Uni
နက်ရှိုင်းအောင် ကားကိုဖြေးဖြေးမောင်းကာ လမ်းကြိုလမ်းကြားဝင်၍ ပျောက်ဆုံးနေသည့်ချစ်ရသူအား ရှာနေမိသည်။
အိမ်တော်ရှိအိမ်အကူများမှာလည်း နက်ရှိုင်းအောင်၏ အမိန့်ကြောင့် အကုန်ထွက်ရှာကြလေသည်။
အိမ်တွင်တော့ မေမေနှင့် အိမ်အကူတစ်ယောက်သာကျန်နေခဲ့သည်။
နက်ရှိုင်းအောင် မိမိအမေ မိမိအား သူ့အပြစ်ပါဟုပြောနေသည်ကို နားမလည်နိုင်သေးပေ။ မေမေ ဒီလိုပြောနေပုံထောက်ရင် ငုဝါမောင်မောင်ထွက်ပြေးသွားသည်မှာ မေမေ၏အပြစ်ကင်းရှင်းမည့်ပုံမပေါ်ပေ။
ထိုအတွေးတို့ကြောင့် နက်ရှိုင်းအောင်၏ ကားမောင်းနေသည့်လက်များမှာ အကြောများထောင်လာခဲ့သည်။ စူးရှကျဥ်းမြောင်းသည့် အကြည့်စူးစူးတို့မှာလည်း ကျားနက်တစ်ကောင်အလား အန္တရာယ်များလှသည်။
အသက်ရှူသံပြင်းပြင်းကြောင့် ခါးပတ်သွယ်တန်းထားသည့် ရင်အုံကြီးကြီးမှာ အနိမ့်အမြင့် မြန်ဆန်လျက်ရှိသည်။
နက်ရှိုင်းအောင် အရှေ့သို့ စူးစိုက်ကာ ကြည့်၍
အံကြိတ်ကာမောင်းနေမိသည်။ထိုအချိန် မိမိအရှေ့မှ များပြားလှသည့်လူအုပ်ကြောင့် မိမိကားအား အရှိန်လျှော့လိုက်
မိသည်။ ထို့နောက် ခါးပတ်ကို အမြန်ဖြုတ်ကာ ကားပေါ်မှ ပြေးဆင်း၍ ထိုလူအုပ်ကြားထဲတိုးဝင်သွားလိုက်သည်။မိမိစိတ်ထဲတွင်တော့ တစ်စုံတစ်ခုက လေးလံနေလျက်ပင်။
ကြီးမားသည့် လက်မောင်းများအားအသုံးပြုကာ ထိုလူအုပ်အားဖြိုခွဲလိုက်မိသည်။ ထိုအချိန် မြေကြီးပေါ်တွင် ခွေခွေလေးလဲကျနေသည့် ကောင်လေးအားတွေ့လိုက်ရသည်။
ပန်းနုရောင်ဆံပင်များက မျက်နှာကို ဖုံးနေသည်ဖြစ်၍ ထိုကောင်လေး၏မျက်နှာအားမမြင်ရပေ။
နက်ရှိုင်းအောင်မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး တုန်ရင်နေသောလက်အား အားတင်းကာ မျက်နှာပေါ်မှ ထိုဆံနွယ်များအား ဖယ်ရှားလိုက်သည်။ ထိုအခါ မြင်လိုက်ရသည့် မျက်နှာနုနုက မိမိနှလုံးသားအား အပ်ချောင်းများဖြင့် ခပ်ကြမ်းကြမ်း ထိုးဆွလိုက်သလိုပင်။
