Part 1

51.7K 2.2K 14
                                    

စူးရှသောနေရောင်က အတားအဆီးမဲ့စွာဖြင့် သူရိန်တို့နေထိုင်ရာ ရွာလေးပေါ်သို့ ကျရောက်နေသည်။ မနက်ခင်း၏ ပူပြင်းသောနေရောင်အောက်တွင် ပင်လယ်ကမ်းခြေဘေးမှ တံငါရွာလေးတစ်ခုလုံး ငြိမ်သက်အိပ်မောကျနေသည်။

ရွာလယ်လမ်းပေါ်မှ အစာရှာနေသော ခွေးလေခွေးလင့်တစ်ကောင်တစ်လေမှတပါး ဖြတ်သန်းသွားလာသူမရှိ။ တစ်ညလုံးပင်လယ်တွင် ပင်ပန်းကြီးစွာ ငါးဖမ်းထွက်ကြပြီး မိုးသောက်ချိန်မှ ရွာပြန်လာကြသော တံငါသည်ရွာသားအများစု၏ အိပ်စက်အနားယူနေချိန်ဖြစ်သည်။ ကတ္တရာလမ်း မခင်းထားသော ရွာလမ်းလယ်မှ ဖုန်မှုန့်များမှာ တဖြူုးဖြူးတိုက်နေသော ပင်လယ်လေကြောင့် ဝေ့ကာဝဲကာလွင့်မြောနေကြသည်။

"ဟေ့ကောင်... အရက်သွားဝယ်စမ်း"

မာထန်လှတဲ့ဖခင်ဖြစ်သူ၏အသံကြောင့် စားပွဲပုရှေ့တွင် စာကျက်နေရာမှ သူရိန်ခေါင်းထောင်ကြည့်လိုက်သည်။ ဖခင်ဖြစ်သူ၏မျက်လုံးများက အရက်ခိုးများကြောင့်နီရဲနေကာ ကြောက်မက်ဖွယ်ကောင်းနေသည်။ အပေါ်အကျီင်္မပါဘဲ ပုဆိုးကွင်းသိုင်းထားကာ မတ်မတ်ရပ်ရန်ကြိုးစားပေမယ့် ယိုင်ထိုးနေသည်။

"ဟေ့ကောင် ငါပြောနေတာ မကြားဘူးလား"

"ကျွန်တော့်မှာ ပိုက်ဆံမရှိတော့ဘူး ဖေဖေ"

မုန်းတီးစိတ်ကို မြိုသိပ်ကာ ဖခင်ဖြစ်သူကို လေသံအေးအေးဖြင့် ပြန်ဖြေဖြစ်သည်။

ဒါပေမယ့် ဖခင်၏ဒေါသကိုရှောင်ရန် သူ့တွင်ဘာမှအကာအကွယ်မှရှိကြောင်း သူရိန်သိသည်။ ဖခင်ဖြစ်သူလိုချင်သည်က အရက်သောက်ရန်ပိုက်ဆံ။ သူ့တွင်ပေးစရာမရှိ။

"ဘာမရှိတော့ဘူးလဲ မင်းမနေ့ကဆိုက္ကားနင်းလို့ရထားတဲ့ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပြီလဲ"

"ကျွန်တော်မပေးနိုင်ဘူး ဖေဖေ.. မေမေ့အတွက် ဆေးဝယ်ရမယ်"

"သေခါနီးမင်းအမေကို ဆေးဝယ်တိုက်နေလို့ ဘာမှထူးလာမှာမဟုတ်ဘူး.. ငါ့ကိုအခုချက်ချင်းပေးစမ်း.. စကားများမနေနဲ့.."

ပြောရက်လိုက်တာဖေဖေရာဟု သူရိန်ရင်ထဲမှသာ တီးတိုးဆိုမိသည်။ တကယ်ဆို မိခင်ဖြစ်သူ ဒီလောက်ထိအခြေအနေဆိုးလာခဲ့သည်မှာ ဖခင်၏တာဝန်မကင်း။ ဦးစိုးအေးသာ အရက်ကိုချစ်သည်ထက် မိသားစုကိုချစ်ခဲ့လျှင် မိခင်ဖြစ်သူ ဒီလိုအိပ်ယာထဲလဲသည့်အထိ ဖြစ်လာစရာအကြောင်းမရှိ။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now