7 U/Z

1K 19 3
                                        

"အပိုင်း ၇"

သမုဒယနွယ် နှင့် မင်းခညီတို့ နှစ်ဦးသဘောတူကွာရှင်းခဲ့ကြသည်။ မင်းခညီသည် သူ၏ ပိုင်ဆိုင်မှုများကို သမုဒယနွယ်အား လွှဲပေးခဲ့သည်တိုင် သမုဒယနွယ်က လက်မခံခဲ့ပေ။

"ကျွန်မအတွက် ဒါတွေ မလိုအပ်တာမို့ ကျွန်မကို မပေးပါနဲ့"

ပြတ်သားလှသည့် ဇနီးဟောင်းကို ကြည့်ပြီး မင်းခညီ သက်ပြင်းသာ ချနေရသသည်။

"နွယ့် အတွက် မလိုအပ်ရင်တောင် သမီး အတွက် ဖြစ်ဖြစ်"

"မလိုအပ်ပါဘူး ဦးမင်းခညီ။ ကျွန်မမှာ ခြေတွေ လက်တွေရှိနေသ၍ ကျွန်မ သမီးကို ကျွန်မ ခွန်အားနဲ့ ရှာကျွေးနိုင်ပါတယ်"

သူမလေးသည် သူထံမှ ဘာတစ်ခုမှ မလိုချင်တော့သလို သူနှင့် မပတ်သက်တော့ဘူးဟု သတ်မှတ်ထားဟန်တူသည်။ ထိုကြောင့် နောက်ဆုံးတွင် သူသာ လက်လျော့လိုက်ရသည်။ သမီးကို ထွေးပွေ့ချင်ခဲ့သည်တိုင်အောင် သမီးဖြစ်သူ၏ ဥပေက္ခာကို မခံစားနိုင်၍ အဝေးကသာ သူ ငေးကြည့်ခဲ့ရပါသည်။  နွယ်သည် သူ နှင့် ကွာရှင်းပြီး နောက်တစ်နေ့တွင် နှစ်ယောက်တစ်ဘဝ ထူထောင်ခဲ့သည့် အိမ်ပေါ်မှ သမီးကို လက်ဆွဲ၍ အပြီးဆင်းသွားခဲ့သည်။ သူလည်း မတားမိပါ။ နွယ့် သဘော နွယ် စိတ်အလိုအတိုင်းသာ နေပါစေဟု လွှတ်ထားလိုက်သည်။

နွယ်သည် မင်းခညီနှင့် ကွာရှင်းပြီးသည့်အခါ အိမ်ထောင်သက်တမ်းတစ်လျှောက် နွယ် စုဆောင်းထားသည့် ငွေများကို ဘဏ်မှ ထုတ်ယူခဲ့သည်။ ထိုနောက် နည်းနည်းချင်း ဝယ်ယူစုဆောင်းခဲ့သည့် ရွှေတိုရွှေစများကိုလည်း ကာလပေါက်ဈေးဖြင့် ပြန်လည်ရောင်းချကာ သမီး နှင့် နွယ့် ဘဝကို တစ်က ပြန်စရန် ကြိုးစားခဲ့သည်။ နွယ်သည် အင်ဂျင်နီယာတစ်ယောက်၏ ဘဝကို မက်မောသော်လည်း သမီးအတွက် စဥ်းစားမိသည့်အခါ သမီးက နံပါတ်တစ်ဦးစားပေးဖြစ်လာခဲ့သည်။ ထိုကြောင့် အင်ဂျင်နီယာတစ်ယောက်ဘဝကိုပါ စွန့်လွှတ်ခဲ့သည်။

သမီးနှင့် အတူနေထိုင်ရန် ကျောက်မြောင်းဘက်က ရပ်ကွက်လေးတစ်ခုတွင် ခြံဝိုင်းနှင့် အိမ်သေးသေးလေး တစ်လုံးဝယ်ကာ သားမိနှစ်ယောက် အတူနေထိုင်ခဲ့သည်။ သားမိနှစ်ယောက်၏ ဘဝရှေ့ရေးအတွက်လည်း ခြံဝိုင်း နှင့် အိမ်ဝယ်ပြီးချိန်တွင် ပိုလျှံသည် ငွေအနည်းငယ်ကို အရင်းအနှီးပြု၍ ဈေးဆိုင်လေးတည်ခဲ့သည်။  ဈေးဆိုင်လေးသည် ကုန်စုံဆိုင်လေးဖြစ်သဖြင့် ပစ္စည်းအစုံရနေခဲ့သည်။

သံယောဇဥ်နှောင်ကြိုးWhere stories live. Discover now