အခန်း ၄၉
လုံချွဲ့ထိုသူ၏ရုပ်ရည်သွင်ပြင်ကိုကြည့်ရသည်မှာ အသက်သုံးဆယ်ဝန်းကျင်သာရှိဦးမည်ဖြစ်သည်။ မထင်မှတ်ဘဲ ၎င်းမှာဒုက္ခိတတစ်ယောက်ဖြစ်နေသည်။ သူ၏ခြေချောင်း၊ လက်ချောင်းများမှာ သေးကွေးကြုံလှီနေကာ ကလေးငယ်တစ်ယောက်၏ခြေလက်အရွယ်အစားမျှသာရှိပြီး အပြင်ဘက်၌လှစ်ဟထွက်ပေါ်နေသော လက်မောင်းနှစ်ဖက်မှာလည်း သေးသိမ်ရှုံ့တွနေ၏။ ဦးခေါင်းတစ်ခုတည်းသာကြီးမားနေပြီး လည်ပင်းမှာလည်း မတ်မတ်မထောင်မတ်နိုင်သည့်နှယ်၊ ဘေးတစ်ဖက်သို့စောင်းကျနေရှာသည်။ ကြည့်လိုက်လျှင် လုံးလုံးလျားလျားကို လူသားတစ်ယောက်နှင့်မတူဘဲ အလွန်တရာကြောက်မက်ဖွယ်ရာကောင်းလှပေတော့သည်။ သူက သစ်သားဖြင့်ပြုလုပ်ထားသော ဘီးတပ်ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်နေ၏။ ဘီးတပ်ကုလားထိုင်မှာ ထိုအပေါက်ထဲမှဖြည်းဖြည်းချင်းလျှောထွက်လာသည်။
ယဲ့ပိုင်ရီးမှာ တဖြည်းဖြည်းမျက်မှောင်ကြုတ်သွားလျက် ထိုလူကိုမမှိတ်မသုန်စိုက်ကြည့်နေရင်း ရုတ်ချည်းပြောလိုက်သည်။
"မင်းက လုံချွဲ့မဟုတ်ဘူးပဲ"
လုံချွဲ့နှင့်သူ၏ရုပ်သေးအိမ်တော်အကြောင်းတို့မှာ ကျန်းဟူတစ်ခွင်တွင် ဆယ်စုနှစ်တစ်ခုကျော်မျှ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သော ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ သို့ဖြစ်ရာ ထိုသူမှာ အမှန်တကယ်လုံချွဲ့ဆိုပါမူ ဤမျှလောက်အသက်အရွယ်ငယ်ရွယ်နုပျိုနေစရာအကြောင်းလုံးဝမရှိနိုင်ပေ။ အဆိုပါဘီးတပ်ကုလားထိုင်ပေါ်မှလူက စူးရှစွာအော်ဟစ်ရယ်မောလျက်ဆို၏။
"ငါက ကျိန်းသေပေါက် ဘယ်ဟုတ်ပါ့မလဲ"
သူ၏မျက်လုံးများမှာ အလွန်တရာပြူးကျယ်လွန်းလှသည်။ ဝမ်းခယ့်ရှင်က ကျိုးကျစ်ရှူး၏နားရွက်ဖျားလေးကို တိတ်တိတ်လေးကိုက်ခဲလိုက်ရင်းဆို၏။
"သူ့မျက်လုံးတွေကို ခင်ဗျားကြည့်လိုက်စမ်းပါဦး။ မသိရင် အပြင်ကိုကျွတ်ထွက်လာတော့မဲ့အတိုင်းပဲ"
ဝမ်းခယ့်ရှင်မှာ အလွန်အမင်းပျင်းရိငြီးငွေ့နေပုံရသည်ဟု ကျိုးကျစ်ရှူးတွေးလိုက်မိလေသည်။ ၎င်းမှာ အခြေအနေအချိန်အခါကိုဂရုစိုက်ခြင်းအလျဥ်းမရှိဘဲ အက်ကြောင်းကိုတွေ့လျှင် အပ်ချောင်းကိုထိုးထည့်တတ်သူဖြစ်သည်။ ထိုသို့တစ်ကြိမ်တစ်ခါလောက် ပေါက်တက်ကရတစ်ခုခုပြုလုပ်လိုက်မှသာလျှင် ဆုံးရှုံးသွားသောလောင်းကြေးများကို ပြန်လည်အဖတ်ဆယ်ယူနိုင်မည့်အလား။ သို့ဖြစ်ရာ ကျိုးကျစ်ရှူးက သူ့ကိုလျစ်လျူရှုမျက်ကွယ်ပြုထားလိုက်တော့သည်။