အထွန်းတစ်ယောက် စဥ့်အိုးဘေးတွင် ထိုင်ကာ ရေခွက်ကို ကိုင်ရင်း ပြန်ချရင်းဖြင့် အလုပ်များနေသည် ။ တစ်ကိုယ်လုံးကို ရေချိုးပြီးသော်လည်း မျက်နှာ မသစ်ရသေး။
မျက်နှာသစ်လိုက်ရင် ကိုမိုး လိမ်းပေးထားတဲ့ သနပ်ခါးလေး ပျက်ကုန်တော့မှာ ။ ဒါပေမယ့် မျက်နှာ မသစ်လို့ကလည်း ရမှ မရတာ။
စဥ့်အိုးထဲသို့ ငုံ့ကြည့်လိုက်တော့ အထွန်းပုံရိပ်လေးကို ဝိုးတိုးဝါးတား မြင်နေရပြန်သည် ။
အထွန်း ဒီ ပါးကွက်လေးကို နှမျောလိုက်တာ ။
နာရီဝက် ၊ တစ်နာရီခန့် ထိုင်နေပြီးသော အခါတွင် အထွန်းတစ်ယောက် နှုတ်ခမ်း လေးကို မဲ့ကာ မဲ့ကာဖြင့် မျက်နှာ သစ်ရတော့သည် ။
အထွန်း ဒဿဂီရိလို ခေါင်းတွေ အများကြီး ရှိချင်လိုက်တာ ။ ဒါဆိုရင် အထွန်း ဒီပါးကွက်လေးကို သိမ်းထားလို့ရမှာ ။
အိမ်ပေါ်သို့ရောက်သော အခါတွင်တော့ အလျင်အမြန်ပင် ရေသုတ်ကာ အမေပြန်လာကို စောင့်နေလိုက်သည်။
အမေ က ဥပုသ်စောင့်ထားတယ် ၊ အထွန်းလည်း သိပ်မစားချင်တော့ ထမင်းမချက်တော့ပါဘူးလေ ။
*******
"မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ .. ကူးပြောင်းစ တန်ခူးလေမှာ .."
အထွန်းက သီချင်း တကြော်ကြော် ဆိုရင်း မဏ္ဍပ်ရှိရာသို့ ထွက်လာသည်။
ဗဟို မဏ္ဍပ်က မြို့အလယ် ၊ အထွန်းတို့ အိမ်က မြို့ အစွန် ။ မနီးလှသော အကွာအဝေး ဖြစ်သော်လည်း အထွန်း ကတော့ အနည်းငယ်မျှပင် ပင်ပန်းသည်ဟု မထင်။
ရေခွက်ဖြူဖြူကို လက်က ကိုင်ကာ ခုန်ဆွခုန်ဆွ ဖြင့် လျှောက်လာရင်း လမ်းတစ်ဝက်သို့ပင် ရောက်လာသည်။
တော်ပါသေးရဲ့ ရေလောင်းတဲ့ သူတွေ မရှိသေးလို့ ။
အထွန်း ကိုမိုးနဲ့တွေ့တဲ့အထိ ရေမစိုချင်သေးဘူး။ သင်္ကြန်မှာ အထွန်းကို ပထမဆုံးရေလောင်းတဲ့ သူက ကိုမိုးပဲ ဖြစ်စေချင်တာ။
"အမလေး"
တွေး၍ပင် မဆုံးသေးခင် ပခုံးတစ်ဖက်က ရွှဲရွှဲစိုသွားလေတော့ အလန့်တကြားပင် ထအော်မိတော့သည်။
ရေစိုသွားသော အင်္ကျီကို ငုံကြည့်ကာ "ကုန်ပါပြီ" ဟု ရေရွတ်ရင်း ဘေးသို့ ကြည့်လိုက်တော့
"ဟင် ကိုမိုး"
"ဘာတွေ အဲလောက်တွေးနေတာလဲ ၊ နောက်က ခေါ်နေတာကို မကြားဘူး"
ထိုအခါမှ အထွန်း ရယ်ပြမိတော့သည်။
"ဒါနဲ့ ကိုမိုးက မဏ္ဍပ်နားမှာစောင့်နေမယ်ဆို"
"အင်း ပိတောက်ပန်း ခူးရအောင် ဒီဘက် ထွက်လာလိုက်တာ "
"ဪ.."
"ဟိုအနားက အပင်မှာ ပန်းတွေပွင့်နေပြီလေ ၊ အထွန်း ပိတောက်ပန်း ယူမယ်မလား"
"ဟုတ်"
အထွန်း ခေါင်းညိတ်ပြတော့ ကိုမိုးက ပြုံးပြလာသည်။
"ဒါဆို သွားကြမယ်လေ"
ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ပြီးသော အခါတွင်တော့ ပိတောက်ပင် အောက်သို့ ရောက်လာသည်။
"အထွန်း ဒါလေး ခဏ ကိုင်ထား "
လက်ထဲသို့ရောက်လာသော ရေဘူးကို အထွန်းသေချာ ကြည့်နေမိသည် ။ ရေဘူးထဲတွင်တော့ ရေတစ်ဝက်လောက်က ကျန်နေသေးသည်။
ခုနက အထွန်းကို လောင်းသွားတာ ဒီရေဘူးထဲက ရေတွေပေါ့ ။
အရပ်ရှည်သော ကိုမိုးသည် ဘောင်းဘီ အရှည်နှင့် လိုက်ဖက်နေသည်။ အပြာနုရောင် အင်္ကျီလက်ရှည်ကို ဝတ်ထားတော့ နဂိုဖြူသော အသားက ပို၍ပင် ဖြူနေသလို။
"ကိုမိုး "
အပင်ပေါ်တက်မည့်ဆဲဆဲတွင် အထွန်းက ခေါ်လိုက်တော့ လှည့်ကြည့်လာသည်။
"ပြောလေ အထွန်း"
"ဟိုလေ ပိတောက်ပန်းတွေ အများကြီး မခူးနဲ့နော်"
"ဘာလို့လဲ အထွန်းက မလိုချင်လို့လား"
"လိုချင်ပေမယ့် တစ်ခက်လောက်ဆိုရင် ရပြီလေ"
"အင်း"
ကိုမိုးက အပင်ပေါ်သို့ စ တက်သည်။
"ကိုမိုး အမြင့်ကြီး မသွားနဲ့နော် "
"အင်းပါ "
ကိုမိုးက အပင်ပေါ်သို့ ရောက်သွားသည့်တိုင် အထွန်းမှာ စိတ်မချနိုင်။
"ကိုမိုး တစ်ခက်ပဲ ခူးနော်"
ကိုမိုးက ခေါင်းညိတ်ပြရင်းမှ ပိတောက်ခက်တစ်ခက်ကို လှမ်းခူးပြီး ပြန်ဆင်းလာသည်။
"ရော့ တစ်ခက်ပဲ ဆိုလို့ "
ပိတောက်တစ်ခက်ကို ကမ်းပေးလာတော့ အထွန်းက လက်နှစ်ဖက်ဖြင့် တယုတယ ကိုင်ရင်း ခပ်ဖွဖွ နမ်းကြည့်သည် ။
"ပိတောက်ပန်းက မွှေးလိုက်တာ"
"ဒါဆို ထပ်ခူးပေးမယ်လေ"
"ဟင့်အင်း တော်ပါပြီ"
ကိုမိုး သိလား ၊ အထွန်းကလေ ပန်းလေးတွေကို အပင်ပေါ်မှာပဲ လှနေစေချင်တာ။ ခူးလိုက်ရင် ညှိုးနွမ်းသွားရတော့မှာ။
အထွန်းက ပိတောက်ပင်အောက်မှ ကျိုးကျနေသော အခက်တို့ကို စိတ်မကောင်းစွာကြည့်သည်။
"လူတွေကနော် ရက်စက်လိုက်ကြတာ"
"ဘာဖြစ်လို့လဲ အထွန်းရဲ့"
နားမလည်သလို ကြည့်လာတော့ အထွန်း လက်ညှိုးထိုးပြလိုက်ရင်းက
"ဒီမှာလေ ပန်းခူးတာတောင်မှ အကိုင်းတွေ အခက်တွေကို ချိုးသွားကြသေးတယ် ၊ ဒီလို ဖျက်ဆီးလိုက်ရင် သူတို့အတွက် ဘာကောင်းတာရှိလို့လဲ "
"ကဲပါ အထွန်းရယ် စိတ်မကောင်းမဖြစ်ပါနဲ့ ၊ လာ မဏ္ဍပ် ဖွင့်နေလောက်ပြီ "
မဏ္ဍပ်ဟူသော အသံကြားမှ အထွန်း သတိရသည် ။
အထွန်း ကိုမိုးကို ရေလောင်းရဦးမှာ ။
နှစ်ယောက်ယှဉ် လမ်းလျှောက်နေစဉ် အထွန်းက
နောက်တစ်လှမ်းဆုတ်ကာ ဖြည်းဖြည်းလျှောက်ရင်း ရေဘူးမှ ရေကို ရေခွက်ထဲသို့ ထည့်သည်။
ထို့နောက်တွင်တော့ ပိတောက်ခက်မှ ပိတောက်ပန်း အနည်းငယ်ကို ယူကာ ရေထဲတွင် ထည့်သည်။
"ကိုမိုး"
အထွန်း၏ ခေါ်သံကြောင့် ကိုမိုးက ခြေစုံရပ်ကာ လှမ်းကြည့်လာသည် ။
"အထွန်း ခြေထောက်နာလို့"
"ဘယ်လိုဖြစ်တာလဲ တော်တော် နာနေတာလား"
စိတ်ပူသော အသံဖြင့် မေးလာတော့ အထွန်း ခေါင်းညိတ်ပြလိုက်သည်။
"အိမ်ပြန်ချင်လား အထွန်း ၊ ခြေထောက်နာနေရင် "
"ဟင့်အင်း ၊ မဏ္ဍပ်သွားချင်တာ "
"ကဲ ဒါဆို အကို ကုန်းပိုးမယ် "
ကိုမိုးက ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်တော့ အထွန်း ကျေကျေနပ်နပ်ပြုံးရင်း ရေခွက်ထဲမှ ရေကို ပခုံးပေါ်သို့ လောင်းချလိုက်သည်။
"ဟင် အထွန်း"
နောက်သို့ လှည့်ကြည့်လာသော ကိုမိုးကို သွားများပေါ်အောင်ရယ်ပြလိုက်ရင်း
"ကိုမိုး ရေမစိုသေးဘူးမလား"
"အင်း"
ကိုမိုးက အင်း ဟု တစ်ခွန်းပြောပြီးသော အခါတွင်တော့ အထွန်းကို အသေအချာ စိုက်ကြည့်လာသည်။
"အထွန်း ခြေထောက်က တကယ်နာတာလား"
"အဟီး အခု ပျောက်သွားပြီ "
ရယ်ကျဲကျဲဖြင့် ပြောလိုက်တော့ ကိုမိုးက အထွန်းခေါင်းကို လက်သီးဖြင့် ဖွဖွ ထုသည်။
"လူဆိုးလေး"
အထွန်းကတော့ မျက်လုံးများကို မှေးကာသာ ရယ်ပြနေလိုက်သည်။
ဒီလိုမှ မညာရင် ကိုမိုးရဲ့ ပခုံးကို ဘယ်မီပါ့မလဲ လို့ ။
******
မဏ္ဍပ်စင်မြင့်ပေါ်ရှိ ယိမ်းအဖွဲ့များက ညီညီညာညာ ကပြဖျော်ဖြေနေကြစဉ်တွင် စင်မြင့်အောက်ဘက်မှ ရေကစားမဏ္ဍပ်သည်လည်း စည်စည်ကားကားရှိနေသည်။
ဝါးဖြင့်ဆောက်ထားသော ရေကစားမဏ္ဍပ် ၏ အလယ်တွင် လောင်းလှေ တစ်စီးကို ချထားကာ မဏ္ဍပ်မှ သင်္ကြန်မယ် များက တစ်ဖက် ၊ ရေကစားသူများက တစ်ဖက် အပြန်အလှန် ပျော်ရွှင်စွာပင် ရေပက်ကစားကြသည်။
မဏ္ဍပ်အတွင်းမှ နှစ်သက်သဘောကျရာ မိန်းကလေးကို ခေါ်ထုတ်ကာ နှစ်ဦးသား ရေကစားကြသလို ၊ အဖွဲ့လိုက်လည်း ဟိုဘက်သည်ဘက် ရေပက် ကစားကြပြန်သည်။
"အထွန်း ရေသွားဆော့ကြမယ်"
"ဟင့်အင်း အထွန်း ရေမဆော့ချင်သေးလို့ ၊ ကိုမိုးသွားရင် သွားလေ ၊ ဒီနားမှာပဲ စောင့်နေမယ် "
"တစ်ယောက်တည်းတော့ မသွားချင်ဘူး "
ထိုသို့ဖြင့် နှစ်ယောက်လုံး ရေလောင်းမဏ္ဍပ်သို့ မသွားတော့ဘဲ အကအဖွဲ့များကိုသာ ကြည့်နေလိုက်ကြသည်။
သူက မဏ္ဍပ်မှ သီချင်းသံများကို ခြေထောက်လှုပ်ကာ စည်းချက်လိုက်နေစဉ်တွင် အထွန်းကတော့ လက်ကို မရဲတရဲ လှုပ်ရင်းမှ က နေသည်။
အစိမ်းရောင် တီရှပ် လက်တို နှင့် ပုဆိုး အညိုရောင်ကို ဝတ်ထားသော အထွန်း ၊ သနပ်ခါးလိမ်းကာ ပါးကွက် ကွက်ထားသော အထွန်း ၊ လက်ထဲတွင် ရေခွက် တစ်ခွက်ကို ကိုင်ကာ ရေခွက်ထဲတွင် ပိတောက်ပန်းခက်ကို တယုတယ ထည့်ထားသော အထွန်း ။
မဏ္ဍပ်မှ သီချင်းအတိုင်း လက်ကလေးကို လှုပ်ကာ လှုပ်ကာ ဖြင့် ကနေသော အထွန်းကို သူ သဘောတကျ ကြည့်ရင်းကပင် ပြုံးမိပြန်သည်။
အထွန်းဟာ ဘယ်အချိန်ဖြစ်ဖြစ် ချစ်စရာ ကောင်းနေတော့တာပဲ ။
သူ အသေအချာပင် ကြည့်နေမိတော့ အထွန်းက က နေသော လက်ကိုသိမ်းကာ မော့ကြည့်သည်။ မျက်နှာလေး မသိမသာ ငုံ့သွားသော အထွန်းက ရှက်သွားတာ် ထင်ပါရဲ့ ။
"ကိုမိုး ပြန်ကြတော့မလား"
"အထွန်းက ပြန်ချင်ပြီလား"
"ဟုတ်"
သူ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
"ဟုတ်ပြီ အကို လိုက်ပို့မယ် "
******
26/1/21
AN/ အိုမိုးးး နောက်ကျသွားတာ အခုမှ တင်ရပါတော့တယ် 😭😭😭