Uni
မြို့ပြင်က အဆောက်အဦးတစ်ခု၏ အပေါ်ဆုံးအထပ်တွင်ဖြစ်သည်။
လေပြေကလည်းခပ်မြူးမြူးပေဖြစ်၍ ပန်းနုရောင်ဆံနွယ်တို့က လှုပ်ရှားနေသည်။ ငုဝါမောင်မောင် မိမိဆီသို့တိုးကပ်လာသည့် လေထုအား အားရပါးရရှူရှိုက်လိုက်သည်။
နက်ရှိုင်းအောင် မျက်လုံးလေးမှိတ်ကာလေးညှင်းခံနေသော ကောင်လေး၏ဘေးတွင် ဝတ်ထားသည့် ဘောင်းဘီအနက်ရောင်၏ အိတ်နှစ်ဖက်ထဲသို့ လက်ထိုးထည့်ကာ ရပ်လိုက်သည်။
ထို့နောက် မျက်နှာလေးအား ထိုကောင်လေးရှိရာအရပ်ဆီသို့လှည့်လိုက်သည်။
" သဘောကျလား "
" အင်း "
ငုဝါမောင်မောင် မျက်လုံးလေးကို ဖြေးဖြေးချင်းပြန်ဖွင့်လိုက်ပြီး ထိုလူ့ဘက်သို့လှည့်လိုက်သည်။
" ဘာလို့ငါမဟုတ်ရတာလဲ "
" ဟမ် "
ငုဝါမောင်မောင် အဆုံးမရှိအစမရှိမေးလာ
သည့် ထိုလူ့၏မေးခွန်းအားနားမလည်နိုင်စွာ အာမေဋိတ်လေးဖြင့်သာပြန်တုံ့ပြန်လိုက်သည်။ထိုအခါ ထိုလူကမိမိ၏ပုခုံးအား ထိန်းကိုင်ကာ မျက်နှာချင်းဆိုင်အနေအထား ဖြစ်အောင် ဖန်တီးလာသည်။ထို့နောက် မိမိအားဘာမှမပြောဘဲ စိုက်ကြည့်လာသည်။ ငုဝါမောင်မောင်ထိုမျက်လုံးတို့ကို သေချာအကဲခတ်လိုက်သည်။
ငုဝါမောင်မောင် အကဲခတ်မမှားဘူးဆိုလျှင် ထိုလူ့၏မျက်လုံးထဲတွင် လွမ်းဆွတ်မှုအရိပ်တစ်ခုက ခိုအောင်းနေ၏။ မျက်လုံးစူးစူးတို့မှာ အရင်ကလိုစူးရှမနေဘဲ အနည်းငယ် ညှို့မှိုင်းနေသည်။
" ဘာလို့ မစောင့်နေခဲ့တာလဲ "
ငုဝါမောင်မောင် ထိုလူ၏စကားကိုသဘောပေါက်သွားလေသည်။ထို့နောက်မဲ့ပြုံးလေးတစ်ခုအား မျက်နှာလှလှတွင်ချိတ်ဆွဲလိုက်၏။
" ငါ့ဘဝကို အရုပ်တစ်ရုပ်လိုဆော့ကစားခဲ့တဲ့လူကို ငါကစောင့်နေရမှာတဲ့လား "
ငုဝါမောင်မောင် နာကျင်မှုတို့ဖုံးလွှမ်းနေသည့် စကားလုံးများကို ရင်နာစွာပြောမိသည်။ ထိုအခါထိုလူ့၏အကြည့်များက ညှို့မှိုင်းနေရာမှ တစ်စုံတစ်ခုကို စိုးရိမ်သွားသည့်အသွင်သို့ပြောင်းသွားသည်။
