"ဒါဆို ကျွန်တော် ပြန်တော့မယ် ။ ယံယံ ပြန်ရောက်လာခဲ့ရင် ကျွန်တော့်ကို ဖုန်းဆက်အသိပေးဖို့ မမေ့ပါနဲ့ "

ရှိုင်းက အဂ္ဂမင်း နှင့် ဝေယံ့ကို စိုက်ကြည့်၍ ပြောသည် ။

"စိတ်ချပါ ။ ကျွန်တော် ဆက်သွယ်လိုက်ပါ့မယ် "

အဂ္ဂမင်း၏ အဖြေကြားမှ ရှိုင်းက ခေါင်းညိတ်၍ ထွက်သွားတော့သည် ။

***************

မနက်စောစောစီးစီး အိမ်သို့ ဧည့်သည် ရောက်နေသည် ။ မဒီ့၏ အစ်ကိုဝမ်းကွဲဖြစ်သူ ကိုလင်း ဖြစ်သည် ။ ဒေါ်ခတ္တာ မနက်စာဖြင့် ဧည့်ခံပြီး စကားပြောနေတုန်း မဒီက အပေါ်ထပ်မှ ဆင်းလာသည် ။

"သမီး ဘယ်သွားမလို့လဲ "

ဒေါ်ခတ္တာက မနက်စောစော၌ အလှပြင်ဆင်ပြီး တက်ကြွနေသော မဒီ့ကို မေးသည် ။ မဒီက ယနေ့မှာတော့ ပျော်ရွှင်မြူးထူးနေပုံရသည် ။

"ကိုလင်းနဲ့ သွားစရာရှိလို့ "

မဒီက အပြုံးချိုချိုဖြင့် ဖြေသည် ။

"ဒီနေ့ ပျော်စရာကိစ္စများရှိလို့လား သမီး "

ဒေါ်ခတ္တာက မေးတော့ မဒီက ကျေနပ်စွာ ရယ်လေသည် ။

"ဟုတ်တယ် မေမေရဲ့ ။ ဒီနေ့ ပျော်စရာကစားပွဲလေးတစ်ခု စတော့မှာ အဟွန့် "

မဒီက ပြောပြီး ကျေနပ်စွာ ရယ်ပြန်သည် ။ မဒီ့ကို ကြည့်ရင်း ဒေါ်ခတ္တာသည် စိတ်ထဲ တစ်မျိုးတမည် ခံစားလိုက်ရသည် ။

"ဘာကိစ္စများလဲ မဒီ "

ဒေါ်ခတ္တာက မေးတော့ မဒီ့ မျက်နှာတည်သွားသည် ။

"မေမေ သိဖို့မလိုပါဘူး ။ မဒီတို့ သွားတော့မယ် "

မဒီက နှုတ်ဆက်ပြီး သွက်လက်သော ခြေလှမ်းများနှင့် အိမ်ထဲမှ ထွက်သွားတော့သည် ။ ထို့​နောက် သူ့အဖေ၏ ကားတစ်စီးကို ကိုလင်းကို ယူမောင်းစေသည် ။ ကိုလင်း၏ ကားက ဇေယျ ယူမောင်းသွားသောကြောင့် ဖြစ်သည် ။

ဒေါ်ခတ္တာသည် သူတို့ကို မျက်မှောင်ကြုတ်၍ ကြည့်နေမိလေသည် ။

*****************

မှော်ဘီဘက်ရှိ ခြံကြီးဆီသို့ မဒီသည် ကိုလင်းနှင့်အတူ ထွက်လာခဲ့သည် ။ တိတ်ဆိတ်၍ သစ်ပင်ခြုံနွယ်တွေနှင့် ပြည့်နေသော ခြံကြီးထဲသို့ ကားမောင်းဝင်လာခဲ့သည် ။ ခြံဝန်းထဲတွင် ကိုလင်း၏ ကားအနက်တစ်စီးက ရပ်ထားသည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now