ရှင်သိလား။တစ်ခါတစ်လေမှာကျွန်မတို့မိန်းမတွေကကျွန်မတို့ရင်ထဲကခံစားနေရတာကိုတောင်အလွယ်တကူထုတ်ပြလို့မရဘူး။လူတွေက မိန်းမတစ်ယောက်ဘယ်လိုနေရမယ်ဆိုတာသူတို့စိတ်ထဲမှာသတ်မှတ်ထားပြီးသား။အဲ့ဒါနဲ့နည်းနည်းလေးသာသွေဖယ်လိုက် ကျွန်မကအလိုလိုမကောင်းတဲ့မိန်းမဖြစ်သွားလိမ့်မယ်။ဒါပေမဲ့ ဒါတွေက သေချာပေါက်လူနဲ့လည်းဆိုင်သေးတာပေါ့။သီရိစံပါယ်လမ်းပေါ်တတိမြောက်ရောက်လာတဲ့ သဉ္ဇာခိုင်ကတော့ ရှင်တို့ရဲ့စည်းမျဉ်းတွေအောက်မှာသူ့ဘဝကိုပိတ်ထားမှာမဟုတ်ဘူး။သဉ္ဇာခိုင်က ကျွန်မတို့ထဲမှာအရိုးသားဆုံး၊စိတ်ထဲရှိတဲ့စကားကို ရှေ့နောက်မကြည့်ဘဲအပြောတတ်ဆုံးပဲ။
အဲ့ဒိနေ့ကကျွန်မခြံရှေ့ကသစ်ပင်တွေကိုရေလောင်းနေတာ။ကျွန်မတို့အိမ်က ကျွန်းသစ်တွေနဲ့ဆောက်ထားတဲ့နှစ်ထပ်အိမ်ကြီး။ရေနံချေးတွေဝပြီး မဲပြီးပြောင်လက်နေတယ်။ညဘက်ကြည့်မိရင်တော့တစ်ခါတစ်လေကျောချမ်းစရာကောင်းလိမ့်မယ်။ဒါပေမဲ့ လျှပ်စစ်မီးတွေက အလကားရှိနေတာမှမဟုတ်တာ။ကျွန်မကတော့ညနေမိုးချုပ်လာပြီဆိုတာနဲ့ တစ်ခြံလုံးမီးတွေထွန်းထားလိုက်တာပဲ။အဲ့ဒါကြောင့်လူအများစုက ကျွန်မတို့အိမ်ကြီးရဲ့ကြောက်စရာကောင်းလောက်အောင်မဲမှောင်နေတဲ့အချိန်ကိုသတိမထားမိတာများတယ်။ထို့နည်းတူစွာ ကျွန်မကိုကောပေါ့။ရှင်သာကျွန်မကိုမြင်နိုင်ရင်ကျွန်မမျက်နှာပေါ်ကခပ်ယဲ့ယဲ့အပြုံးလေးကိုမြင်စေချင်လိုက်တာ။
ကျွန်မရေလောင်းနေရင်း လမ်းထဲကအဖြူရောင်တိုက်အသစ်ကြီးဆီကားတစ်စီးဆိုက်လာတာတွေ့တယ်။ကားအကြောင်းနားမလည်တော့ ကားအမျိုးအစားတွေဘာတွေတော့သေချာမသိဘူး။ဒါပေမဲ့ဈေးကြီးပုံရတာတော့အမှန်ပဲ။အဲ့ကားနောက်မှာဆက်တိုက်ဝင်လာတဲ့ကုန်တင်ကားကြီးတွေကိုလည်းတွေ့တယ်။ခဏနေတော့ရှေ့ဆုံးကကားကအမျိုးသမီးတစ်ယောက်ဆင်းလာတယ်။သူ့အသားကဖြူဖွေးနေတာပဲ။ကြက်သွေးရောင်ပါတိတ်ဝမ်းဆက်ကြောင့်အသားကရဲရဲလေးနဲ့တောက်နေတယ်။သူကကားပေါ်ကဆင်းပြီးတာနဲ့ နောက်ကကားနှစ်စီးမှာပါလာတဲ့အလုပ်သမားတွေဆီသွားပြီး ပစ္စည်းတွေကိုဘယ်လိုဘယ်ပုံရွှေ့ဖို့မှာနေတာတွေ့သေးတယ်။သူမကိုယ်ပေါ်ကအင်္ကျီနဲ့ထဘီက သူမအသားပေါ်မှာကွက်တိကပ်ကပ်ရပ်ရပ်။ဒါပေမဲ့ကျပ်တုပ်နေသလိုမဟုတ်ဘူး။သူမလှုပ်ရှားလိုက်တိုင်း သူမကိုယ်ပေါ်ကအင်္ကျီတွေက သာသာယာယာပဲသူမနဲ့အတူလှုပ်ရှားနေတယ်။ခဏနေတော့ ကျွန်မကြည့်နေတာကိုသတိထားမိသွားပုံရတယ်။ကျွန်မကိုပြုံးပြတယ်။သူမအပြုံးကကျက်သရေရှိတဲ့အပြုံးမျိုး။သဉ္ဇာခိုင်ကလှလားမေးရင်လှတာပေါ့။ဒါပေမဲ့သူ့ရဲ့ရုပ်ဆင်းသွင်ပြင်မှာ ဆွဲငင်အားအရှိဆုံးကသူမရဲ့အလှမဟုတ်ဘူး။ သူမရဲ့တော်ဝင်ဆန်မှုပဲ။
သဉ္ဇာခိုင်နဲ့ပထမဆုံးဆုံဖြစ်တာ လမ်းထဲကအလှူမှာ။သူနဲ့ကျွန်မကတစ်ဝိုင်းတည်းကျတယ်။အလှူကရုံးဖွင့်ရက်ဆိုတော့ ရုံးသွားရတဲ့သူတွေမလာကြတာများတော့ ကျွန်မတို့ယောက်ျားတွေမပါဘူး။ကျွန်မရောက်တော့လူတောင်တော်တော်နည်းနေပြီ။သုံးဝိုင်းစာလောက်ပဲလူရှိတော့တယ်။နယ်အလှူတွေရဲ့ထုံးစံအတိုင်း ရောက်တာနဲ့အလှူရှင်တွေက ဖော်ဖော်ရွေရွေပဲကျွန်မကိုခေါ်ကြပါတယ်။ကျွန်မကိုသဉ္ဇာနဲ့တစ်ဝိုင်းတည်းနေရာချပေးတယ်။နောက်ပိုင်းမှကျွန်မသိတာက လူတွေကကျွန်မအပေါ်ဖော်ရွေတယ်ဆိုတာ ကျွန်မကိုသဘောကျလို့မဟုတ်ဘူး။မြို့နယ်ဆရာဝန် တစ်ယောက်ရဲ့ကတော်ဆိုပြီးလေးလေးစားစားဆက်ဆံတဲ့သဘောပဲဆိုတာ။
ကျွန်မထိုင်တဲ့ဝိုင်းမှာကျွန်မဝင်လိုက်တော့ငါးယောက်ရှိတယ်။ကျွန်မရယ်၊သဉ္ဇာရယ်၊မျက်မှန်းတန်းမိတဲ့ကောင်မလေးတစ်ယောက်ရယ်၊လမ်းထဲကဒေါ်လေးဒေါ်ကျင်တီရယ်၊ဒေါ်ကျင်တီနဲ့အသက်မတိမ်းမယိမ်းလောက်ရှိတဲ့အမျိုးသမီးတစ်ယောက်ရယ်။ဒေါ်ကျင်တီနဲ့သူ့ဘေးကရွယ်တူအမျိုးသမီးတစ်ယောက်က ခိုင်လမ်းတစ်လမ်းထဲကယောက်ျားတစ်ယောက်ဖောက်ပြန်တဲ့အကြောင်းတိုးတိုးတိုးတိုးနဲ့အတင်းတုတ်နေကြတာ။ကောင်မလေးကတော့ခပ်အေးအေးပဲ။သူနဲ့မဆိုင်သလို။သဉ္ဇာကိုလှည့်ကြည့်လိုက်တော့ ကျွန်မကိုပြုံးပြတယ်။ကျွန်မကလည်းပြန်ပြုံးပြလိုက်တယ်။
ခဏနေတော့ဒေါ်ကျင်တီကအတင်းပြောနေတာပြီးသွားပုံပေါ်တယ်။ကျွန်မဘက်ကိုလှည့်ပြီး "ဆရာလေးကတော်ရော ကလေးတွေဘာတွေမယူသေးဘူးလား။ငယ်တုန်းယူထားနော်။အသက်ကြီးမှဆိုမလွယ်ဘူး။နောက်ပြီးယောက်ျားတွေဆိုတာလည်းကလေးရှိမှအိမ်မြဲတာ ကောင်မလေးရဲ့။တစ်ခါအဆင်မပြေတာနဲ့ လုံးလုံးလက်မလျှော့လိုက်နဲ့ပေါ့ဆရာမလေးရယ်"
"ဟုတ်ကဲ့ပါဒေါ်လေး။ကျွန်မလည်းကလေးတစ်ယောက်တော့လိုချင်ပါတယ်။မရသေးတာတော့လည်းဘယ်တတ်နိုင်ပါ့မလဲ"
"မရသေးတာနဲ့မတတ်နိုင်ဘူးဆိုပြီးလက်မလျှော့နဲ့လေ။ကိုယ်ကဆရာဝန်ယောက်ျားသန့်သန့်လေးကိုရထားတာ။အိမ်မှာနေပြီးကလေးတစ်ယောက်မှမွေးမပေးနိုင်လို့ ညည်းယောက်ျားကနောက်တစ်ယောက်တွေ့သွားရင်ဘယ်လိုလုပ်မလဲ။"
ကျွန်မစိတ်ထဲထောင်းခနဲဖြစ်သွားတယ်။ဒါပေမဲ့ကျွန်မဘာမှပြန်မပြောနိုင်ခင်ပဲ သဉ္ဇာက "ယောက်ျားတစ်ယောက်အိမ်ထောင်ရေးမဖောက်ပြန်အောင်ကလေးကိုအသုံးချနေရတယ်ဆိုရင် ဒီလိုယောက်ျားမျိုးယူမနေသင့်တော့ဘူး။ကိုယ်ကအရင်ထားခဲ့လိုက်ရမှာ"
ဒေါ်ကျင်တီက "ဒီလိုတော့လည်းဘယ်ဟုတ်မလဲ။ကိုယ်ကယောက်ျားယူပြီးရင် မီးဖိုချောင်ကိစ္စနိုင်နင်းရုံတင်မကဘူး ကျန်တဲ့ယောက်ျားစိတ်ကျေနပ်စရာတွေလေးတွေ၊နေပျော်စရာလေးတွေလည်းဖန်တီးပေးနိုင်အုံးမှလေ။အိမ်ထောင်ကိုမပြိုကွဲအောက်ထိန်းသိမ်းထားနိုင်မှ"
"မိန်းမဆိုတာနဲ့ပဲ မီးဖိုချောင်ထဲတန်းရောက်ပြီး ယောက်ျားနောက်ကအရိပ်အနေနဲ့ပဲနေရမယ်လို့မှမရှိတာ။ကျွန်မတို့လည်းကိုယ့်ဘဝနဲ့ကိုယ်ရှိသေးတာပဲ။မဟုတ်ဘူးလားအမ။နောက်ပြီးအိမ်ထောင်မှုဆိုတာ ယောက်ျားနဲ့မိန်းမနှစ်ဖက်ရှိတာ။မိန်းမကပဲ ယောက်ျားဘာလုပ်လုပ်ငြိမ်ခံပြီး ထိန်းထားရမယ်ဆိုဘယ်တရားပါ့မလဲ"
"အင်း...ဟုတ်ပါတယ်" လို့ပဲကျွန်မပြန်ပြောဖြစ်တယ်။ကျွန်မကအခြေအတင်မပြောချင်ဘူး။ကိုယ့်ဖာ့ကိုယ်အေးအေးဆေးဆေးပဲနေချင်တာ။ဒေါ်ကျင်တီကတော့ကျွန်မနဲ့ဆန့်ကျင်ဘက်ပဲ။
"ကျုပ်တို့ကတော့ တစ်လင်တစ်မယားပဲ။ယူပြီးမှတော့တစ်သက်လုံးပေါင်းရတော့မှာပေါ့။အဲ့လိုဖြစ်အောင်လည်းမိန်းမဘက်ကထိန်းကျောင်းရမယ်လေ။သူဘာလုပ်စရာရှိလဲ။ငွေရှာစရာမှမလိုတာဟယ်။တစ်ချို့တွေလို လင်တစ်ယောက်ပြီးတစ်ယောက် ၃ဆက်လောက်ပြောင်းနိုင်တဲ့သူတွေကတော့တစ်မျိုးပေါ့"
"ဟုတ်တယ်နော်ဒေါ်ဒေါ်။တစ်ချို့တွေက လင်တွေတစ်ယောက်ပြီးတစ်ယောက်ရအောင်ယူနိုင်တော့ ဒီလင်မကောင်းနောက်လင်အေးဆေးယူလို့ရတော့ ဒါတွေလိုက်စိတ်မပူဘူးပေါ့။တစ်ချို့တွေလို သွေးစုန်းခါနီးမှယောက်ျားမရလို့ သွေးရူးသွေးတန်းလျှောက်ပြောနေတတ်တဲ့သူတွေထက်စာရင်တော်သေးတာပေါ့။ကျွန်မကတော့အဲ့လိုမိန်းမမျိုးတွေကိုတစ်ကယ်သနားတယ် ဒေါ်ဒေါ်ရယ်။" သဉ္ဇာကပြောပြီး သူ့အရှေ့ကအကြမ်းရည်ခွက်လေးကိုလှမ်းယူပြီး တစ်ငုံငုံလိုက်တယ်။ပြီးတော့ခပ်ပြုံးပြုံးနဲ့ဒေါ်ကျင်တီကိုတစ်ချက်ကြည့်လိုက်သေးတယ်။ဒေါ်ကျင်တီကတော့ ဘာမှဆက်မပြောတော့ဘဲ ဝက်သားဖတ်ကြီးတစ်ဖက်ကိုဆယ်ပြီးသူ့ပန်းကန်ထဲ ဘတ်ခနဲကောက်ထည့်လိုက်တယ်။
အဲ့အချိန်မှာပဲကျွန်မသိလိုက်တယ်။ဒီမိန်းမနဲ့ကျွန်မဘယ်တော့မှ ရန်သူမဖြစ်ချင်ဘူးဆိုတာပဲ။ကျွန်မကပဲ အဲ့နေ့အဲ့နေရာမှာပဲသူ့ကိုစမိတ်ဆက်လိုက်တယ်။နောက်ပိုင်းမှာ ကြာသပတေးနေ့ညနေတိုင်းကျွန်မအိမ်မှာလူစုပြီး စားကြသောက်ကြစကားပြောကြရင်း နှစ်တွေအများကြီးအတူဖြတ်သန်းမယ့်အမျိုးသမီးလေးယောက်ကို စုစည်းပေးခဲ့တဲ့သူကလည်း သဉ္ဇာခိုင်ပါပဲ။အဆုံးသတ်မှာကျွန်မသေဖို့ ပထမဆုံးထောက်ခံခဲ့တာလည်း သဉ္ဇာခိုင်ကိုယ်တိုင်ပဲ။
Note - Heavily inspired by Desperate Housewives