အပိုင်း - ၂

3.6K 854 133
                                    

[ ဓားပြတွေနှိမ်နင်းတဲ့နေရာမှာ ငါ မင်းကိုကူညီပေးမယ် ]

[ မင်းသာ ပါးစပ်မဖွာရင် အကုန်လုံးအဆင်ပြေတယ် ]

ဆယ်မိနစ်ခန့်ကုန်လွန်​သွားသော် မုချင်းရှန်းက ဘေးအိမ်တစ်ဝိုက်တွင်နေသည့် ပန်းချီဆရာတစ်ယောက်ကို ခေါ်ဆောင်ကာ ရုံးသို့ ပြန်ရောက်လာ၏။ ဝမ်းလျိုနျဲန်အတွက်တော့ ထိုသူက ပန်းချီဆရာတစ်ယောက်နှင့်မတူ၊ ကြံ့ခိုင်ထွားကြိုင်းသောခန္ဓာကိုယ်မှာ သိုင်းပညာရှင်တစ်ဦးနှင့်ပင် တူနေ၏။

ထိုသူက ချောင်ဒိုက်ဟု အမည်ရှိကာ ၊ မင်တုံးကိုသွေးလိုက်ပြီးသည့်နောက် ဝမ်းလျိုနျဲန်အား မေးမြန်းလာသည်။

"သခင်ကြီးက ဘာပုံဆွဲစေချင်လို့လဲခင်ဗျာ"

ဝမ်းလျိုနျဲန်က သူ့ရှေ့က ထိုင်ခုံပေါ် ထိုင်လိုက်ကာ -

"ပန်ကွမ်း သူ့ရဲ့ပုံစံကို ပြောပြပေးမယ်၊ မင်းသာ လိုက်ဆွဲပေးချေ"

ချောင်ဒိုက်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူ၏ ဝံပုလွေမွေးစုတ်တံကို မင်အပိုပါမလာစေရန် အနည်းငယ်ပြန်သုတ်လိုက်ကာ အဆင်သင့်ဖြစ်သွားခါမှ -

"သခင်ကြီး၊ အမိန့်ရှိလှည့်ပါ"

ဝမ်းလျိုနျဲန်က ကျောက်ယွဲ့၏ ရုပ်သွင်ကို စိတ်ကူးထဲ ပြန်လည်ပုံဖော်ကြည့်လိုက်သည်။ထို့နောက် ရုပ်သွင်လက္ခဏာတစ်ခုချင်းစီကို ပန်းချီဆရာအား အသေးစိတ်ကျကျ တစ်ခုချင်းစီ ပြောပြလိုက်သည်။

သို့နှင့် သူတို့နှစ်ယောက်စလုံးမှာ အင်မတန်မှ စိတ်ရှည်ကြကာ ဂရုတစိုက် ကြိုးပမ်းအားထုတ်နေကြ၏၊ အမှားအယွင်းအနည်းငယ်မျှ ရှိလာလျှင်တောင် ဆွဲလက်စပုံကြမ်းကို ချက်ချင်းလုံးချေပစ်ကာ အသစ်တဖန် ပြန်လည်ရေးဆွဲကြလေရာ ပုံတူပန်းချီကြီး ပြီး​မြောက်သွားဖို့ လေးနာရီပင် အချိန်ကုန်သွားလေ၏။

"ဒီလူကိုလိုက်ရှာဖို့ သခင်ကြီးက ပုံတူတွေ လိုက်ကပ်ခိုင်းမလို့လား"

ချောင်ဒိုက်က သူ့လက်ကောက်ဝတ်ကို အညောင်းအညာဖြေလိုက်ရင်း လွှတ်ခနဲ မေးမိသွားသည်။

Tu Fei Gong LueWhere stories live. Discover now