🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 33"ကိုကြီး"
"ကိုကြီးရေ"
"အဟင့်ဟင့်"
ကိုကြီးကို နှုတ်ကနေ တဖွဖွ ခေါ်နေမိရင်း ရေထဲကို တဖြည်းဖြည်း ဆင်းသွားမိတာကို ခင်ခင် ကိုယ့်ဟာကိုယ် သတိတောင် မထားမိ။ခင်ခင်သိပ်ကြောက်တဲ့ရေ၊မမြင်ချင် မတွေ့ချင် လှည့်တောင်မကြည့်ချင်တဲ့ ချောင်းရေ။
ဒီချောင်းထဲမှာ ခင်ခင့်ရဲ့အဖေဟာ ရေနစ်ပြီး အသက်ဆုံးရှုံးသွားရတယ်ဆိုတဲ့အစွဲက ငယ်ငယ်ကတည်းက ခင်ခင့်ရင်ထဲအသည်းထဲမှာ သံမှိုရိုက်ထားသလို စွဲနေခဲ့တော့ ချောင်းတွေ မြစ်တွေ ကန်တွေလို ရေများများ ရှိတဲ့နေရာတွေကို ခင်ခင်ရှောင်သည်။
အခု ကိုကြီးက ချောင်းရေထဲကို ငုတ်သွားပြီး အတန်ငယ်ကြာသည်အထိ ပေါ်မလာတော့ ခင်ခင် ပူပင်ရလွန်းလို့ ရူးသွားတော့မလားတောင် ထင်မိတော့သည်။ရှာမည်..ကိုကြီးကို ရေထဲမှာ လိုက်ရှာမည်။
ချောင်းရေတစ်ခါမှ မချိုးဖူး ချောင်းထဲကို တစ်ခါမှ မဆင်းဖူးတာ ရေကြောက်တာတွေ ခင်ခင်မသိ ...သတိတောင်မရ အခု ခင်ခင် သိတာ ခေါင်းထဲမှာ ရှိတာက ရေထဲမှာ ပျောက်နေတဲ့ကိုကြီးကို လိုက်ရှာဖို့....
"ဟာ ခင်ခင်"
"ခင်ခင်"
ခင်ခင်ရွယ်ကိုးက တရွေ့ရွေ့နဲ့ ရေထဲ ဆင်းသွားတာကို ထွန်းစိန်တို့ညီအစ်ကိုက ကြောင်ငေးကြည့်နေမိကြပြီး သတိဝင်လာလို့ လှမ်းအော်ပေမယ့် မမီလိုက်တော့၊တရွေ့ရွေ့ဆင်းသွားရာက ရေက ခါးလည်အထိ ရောက်တာနဲ့ ရေထဲကို ငုတ်သွားတော့သည်။
"ဟာ ထွန်းစိန် ဆရာမကြီးမြေးက ရေကြောက်တယ် မဟုတ်လား"
"အေး"
"အခု ရေငုတ်သွားပြီ"
"အေး"
"မင်းဂျီးဒေါ်ကြီးကို အေး နေလိုက် လာ မြန်မြန်"
စိန်ထွန်းက ပြောပြောဆိုဆို သူ့ညီလက်ကိုဆွဲပြီး ရေထဲကို အမြန် ဆင်းပြေးတော့သည်။
"ဗွမ်း!!"
"ဟာ"
"ဟော နှစ်ယောက်လုံး ပေါ်လာပြီဟေ့"

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ.......