Uni
ပြဿနာများကိုဖြေရှင်းပြီးသည့်နောက်ပိုင်း
ဒေါ်မြလေဒီမှာ မိမိအား ဘာမှမလုပ်ခိုင်းတော့ပေ။ စကားလဲ မပြောတော့ဘဲ လျစ်လျူရှုထားတော့၏။ ထို့ကြောင့် ငုဝါမောင်မောင်လည်း ဒေါ်မြလေဒီအား လျစ်လျူရှုထားလိုက်သည်။ယခုဆိုလျှင် နက်ရှိုင်းအောင် ဘန်ကောက်သို့ပြန်သွားသည်မှာ ၁ လတိတိပင်ရှိနေပြီဖြစ်သည်။ ထိုကြားထဲတွင် မထင်ရင်မထင်သလို ငုဝါမောင်မောင်ဆီသို့ရောက်လာတတ်သည်။
ယေဘုယျအားဖြင့်ဆိုလျှင် ၁ ပတ်ကို ၄ ရက်လောက်က ငုဝါမောင်မောင်အားလွမ်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့်ကိုယ်ထင်လာပြသည်။နက်ရှိုင်းအောင်နှင့်အတူ တစ်ခါတစ်လေမျှသာ ဦးသတိုးရှိုင်းအောင်က လိုက်လာတတ်သည်။
သို့သော် ယခုအပတ်တွင်တော့ နက်ရှိုင်းအောင်အိမ်ပြန်မလာသေးပေ။ ဖုန်းခေါ်တော့လည်း ညပိုင်းလောက်သာ ကိုင်သည်။ နေ့လည်ပိုင်းအိမ်တွင်ပျင်း၍ ဖုန်းဆက်လိုက်မိလျှင် အလုပ်များနေလို့ဟု အရင်ပြောလာလေသည်။ ထို့ကြောင့် မနက်ပိုင်းမဆက်ဘဲ ညပိုင်းလောက်သာ ဖုန်းပြောဖြစ်ကြသည်။
နက်ရှိုင်းအောင်ရှေ့တွင်တော့ ဒေါ်မြလေဒီက မိမိအားအရေးတယူဆက်ဆံသည်။ ငုဝါမောင်မောင်လည်း နက်ရှိုင်းအောင်လာမှသာ ဒေါ်မြလေဒီနှင့်စကားပြောဖြစ်သည်။
ယခုလို အချိန်မျိုးဆိုလျှင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းပင်မဆိုင်ဖြစ်ကြပေ။
ငုဝါမောင်မောင် ခုန်ဆွခုန်ဆွလေးနှင့် လှေကားပေါ်မှ ထမင်းစားခန်းဆီသို့ဆင်းလာလိုက်သည်။ မိမိ၏အနောက်တွင်တော့ ဆင်တူဝတ်စုံလေးများဝတ်ထားသည့် အိမ်အကူ ၁၀ ယောက်က ကပ်၍လိုက်ပါလာသည်။
ငုဝါမောင်မောင် အိပ်အောက်ထပ်ရောက်တော့ ဧည့်ခန်းဆီမှကြားလိုက်ရသည့် လေသံတို့ကြောင့် ခြေလှမ်းတို့ရပ်တန်သွားမိသည်။
" ဟုတ်ပါတယ် အန်တီ မေဘယ် ဒီကိုမလာခင်ဘန်ကောက်မှာတုန်းက ကိုကိုနဲ့တွေ့ခဲ့သေးတယ် "
" ဟယ် ဟုတ်လား မနှုတ်ဆက်ခဲ့ဘူးလား "
ဒေါ်မြလေဒီ မျက်လုံးထောင့်စွန်းနားလေးတွင်ထင်ဟပ်နေသည့် ပုံရိပ်လေးတစ်ခုကြောင့် မိမိအရှေ့မှကောင်မလေးအား ပို၍ပင်ချိုသာစွာပြောလိုက်သည်။
