Chapter - 26

5.4K 210 43
                                        

Uni

"မင်းကို အဲ့ကောင်နဲ့သဝန်တိုတာသိရဲ့သားနဲ့ ဘာလို့ စကားသွားပြောနေသေးတာတုန်း ငုဝါမောင်မောင်!!!

မင်းအဲ့ကောင်နဲ့ ဆက်ပတ်သက်နေရင် ငါကိုယ်တိုင် အဲ့ကောင်ကို မသေမချင်း ထိုးသတ်မှာနော် "

နက်ရှိုင်းအောင်၏ မေးကြောများမှာ ပြတ်ထွက်တော့မည့်အလား တင်းမာနေသည်။ မွေးရာပါစူးရှသည့်အကြည့်တို့ကလည်း ကျားနက်တစ်ကောင်အလား ပို၍ စူးရှကာ အန္တရာယ်များလှသည်။ထိုလူ့၏ လက်များမှာလည်း ကားဆီရာတိုင်ကိုတင်းတင်းဆုပ်ကိုင်ထားသေးသည်။

မြင်နေရသည့်နက်ရှိုင်းအောင်က လွန်ခဲ့သည့် ကျောင်းသားဘဝတုန်းကလိုပင်။ ဗီဇတို့ကပြန်ပေါ်လာတော့၏။

ငုဝါမောင်မောင်မှာတော့ ထိုလူဒေါသထွက်နေသည်ဆိုတာသိ၍ ဘာမှမပြောဘဲ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။ ထိုအပြုအမူကပင် နက်ရှိုင်းအောင်၏ ဒေါသတို့အား လောင်စာလောင်းထည့်လိုက်သလိုဖြစ်သွားတော့
လေသည်။

ပြဿနာအစက တခြားမဟုတ်ပေ။ မေမေအတွက် အလှူလုပ်ရန် မိဘမဲ့ဂေဟာသို့သွားစဥ် တိုက်တိုက်ဆိုင်ဆိုင်ပင် အကိုဖြိုးဇော်တို့သားအမိနှင့်တွေ့သည်။

မျက်နှာလွဲခဲပစ် နေလို့မကောင်းသည့်အပြင် မိမိအမေအား မိမိမရှိသည့်အချိန်အတွင်း ပြုစုစောင့်ရှောက်ခဲ့သည့်အတွက် ကျေးဇူးရှင်များဟုပင်ဆိုနိုင်သည်။ ထို့ပြင် မိမိအမေသေဆုံးရသည့်အကြောင်းအား အကိုဖြိုးဇော်တို့သားအမိနှင့်အတူ စကားလက်ဆုံကျမိသည်။

မေမေ့အား ငုဝါမောင်မောင်ဘာစာမှမပို့ခဲ့ကြောင်းနှင့် ဒေါ်မြလေဒီ၏ မရည်ရွယ်ဘဲ လုပ်ခဲ့မိသည့် အမှားအကြောင်းကိုပါ ပြောဖြစ်ကြသည်။

ထိုအချိန် ဦးဒေါသအိုးက ရောက်လာကာ မိမိလက်အား အတင်းဆွဲ၍ မိဘမဲ့ဂေဟာမှ ချက်ချင်းပြန်လာခဲ့ခြင်းဖြစ်သည်။

ငုဝါမောင်မောင်ဘာမှပြန်မပြောတော့ ထိုလူက ကားကို အရှိန်ပြင်းပြင်းပိုမောင်းလာသည်။

နက်ရှိုင်းအောင် မိမိအားအရေးမစိုက်သလိုလုပ်နေသူကြောင့် လောင်မြိုက်လာသည့်ဒေါသတို့အား ကားပေါ်တွင် ကျရောက်စေကာ ကားပြိုင်ပွဲတွင် မောင်းသည့်အလား ကားကိုမောင်းနေမိသည်။ မြို့ပြင်ဖက်ဖြစ်သည့်အတွက် လူရှင်းကာ လမ်းကဖြောင့်ဖြူးနေသည်။

My Last Star { Complete }Where stories live. Discover now