Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾Special Extra For Donate 🌾မျက်နှာချင်းဆိုင် ဖွင့်ထားသော လော်စပီကာမှ မင်္ဂလာသီချင်းသံများနှင့်အတူ လူတိုင်း လူတိုင်း၏ မျက်နှာများသည်လည်း ပြုံးရွှင်လျှက် လှည်းချောင်းကူးရွာလေး၏ မနက်ခင်းလေးဟာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံလျှက်ရှိ၏။
ခြိမ့်ခြိမ့်သဲကျင်းပနေသည့် မင်္ဂလာပွဲနှစ်ပွဲ၏ အဓိကလူများကတော့ စည်ကားလှသည့် အကျွေးအမွေးပွဲကြီးမှာ မနိုင်သဖြင့် ဝိုင်းကူနေရလေသည်။နှစ်ပွဲလုံးက လက်ဖွဲ့ငွေလက်မခံဘဲ ဝက်၊အမဲ၊ငါးကြော်နှပ်၊ပဲနှင့် သီးစုံချဉ်ရည်တို့ကို အလျှံအပယ် ကျွေးမွေးလေရာ ရွာနီးစပ်များအပြင် လှတောမှရောက်လာသည့် အမျိုးအဆွေတို့ကြောင့် မဏ္ဍပ်အတွင်းအပြင် ခြေချစရာနေရာတောင်မရှိပေ။
နားထင်စပ်မှာ ချွေးစက်ကလေးတွေဖြင့် ထမင်းလိုက်ဖြည့်ပေးနေသော ကိုဉာဏ် မျက်ဝန်းများက ပြုံးယောင်သမ်းလျှက်ရှိသည်ကို ငြိမ်းဝေ မြင်နေရ၏။သူဖြစ်စေချင်သလို အကြီးအကျယ်ဖြစ်သွားလို့ စိတ်ချမ်းသာနေတာဖြစ်မည်ဟု ငြိမ်းဝေ တွေးမိတော့ ဆယ်ရက်လောက်တောင် မင်္ဂလာဆောင်ချင်သွားရသည်။တစ်မနက်လုံး မမောနိုင် မပန်းနိုင် လုပ်ပေးနေသူကို ငြိမ်းဝေ တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်ရင်း ပြုံးမိသည်က ခဏခဏ။
အဖေနှင့်အမေ့ဆီကို လှမ်းကြည့်မိတော့လဲ လှတောရွာက ဧည့်သည်တွေကို ဧည့်ခံနေရတာနှင့် မည်သူမှ ယားလို့တောင် မကုတ်နိုင်။အဖေဆို ဟင်းချက်သည့်နေရာပြေးလိုက် ဆန်လိုလား သွားကြည့်လိုက်ဖြင့် အပေါ်အင်္ကျီတောင် ချွတ်ထားတာဖြစ်သည်။
ယဉ်စစလေးပြင်ဆင်ထားသည့် စိမ်းလဲ့နွယ်မှာ စားပြီးသား ပန်းကန်ပြားတွေလိုက်ကောက်နေပြီး တစ်မနက်လုံး တက်ကြွတဲ့ ကြက်ဖကြီး စိုးလင်းမောင်ကတော့ သီးစုံချဉ်ရည်ဟင်းချိုင့်ကြီးကိုင်လျှက် တပြုံးပြုံး။စိုးလင်းမောင် ဘယ်လောက်ထိပျော်နေသလဲဆို ဖြီးနေတဲ့ သွားများနှင့် လူတိုင်းကို တဟဲဟဲရယ်ပြလျှက် စားပွဲဝိုင်းတိုင်း လိုလိုမလိုလို ဟင်းရည်တွေဖြည့်ပေးနေပုံက သိသာလေသည်။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း