အခန်း ၁
ကောင်းကင်ပြတင်းတရုတ်ဆီး(ဇီး)ပန်းပွင့်များသည်ကား မြေပြင်ထက်ဝယ် ခြံဝင်းတစ်ခုလုံးအပြည့် နေရာအနှံ့ပြန့်ကျဲကြွေကျလို့နေသည်မှာ မြေကြီးထက်ရှိအရည်ပျော်လုဆဲဆဲ နှင်းမှုန်များနှင့် အလွန်တရာမှပနံသင့်လိုက်ဖက်ညီလှပေသည်။ ရုတ်တရက်ကြည့်လိုက်ပါသော် မည်သည့်နေရာက နှင်းမှုန်နှင်းပွင့်များ၊ မည်သည့်နေရာက ဆီးပန်းပွင့်များဟူ၍တိတိပပမခွဲခြားနိုင်သည့်နှယ်။ လေအဝှေ့တွင် မွှေးကြူသင်းပျံ့သောပန်းရနံ့တို့က အေးဆေးကြည်သာစွာဖြင့် ခြံဝင်းတစ်ခုလုံးအနှံ့ပျံ့လွင့်နေတော့သည်။
အချိန်ကား နေဝင်ရီတရော မှောင်စပျိုးချိန်ဖြစ်သည်။ အိမ်ခေါင်မိုးထက်ရှိ တံစက်မြိတ်အစွန်း၌မူ စန္ဒာလမင်းကြီးထံမှ ရေတမျှအေးစက်လှပါသော သော်တာလရောင်ခြည်တို့ထွန်းလင်းဖြာကျနေလျက်။
ခြံဝင်းငယ်လေး၏အဆုံးပိုင်းတွင် တရုတ်ဆီးသီးပင်ကြီးများနှင့် တစ်စိတ်တစ်ပိုင်းဖုံးကွယ်နေလျက်ရှိသော အနည်းငယ်အိုဟောင်းနေသည့် ထောင့်ချိုးဂိတ်တံခါးတစ်ခုတည်ရှိသည်။ တံခါးကိုတွန်းဖွင့်ကာ အတွင်းသို့ဝင်သွားမည်ဆိုပါက အတွင်းပိုင်းသည် အပြင်ဘက်နှင့်လုံးလုံးလျားလျားကွဲပြားခြားနားလို့နေသည်ကိုတွေ့မြင်နိုင်သည်။ ဂိတ်တံခါးဝတွင် စစ်ဝတ်တန်ဆာများအပြည့်အစုံဝတ်ဆင်ထားပြီး ဓားလက်နက်များကိုင်ဆောင်ထားသော စစ်သည်တော်နှစ်ဦး စောင့်ကြပ်နေ၏။ အောက်ဘက်တွင် ထုံးကျောက်တုံးများအစီအရီခင်းထားသော ကျောက်ခင်းလမ်းလေးတစ်ခုရှိပြီး လမ်းလေးအဆုံးတွင်တော့ ပိန်းပိတ်အောင်မှောင်မည်းနေသော အကျဉ်းထောင်တစ်ခုရှိကာ သေမင်းတမန်အငွေ့အသက်များက နင့်နဲသိပ်သည်းစွာပျံ့လွင့်ရိုက်ခတ်လို့နေသည်။
မွှေးပျံ့သင်းထုံသော ပန်းမာလာရနံ့များကမူ ဂိတ်တံခါးနားတွင်သာပြတ်တောက်အဆုံးသတ်သွားပြီး အတွင်းဘက်သို့အနည်းငယ်သော်မျှမတိုးဝင်နိုင်ရှာပေ။