ဟို..ကျန်ခဲ့တဲ့နေ့ကလို သူကကျွန်မကို ဆိုင်ကယ်ဦးထုပ်ဆောင်းပေးသည်။
"နင့်လွယ်အိတ်ငါ့ပေးလေ ဂျင်းနီ"
"ရတယ် ငါပဲလွယ်မယ်"
ကျွန်မနဲ့သူကြား လွယ်အိတ်ကြီးတော့ ကြားခံမနေစေချင်ပါ။
ဆိုင်ကယ်နောက်က ထိုင်လိုက်ပြီး ခါတိုင်းလိုပဲ သူ့ခါးကိုဖက်ထားလိုက်သည်။
သူက ဆိုင်ကယ်စက်နှိုးပြီး ကျွန်မကိုနောက်ပြန်လှည့်ကြည့်သည်။
"နင်ဘယ်သွားချင်လဲ"
သူသွားချင်တဲ့နေရာကို အရင်မပြောပဲ ကျွန်မသွားချင်တဲ့နေရာကို အရင်မေးတဲ့ သူ.....အချစ်တွေပိုရပါတယ်။
"ငါ....မသိဘူး"
"အင်း အဲ့တာဆို ငါသွားနေကျနေရာရှိတယ် နင်အဲ့ကိုသွားမလား"
"အင်း သွားမယ်လေ"
နင်နဲ့ဆို ကမ္ဘာအဆုံးထိ သွားရသွားရလေ....နော်။
မဖက်ရတာကြာတဲ့ ခါးလေးက ပိုတောင်သေးသွားသလို။
ဒီကြားထဲ အစားအသောက်ရော ပုံမှန်ရဲ့လားမသိ။
အကပြိုင်ပွဲနဲ့တင် စိတ်ဖိစီးမှုများနေမှာလား။လမ်းတစ်လျှောက်လုံး သူ့ရဲ့ စည်းမထားတဲ့ ဆံနွယ်လေးတွေက ဆိုင်ကယ်လေတိုးလို့ ကျွန်မမျက်နှာကို လာပြီးရစ်နွယ်သည်။ ကျွန်မနှုတ်ခမ်း ကျွန်မပါးတွေကို ပွတ်သပ်ရစ်နွယ်တဲ့ ဒီဆံနွယ်တွေ.....ဘယ်လိုလုပ်ဖယ်ရှားရက်မှာလဲ.........နဲနဲယားတာကလွဲလို့ ဖယ်ပစ်ချင်စိတ်မရှိ။
သူ့ကျောပြင်က ခါတိုင်းလို နွေးထွေးနေသည်။
သူ့ရင်ခွင်ဆို ပိုနွေးထွေးမှာ အမှန်။ဆောင်းဝင်စဆိုတော့ ဆိုင်ကယ်စီးရတာ ပိုအေးသည်။
ကျွန်မတောင် နောက်ကနေအေးနေတာ သူကရှေ့ကမောင်းတာ တော်တော်အေးနေမှာ။ တွေးရင်းနဲ့ စိတ်မကောင်
းဖြစ်မိသည်။အတော်လေးရောက်လာတော့ ကျွန်မဆိုင်ကယ်ဦးထုပ်ချွတ်ပစ်လိုက်သည်။ သူက ကျွန်မကို လှည့်ကြည့်သည်။
ဘာမှတော့မပြော။အခုမှ ကျွန်မပါးနဲ့ သူ့ပုခုံးနဲ့ တသားတည်း။
တဖြည်းဖြည်းနှင့် မြို့ပြင်ရောက်လာသည်။
လမ်းတစ်လျှောက် ရိတ်သိမ်းပြီးတဲ့ စပါးခင်းတွေက ဝါခြောက်ခြောက်နဲ့။