြစ်ကလဲရယ်တော့ရယ်ရတယ်...သူကသာမိုးပင်လယ်ထားသွားပါပြီဆိုပြီး အသဲကွဲသလိုလိုဖြစ်လိုက်၊မိုးပင်လယ်နဲ့သူ့အမေသူ့ကြောင့်များပြဿနာတက်နေမလား၊သူ့အမေရဲ့အတင်းအကျပ်ထိန်းချုပ်တာကိုများခံနေရပြီလားဆိုပြီး တွေးပူလိုက်ဖြစ်နေတာ မိုးပင်လယ်ကတော့အေးအေးဆေးဆေးနဲ့ စီးကရက်တောင် လက်ကြားညှပ်ထားလိုက်သေး။
အေးလေ...ဆရာဝန်မလုပ်တော့ဘူးဆိုတော့ လုပ်ချင်ရာလုပ်နေလို့ရပြီပေါ့။အများကြီးမသောက်ဖြစ်ဖို့တော့ သူမျှော်လင့်တာပဲ။သူနဲ့တစ်ဘဝလုံးမဖြတ်သန်းရတော့ဘူးဆိုရင်တောင်အသက်ရှည်ရှည်တော့နေစေချင်တယ်။
ဘာပဲဖြစ်ဖြစ် မိုးပင်လယ်အဆင်ပြေနေတာတွေ့ရတော့ သူလဲစိတ်အေးသွားရတယ်။အခုတော့ခေမီနဲ့လဲအဆင်ပြေနေပုံရတယ်။သူ့ကြောင့်များခံစားနေရမလားဆိုပြီး နွေဦး တွေးပူခဲ့ရတာတွေလဲခုတော့ဆက်ပူပင်စရာမလိုတော့ဘူး။ခံစားရတာကခံစားရတာဆိုပေမယ့် သူကျေနပ်ပါတယ်။
ဒါကနဂိုထဲက သတ်မှတ်ထားတဲ့ကိစ္စပဲမလား။
ခေမီကသူ့ကိုဆုဖလားကိုင်ထားတဲ့ လူလိုအပြုံးမျိုးနဲ့နှုတ်ဆက်လာလို့ သူလဲချန်ပီယံဟောင်းအပြုံးမျိုးနဲ့ပြန်ပြုံးပြလိုက်တယ်။တွက်ကပ်ပြီးပြောကြေးဆို သူကမိုးပင်လယ်ကို အရင်ပိုင်ခဲ့တာပဲလေ။ သူ့ကိုကြည့်လာစေချင်တဲ့လူကတော့သူ့ဘက်ကိုလှည့်မလာသေးဘူး..အေးစက်တည်တင်းနေတဲ့မျက်နှာထားနဲ့သူ့ကိုလစ်လျုရှုထားတယ်။
မိုးပင်လယ်ကမီးညှိမထားတဲ့စီးကရက်ကို လက်သွယ်သွယ်ကြားထဲညှပ်ထားပြီး ဆေးရုံအုပ်ကြီးပြောသမျှနားထောင်နေတယ်။
ဆေးရုံအုပ်ကြီးက နွေဦးကိုခေါ်ထားပြီး သူချည်းပဲ ရေပက်မဝင်အောင်စကားပြောနေတာခုချိန်ထိ နွေဦး ကိုခေါ်ရတဲ့ရည်ရွယ်ချက်ကိုမသိရသေးဘူး။ခုဆေးရုံအုပ်ကြီးနဲ့နွေဦးနဲ့က သိပ်မရင်းနှီးဘူး...ဆရာဦးသန့်စင်မင်းကနယ်ပြောင်းသွားရပြီး ဦးခင်မောင်ရင်က သူတို့ဆေးရုံကိုရောက်လာခဲ့တာ။အကုန်တော်ပေမဲ့ အလှူရှင်တွေနဲ့ တအားကပ်နေတတ်တဲ့အကျင့်နဲ့မို့လို့ နွေဦးနဲ့ သိပ်အဆင်မပြေချင်ဘူး။
အတန်ကြာ ကျောက်ရုပ်လို ထိုင်ပြီးနောက်မှာတော့ သူဆေးရုံအုပ်ကြီးရဲ့ အတန်းရှင်းပေးမှုကိုရလိုက်ပါပြီ။ဝမ်းသာစရာပါပဲ..သူဒီအခန်းထဲကနေမြန်နိုင်သမျှမြန်မြန်ထွက်သွားချင်နေပြီ။
ဆေးရုံအုပ်ကြီးကသူ့ပုခုံးကိုဆုပ်ကိုင်လှုပ်ရမ်းပြီး...
"မောင်နွေဦး...သူတို့က တို့ဆေးရုံကိုလတိုင်းလှူနေကြတဲ့ အလှူရှင်တွေ...သူတို့လဲဒီဆေးရုံမှာလုပ်ဖူးတယ်ဆို မင်းတို့ဌာနမှာပဲတဲ့...ရေစက်ပဲမလား"
နွေဦးဖွဖွလေးပြုံးလိုက်မိတယ်။ဟုတ်ပါရဲ့ ရေစက်ပဲ...သူကတော့ဒီစိတ်ပျက်စရာရေစက်ကဘယ်တော့ကုန်မှာလဲ သိချင်နေပြီ။ဆေးရုံအုပ်ကြီးကတော့အာဘောင်အာရင်းသန်သန်နဲ့ ဆက်ပြောနေတယ်။
"တစ်ဌာနထဲအလုပ်လုပ်ခဲ့ဖူးတာ မရင်းနှီးခဲ့ကြဘူးလား...ဟင်!နွေဦး"
ရင်းနှီးကြတာပေါ့...တစ်ယောက်ကတစ်ဖက်သက်သဘောကျခဲ့ဖူးတဲ့လူ၊တစ်ယောက်က သူ့ကိုထားသွားတာတောင်ချစ်နေရသေးတဲ့ရည်းစားဟောင်း....
"ရင်းနှီးကြပါတယ် ..."
နွေဦးရဲ့ အီလည်လည်အဖြေကိုကြားတော့ ငြိမ်ပြီးနားထောင်နေတဲ့မိုးပင်လယ်က မထိတထိ ရယ်တယ်။
"ဟွန်း..ကျန်တဲ့လူတွေနဲ့တော့မသိဘူး...ကျွန်တော်နဲ့တော့အရမ်းကိုရင်းနှီးခဲ့ကြတာ..ဟုတ်တယ်မလားနွေဦး"
အရမ်းဆိုတာကို တမင်ဖိပြီးပြောလိုက်လို့မိုးပင်လယ်ကိုနွေဦးကြည့်လိုက်တော့ မထီတထီအပြုံးနဲ့အံကြိတ်ပြီး သူ့ကိုလှမ်းကြည့်တယ်။ရှောင်ဖို့စိတ်ကူးမရှိတာမို့နွေဦးလဲပြန်စိုက်ကြည့်ပေးလိုက်တယ်။ခေမီကတော့ဘေးကနေမျက်နှာပျက်နေပြီး မိုးပင်လယ်ရဲ့လက်မောင်းကို ပိုပြီးတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်တာကိုတွေ့လိုက်တယ်။
မိုးပင်လယ်ဘာကိုတူးဖော်ချင်နေတာလဲ ဘာကိုမကျေနပ်တာလဲ..မိုးပင်လယ်ဘာတွေတွေးနေလဲ သူတကယ်မသိဘူး။
နွေဦး ပျော်ဝင်ခဲ့ရတဲ့ မျက်ဝန်းညိုတွေက အခုတော့ဒေါသရောင်တွေနဲ့လက်နေပြီးစူးရဲနေတယ်။တစ်လျှောက်လုံး သူ့မှာအပြစ်မရှိဘူးလို့ပဲနွေဦးထင်လာခဲ့တာ...ဒီနေ့မိုးပင်လယ်ရဲ့ မျက်ဝန်းထဲမှာတော့ သူ့ကိုအပြစ်တင်နေသလိုပဲ...သူ့ကိုဒေါသထွက်နေတယ်လို့နွေဦးခံစားရတယ်။မိုးပင်လယ်ရဲ့မျက်ဝန်းထဲမှာသူနားမလည်နိုင်တဲ့အဓိပ္ပါယ်တွေပြည့်နေတာမို့ အကြည့်လွှဲလိုက်တယ်။
ဆေးရုံအုပ်ကြီးကတော့ သူတို့ရင်းနှီးကြတယ်ဆိုလို့ သဘောတကျနဲ့ရယ်နေတော့တာပဲ။
"သိကြပြီးသားတွေဆိုပေမယ့် ထပ်မိတ်ဆက်ပေးမယ်...အခြေအနေတွေကမတူတော့ဘူးဆိုတော့...
မောင်နွေဦး...ဒါက Blue Spring အပန်းဖြေစခန်းပိုင်ရှင် ဦးမိုးပင်လယ်ပြာ..သူ့ဘေးကသူ့ဇနီးလောင်း ဒေါက်တာခေမီဇူးဇန်တဲဲ့"
အပန်းဖြေစခန်းရဲ့နာမည်ကြောင့် မိုးပင်လယ်ကိုသူလှမ်းကြည့်လိုက်မိတော့ မိုးပင်လယ်က မျက်မှောင်ကုတ်နဲ့ စားပွဲကိုပဲစိုက်ကြည့်နေတယ်။ဆေးရုံအုပ်ကြီးကတော့မိတ်ဆက်ပေးလို့ကောင်းတုန်းပဲ...နွေဦးကိုညွှန်ပြပြီး...
"သူကတော့...ဒေါက်တာ.."
"ကျွန်တော်တို့သိပြီးသား!အရေးတယူမိတ်ဆက်ပေးစရာမလိုတော့ဘူး"
တစ်ချိန်လုံးနီးပါးငြိမ်နေတဲ့လူဆီကထွက်လာတဲ့စကားက အရေးတယူလုပ်စရာမလိုဘူးတဲ့လား။နွေဦးဆစ်ခနဲနာကျင်မှုနဲ့အတူ နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်မိတော့ သူ့ကို မျက်မှောင်ကုတ်နဲ့ စိုက်ကြည့်နေပြန်တယ်။
ဘာလာကြည့်နေပြန်တာလဲ?သူ့အတွက်ကျခဲ့ရတဲ့ မျက်ရည်တွေကို နှမြောလိုက်တာ...အလကားကောင်!
မိုးပင်လယ်ကခပ်ရိုင်းရိုင်းစကားဖြတ်ပြောလိုက်ပေမဲ့ ဆေးရုံအုပ်ကြီးကတော့ တစ်ပြုံးပြုံးဖြစ်နေတုန်းပဲ။ဆေးရုံအုပ်အစားနွေဦးစိတ်တောင်ညစ်လာတယ်။ကြာလာလေလေ သူတို့ကြားထဲကလေထုကြီးကထူးဆန်းလာလေပဲမို့ သူပြန်ဖို့ပဲဆုံးဖြတ်လိုက်တယ်။
သူဒီနေ့ ကိုထွဋ်ကိုအတိုက်အခံလုပ်ပြီး လာလိုက်တာ တကယ်မှန်သွားတယ်လို့ထင်တယ်။သူ့စိတ်တွေကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးလိုက်သလိုပဲ။ဒီလောက်ဆို သူကိုယ့်ကိုကိုယ် ပေတေပြီးနေချင်သလိုနေနေတာတွေ အပြစ်တင်တာတွေကို ရပ်နိုင်ပြီ။သူလိုအပ်နေတာလဲ ဒီလိုပြတ်သားတဲ့ အခြေအနေတစ်ခုပဲ...အခုတော့သူ့ရဲ့အသုံးမဝင်တော့တဲ့ခံစားချက်တွေနဲ့မှုန်ဝါးဝါးမျှော်လင့်ချက်တွေကိုလက်လွှတ်ဖို့အချိန်တန်ပြီထင်တယ်။
နွေဦး အကုန်လုံးကိုနှုတ်ဆက်ပြီးထလာတော့ နောက်ကနေ မိုးပင်လယ်နဲ့ ခေမီကပါ ပြန်တော့မယ်ဆိုပြီးထိုင်ရာကနေထတယ်။သူအခန်းတံခါးကိုဖွင့်ပြီး ထွက်ထွက်ချင်းပဲ ကိုထွဋ်ကအပြေးအလွှားနဲ့သူ့ဆီလာနေတာကိုတွေ့ရတယ်။လက်ထဲမှာလဲ သူ့ရဲ့မာဖလာကိုကိုင်ထားသေးတယ်။ပုံစံကြည့်ရတာတော့ မာဖလာအကြောင်းပြပြီး လာစပ်စုတာပဲနေမှာ...
သူ့နားရောက်တော့ကိုထွဋ်က သူ့ကိုမေးဆတ်ပြပြီး..
"ဘယ်လိုလဲ"
နွေဦး မေးတဲ့မေးခွန်းကိုသိပေမယ့် မဖြေချင်တာကြောင့် မသိချင်ယောင်ဆောင်ပြီး မေးလိုက်တယ်။
"ဘာကိုလဲ"
"ကောင်စုတ်လေး သိရဲ့သားနဲ့"
"အင်း!!ဒီလိုပါပဲ"
"မင်းကလဲ တိတိကျကျပြောစမ်းပါ"
နွေဦးစိတ်ညစ်ညစ်နဲ့ခေါင်းကုတ်လိုက်မိတယ်။ဒီကိုထွဋ်နဲ့တော့ တစ်ခါတစ်လေ အရမ်းစိတ်ညစ်ရတာပဲ...သူဘယ်လိုပြောပြရမှာလဲ။အစ်ကို့ညီကတော့ ကျွန်တော့ကိုထားသွားပြီး သူ့ဇနီးလောင်းလေးနဲ့ တအားကို အဆင်ပြေ နေတာပဲလို့ပြောပြရမှာလား..မြင်ခဲ့ရတာတောင်အဆင်မပြေတာ သူ့နှုတ်ကနေထပ်ပြောစေချင်နေတာလား။ဒါဘယ်လိုရက်စက်မှုမျိုးလဲ?
"အစ်ကို ကျွန်တော့်ကို မာဖလာ လာပေးတာမလား...ပေး"
"ဟေအေး..မာဖလာကအကြောင်းပြချက်"
ကဲ...သူမပြောဘူးလား!!စိတ်ပျက်စရာကောင်းတဲ့လူ!
"ကဲ...ဒါဆိုလဲ ပေးပါဗျာ အေးလို့...အစ်ကို့ညီ အခြေအနေသိချင်ရင်တော့"
သူတို့စကားမဆုံးခင်မှာပဲ မိုးပင်လယ်တို့နှစ်ယောက်ထွက်လာတယ်။မိုးပင်လယ်ကစီးကရက်ကို နှုတ်ခမ်းဖျားမှာ ချိတ်ပြီး သူတို့ဆီကိုမှုန်ကုပ်ကုပ်ရုပ်နဲ့ကြည့်နေတယ်။ကိုထွဋ်က ကတော့ သူ့ရဲ့Seaကိုကြည့်ပြီး အောက်မေးတောင်ပြုတ်ကျမတတ်အံ့သြနေတာမို့ နွေဦး စိတ်ညစ်ညစ်နဲ့ ရယ်မိတယ်။
ကိုထွဋ်အံ့သြမယ်ဆိုလဲအံ့ြသလောက်ပါတယ်...မိုးပင်လယ်ကအရမ်းပြောင်းလဲသွားတာကိုး။အရင်တုန်းကဆေးရုံရဲ့အကြည်ဓာတ်လေးက ပြောင်းလဲသွားပြီလေ။
"ဟိုမှာထွက်လာပြီ...ကိုယ့်ဘာသာကြည့်တော့..ကျွန်တော့်ကိုမာဖလာပေး"
မာဖလာလှမ်းယူတဲ့ နွေဦးလက်ကို ကိုထွဋ်က ရိုက်လိုက်ပြီး သူ့ပုခုံးကိုဆွဲဖက်ကာ..
"နေပါဦး...မသွားနဲ့ဦး"
"ဟာ...ကိုထွဋ်!သွားတော့မယ် ကျွန်တော်ဒီမှာမနေချင်..."
နွေဦး စကားမဆုံးခင်မှာပဲ သူ့ပုခုံးကနေဆွဲပြီး နောက်ကိုတွန်းပို့တာခံလိုက်ရပြီး မိုးပင်လယ်က သူနဲ့ကိုထွဋ်ကြားကိုဝင်လိုက်ကာကိုထွဋ်ကိုဆွဲဖက်လိုက်တယ်။
ကိုထွဋ်ကတော့ ကြောင်အအနဲ့ အဖက်ခံထားရပြီး မိုးပင်လယ် ရဲ့ကျောကုန်းကို ပုတ်ပေးနေတယ်။
"မတွေ့တာကြာပြီ အစ်ကို..."
"ဟမ်!အေး တစ်နှစ်လောက်များရှိနေ..."
မိုးပင်လယ်ကတော့ ကိုထွဋ်စကားကိုဆုံးအောင်နားမထောင်ပဲ မျက်မှောင်ကုတ်နဲ့နွေဦးဘက်ကိုလှည့်ပြီး မာဖလာတစ်ခုလှမ်းပေးတယ်။
"ရော့..မင်းကျန်ခဲ့တာ"
နွေဦးကြည့်လိုက်တော့ မာဖလာက သူမြင်ဖူးသလိုလိုရှိပေမယ့် သူ့ဟာမဟုတ်ဘူး။သူအခုမာဖလာမှပတ်မလာတာ။
"ဘယ်မှာကျန်ခဲ့တာလဲ..ကျွန်တော့်ဟာမဟုတ်ဘူး"
"ကျစ်!ခုနကမင်းထိုင်ခဲ့တဲ့နေရာမှာ ကျန်ခဲ့တာ မင်းဟာမဟုတ်လို့ဘယ်သူ့ဟာဖြစ်ရမှာလဲ"
"ဆေးရုံအုပ်ကြီးဟာဖြစ်မှာပေါ့ ကျွန်တော်မာဖလာမပါလာဘူး"
နွေဦး အတင်းအကျပ်ငြင်းတော့ မိုးပင်လယ်မျက်နှာ ပိုပြီးဆူပုတ်လာတယ်။နွေဦးလဲ မိုးပင်လယ်ဘာဖြစ်ချင်နေတာလဲ နားကိုမလည်တော့ဘူး။ခုနကပဲ မပတ်သက်ချင်သလိုလို နဲ့လုပ်နေပြီးခုကျတော့သူ့မာဖလာမဟုတ်ပါဘူးလို့ပြောနေတာကိုတောင် သူ့ဟာဆိုပြီးအတင်းအကျပ်ပေးနေပြန်ပြီ။
"ကိုထွဋ်...ကျွန်တော့ မာဖလာပေး ကျွန်တော် ပြန်နှင့်မယ်"
နွေဦး ဆက်ပြီး ငြင်းချင်စိတ်မရှိတော့တာမို့ ကိုထွဋ်ဆီက မာဖလာကိုလှမ်းတောင်းတော့ သူ့လက်ကိုဆောင့်ဆွဲပြီး..မာဖလာကိုလက်ထဲထိုးထည့်တယ်။
"မင်းဟာဟုတ်ဟုတ် မဟုတ်ဟုတ် ယူလိုက်တော့...ကျစ်!!စောက်လုပ်ရှုပ်တယ်"
"ဟ!!စောက်လုပ်ရှုပ်ရင် ဘာလို့လာပေးနေသေးလဲ..ခင်ဗျားပဲကျွန်တော် မဟုတ်ဘူးပြောနေတာကို အတင်းပေးနေတာမဟုတ်ဘူးလား...ခင်ဗျားတင်စောက်လုပ်ရှုပ်တာမဟုတ်ဘူး ကျွန်တော်လဲစောက်လုပ်တွေအများကြီးရှိတယ်"
နွေဦး စိတ်တိုတိုနဲ့ မာဖလာကို ခေမီ့လက်ထဲထိုးထည့်ပြီး ကိုထွဋ်လက်ထဲက မာဖလာကိုဆွဲယူပြီးထွက်လာခဲ့တယ်။ချစ်တာကချစ်တာပဲ...သဘောကျတာကကျတာပဲ..သူ့ကိုအကျောကြီးနဲ့လာဆက်ဆံတာမျိုးတော့ ဘယ်လိုမှသည်းမခံနိုင်ဘူး။မရဘူး!! သူတစ်ခွန်းဆို ကိုယ်အခွန်းတစ်ရာပြန်ပြောမှာ...သည်းခံနေစရာအကြောင်းလဲရှိမှ မရှိတော့တာ။
မိုးပင်လယ် ခေမီ့လက်ထဲရောက်သွားတဲ့ မာဖလာကို ပြန်ယူလိုက်ပြီး ကျောခိုင်းထွက်သွားတဲ့ကျောပြင်ကိုစိုက်ကြည့်ကာ စိတ်ပျက်လက်ပျက်နဲ့ဆံပင်ကို လက်ငါးချောင်းလုံးနဲ့ထိုးလှန်တင်လိုက်တယ်။မတွေ့တာကြာပြီဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းကတော့ စံတင်လောက်စရာ ကြည်နူးစရာပဲ...ဒါပေမဲ့လဲ သူဒီကိုပြန်လာတာ ကြည်နူးစရာလေးတွေဖန်တီးဖို့မှမဟုတ်တာ။တတ်နိုင်သမျှ နွေဦးကိုစိတ်ညစ်အောင်လုပ်ဖို့ရည်ရွယ်ချက်နဲ့လာခဲ့တာ။
မိုးပင်လယ် ဆေးရုံကြမ်းပြင်ကို မကျေမနပ်ဖြစ်စွာဖိနပ်ဦးနဲ့ ထိုးကာလွှဲကန်လိုက်တာကို ကိုထွဋ်နဲ့ခေမီကတစ်ခုချင်းလိုက်ကြည့်တယ်။ကိုထွဋ်က သက်ပြင်းချပြီး ခေမီက မလိုလားသလိုမျက်မှောင်ကျုံ့တယ်။
သူ အံကြိတ်ကာ မာဖလာကို ကိုထွဋ်လက်ထဲ ထည့်လိုက်ပြီး...
"အစ်ကို ပေးပေး!"
"ကိုကို!"
ခေမီကဘေးကနေ ဆောင့်ဆောင့်အောင့်အောင့်အော်တယ်။ခေမီဘယ်လောက်အော်အော်သူဂရုမစိုက်ပါဘူး...ပြောရမယ်ဆို အဲ့အခေါ်အဝေါ်ထွက်လာတာကြောင့်စိတ်မကြည်မလင်ပိုဖြစ်သွားတာပဲရှိတယ်။
ကျော်ဇင်ထွဋ် အရမ်းစိတ်ညစ်သွားတယ်။သူရဲ့လျှာရှည်မှုနဲ့အတူ ဇာတ်ရှုပ်ထဲ အော်တိုရောက်သွားပြီ။နွေဦးပြောပြောနေတဲ့ သူမိုးပင်လယ် ကိုနားမလည်နိုင်ဘူးဆိုတာကိုလဲ အခုတော့သူနားလည်စပြုနေပြီ။မိုးပင်လယ်က ခေမီ့ကိုဘေးမှာထားပြီး ဘာဖြစ်ချင်နေတာလဲ။ခုလဲ နွေဦးကို မာဖလာပေးခိုင်းနေပြန်ပြီ။သူယူမပေးသင့်ဘူး...သူနွေဦးရဲ့ခံစားချက်ကို ဦးစားပေးသင့်တယ်။
"ဟေအေး!ငါမပေးပေးဘူး"
မိုးပင်လယ်ကဘာဖြစ်လို့လဲဆိုတဲ့ မျက်နှာထားနဲ့ကြည့်လာတယ်။
"နွေဦးက သူ့ဟာမဟုတ်ဘူးလို့ပြောသွားတယ်လေ...ငါမယူသွားချင်ဘူး"
မိုးပင်လယ်က သက်ပြင်းချပြီး ဆက်ပြောတယ်။
"မဟုတ်ဘူး အစ်ကို...တကယ်သူ့ဟာ...ကျွန်တော်ပြန်တော့ အဝတ်အစားတွေထည့်ရင်းအမှတ်တမဲ့ပါသွားတာ"
ကျော်ဇင်ထွဋ်ဘာပြောရမှန်းမသိအောင်ကြောင်သွားသလို ခေမီ့မျက်နှာကလဲ ပြန်ပြင်လို့မရအောင်ကိုပျက်စီး နီမြန်းနေပြီ။
မျက်နှာမပျက်ရအောင်လဲ သူ့ရဲ့ခင်ပွန်းလောင်းက ရည်းစားဟောင်းရဲ့ မာဖလာကို တစ်နှစ်လောက်သိမ်းထားပြီး ပြန်ပေးနေတယ်ဆိုတာ သူ့အတွက်တော့ကြောက်စရာပဲပေါ့။
ကျော်ဇင်ထွဋ်အနေနဲ့က တွေးစရာတွေအရမ်းများသွားပြီ။Seaက နွေဦးကို မမေ့နိုင်သေးပဲ သူ့အမေရဲ့အတင်းအကျပ်စေခိုင်းမှုကိုခံနေရတာလား။နွေဦးပုံကတော့ ဒီပတ်သက်မှုကိုတော်တော်လေး ပျက်စီးချင်တဲ့ပုံပေါ်နေပြန်တယ်။သူယူသွားသင့် မယူသွားသင့်တွေးနေတုန်းမှာပဲ မိုးပင်လယ်က သူ့လက်ကိုလှုပ်ရမ်းပြီး ဆက်ပြောနေတယ်။
"နော်..အစ်ကို...ပြန်ပေးပေးပါ...အစ်ကိုတို့အခု အဆင်ပြေသွားကြပြီမလား"
"ငါ..."
"ပေး !ခေမီသွားပေးပေးမယ်"
"ဟာခေမီ!"
"တောက်!ခေမီဇူးဇန်!ပြန်လာခဲ့စမ်း"
စိတ်မြန်လက်မြန်နဲ့ ခေမီကဆွဲယူပြီး ဘောက်ဆတ်ဆတ်နဲ့ ထွက်သွားတာကို မိုးပင်လယ်ကခြေလှမ်းကျဲကြီးတွေနဲ့ နောက်ကနေလှမ်းဆွဲတယ်။
ခေမီက တဆတ်ဆတ်တုန်ရင်နေတဲ့နှုတ်ခမ်းတွေမျက်ရည်အဝိုင်းသားမျက်လုံးတွေနဲ့လှည့်လာပြီး...လက်ထဲကမာဖလာကိုဆုတ်ချေပြီးမြှောက်ပြတယ်။
"ကိုကို ဒါကို နွေဦးလက်ထဲပြန်ထည့်ပေးချင်နေတာမလား...တစ်နှစ်လုံး သတိရနေခဲ့ပါတယ်...ခုထိလဲခံစားချက်ရှိနေတုန်းဆိုတာကို တစ်ဖက်လှည့်နဲ့ပြချင်နေတာမလား"
"တောက်!ခေမီ...အဲ့ဒါငါ့ကိစ္စ!ဝင်မပြောနဲ့"
"ဝင်ပြောမှရမယ်...ခုခေမီ့မှာ အဲ့လိုပြောလို့ရတဲ့အခွင့်အရေးရှိနေပြီ။ခုခေမီက ကိုကိုနဲ့တရားဝင်စေ့စပ်ထားတဲ့ ကိုကို့ဇနီးလောင်းပါ...တစ်ညအိပ်ပြီးကိုကိုထားခဲ့တာခံရတဲ့ နွေဦး မဟုတ်ဘူး"
ခေမီ့အော်သံကစူးခနဲ....တော်တော်ကွာကွာမှာရပ်ကျန်ခဲ့တဲ့ကျော်ဇင်ထွဋ်တောင်သေသေချာချာကြားရတယ်။ခေမီ့ရဲ့စကားအဆုံးမှာ မိုးပင်လယ်ရဲ့ သြသြရှရှ အသံ ကဆေးရုံကော်ရစ်ဒါတစ်လျှောက်ဟိန်းထွက်လာတယ်။
"ခေမီဇူးဇန်!!!"
ခေမီကတုန်ခနဲဖြစ်သွားပေမယ့် မျက်လုံးတော့လွှဲမသွားဘူး။
မိုးပင်လယ် ရှေ့ကိုနောက်တစ်လှမ်းထပ်တိုးပြီး အံကြိတ်သံနဲ့ပြောလိုက်တယ်။
"ဟုတ်တယ်!မင်းနဲ့ငါနဲ့က တရားဝင်စေ့စပ်ထားတာ..အဲ့အဓိပ္ပါယ်မရှိတဲ့စေ့စပ်တာကြောင့် မင်းကငါ့ကိုထိန်းချုပ်ခွင့်ရသွားပြီလို့ထင်ရင် တော့မှားသွားပြီ။မင်းမှာ ငါ့အကြောင်းတွေကို ငါခွင့်မပြုပဲဝင်စွက်ဖက်ပိုင်ခွင့်ကိုမရှိဘူး...ခေမီ!...မင်းကငါဒီကိုပြန်လာဖို့အတွက် မေမေနဲ့ငါနဲ့ကြားကသဘောတူညီမှုတစ်ခုသာသာပဲ...
မင်းသဘောပေါက်လား"
"ကိုကိုက..."
"နေဦး!!ပြီးတော့ နွေဦးဧရာကို စော်စော်ကားကားပြောတာ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ...ပြောချင်းပြောငါပဲပြောမယ်..အခြားလူပြောရင် ငါသည်းခံနေမှာမဟုတ်ဘူး"
"ရတယ်!ခေမီမပြောတော့ဘူး...ကိုကိုသာဒီကိုပြန်လာတဲ့မူလရည်ရွယ်ချက်ကိုမေ့မပစ်နဲ့"
မျက်ရည်အဝိုင်းသားနဲ့ အံကြိတ်နေတဲ့ခေမီကို မိုးပင်လယ်စိုက်ကြည့်ပြီး မာဖလာကိုပြန်ဆွဲယူလာကာကိုထွဋ်လက်ထဲထည့်လိုက်တယ်။
"အစ်ကို ပြန်ပေးပေးပါ...ကျွန်တော်ဆက်မသိမ်းထားတော့ဘူး...ခုဆက်သိမ်းထားစရာ အကြောင်းပြချက်ရော အကြောင်းရောမရှိတော့ဘူး"
သူလုပ်ခဲ့သမျှက နောက်ကိုပြန်လှည့်လို့မရတော့ဘူး။
ပြန်လှည့်ဖို့လဲစိတ်ကူးမရှိဘူး...သူတို့နှစ်ယောက်ရဲ့ ကံကိုကပေါင်းစည်းဖို့အခြေအနေမပါလာဘူးထင်တယ်။
မိုးပင်လယ်ရဲ့တင်းမာပြီးပြတ်သားနေတဲ့ပုံကိုကြည့်ပြီးကျော်ဇင်ထွဋ်အီလည်လည်ပြုံးပြီးလေးလေးလံလံနဲ့ခေါင်းညိတ်ပြလိုက်တယ်။နွေဦးကိုပေးရမယ့် ဆင်ခြေကောင်းကောင်းလေးတစ်ခုလောက်သူ့ကိုကူရှာပေးကြပါ။အဲ့ကောင်လေးကတစ်ခါတစ်လေကြောက်ဖို့ကောင်းတာမို့...သူကံကောင်းအောင်ဆုတောင်းပေးပါဦး။
_________
A/N
ဟိုရောက်လိုက်ဒီရောက်လိုက် မာဖလာကိုပဲသနားသွားပြီ :3