Ko Nyan's POV -1

9K 490 113
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
            🌾ကိုဉာဏ်လင်းထည်(POV-1)🌾

ဦးတင်ထွန်းနှင့်အတူ မန္တလေးတက် ထွန်စက်ဝယ်ဖြစ်ပြီး နောက်တစ်နေ့မှာပဲ ရင်ငြိမ်းဝေကြောင့် ထွန်စက်မှောက်ပြီး  မျက်နှာတစ်ပြင်လုံး ရွံ့တွေပေလူးနေကာ ပုဆိုးက ဂီယာတံမှာချိတ်ပြီး တန်းလန်းကြီးဖြစ်နေတယ်ဆိုသည့် သတင်းက ဉာဏ်လင်းထည် နားဆီရောက်လာတော့ အသံထွက်ပြီး သဘောတကျရယ်မိသွားသည်။ကလေးသာသာကောင်လေးက တကယ်ပဲ ကလေးလို ပြဿနာလေးတွေရှာတတ်သေးသည်။

ထိုနောက်ပိုင်း ဗီဒီယိုရုံမှာ ရက်အနည်းငယ်လောက် မတွေ့ဖြစ်။ကြည့်ရတာ ရှက်ပြီး အပြင်မထွက်ပုံရသည်။အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ ရွာထဲကို နေ့စဉ်ရောက်လေ့ရှိသော သူ့ကို အိမ်က အစ်မကတောင် သတိထားမိပြီး မေးလာသေးသည်။

"အခုတလော ရွာထဲမှာ ခဏခဏတွေ့နေတယ်နော်..ငါ့မောင် ဘယ်အပျိုကိုလှည့်နေတာလဲ...”

အပျိုလှည့်တယ်ဆိုတဲ့စကားကြောင့် ဉာဏ်လင်းထည် စိတ်ထဲ မကြည်တော့။လှည်းချောင်းကူးရွာသားက ကိုယ့်ရွာထဲတောင် သွားချင်တဲ့ချိန်သွားလို့မရတာလား။စိတ်မကြည်သည့်အရှိန်နှင့် အစ်မဖြစ်သူကို စကားအကောင်းမပြောမိ။ထိုအထဲ ဦးတင်ထွန်းသမီး စိမ်းလဲ့နွယ်နှင့် ရွာထဲက ပေးစားနေကြသည့် ‌အကြောင်းပါကြားလိုက်ရတော့ စိတ်မကြည်မှုက ပိုမြင့်တက်သွားရသည်။

ဦးတင်ထွန်းနှင့်သူ အမြဲတမ်း စကားတွေပြော ဝင်ထွက်နေသည့်အကြောင်းအရင်းက သူ့အား ဘာလေးဝယ်ဝယ် အကြံယူ တိုင်ပင်တတ်သောကြောင့်ပင်။တခြားသော ရည်ရွယ်ချက်မရှိသလို ကိုယ့်နှမလေးလိုပဲ သဘောထားသည့် စိမ်းလဲ့နွယ်နှင့်မို့ ကြုတ်နေသည့် မျက်ခုံးတန်းတွေက ‌ဖြည်မရတော့။ထို့အပြင်ဒေါ်မေမောင်သား ရင်ငြိမ်းဝေ၏ ဘော်ဒါ စိုးလင်းမောင်က စိမ်းလဲ့နွယ်ကို ကြိုက်နေမှန်း အရက်မူးတဲ့ညကတည်းက သူသိခဲ့တာဖြစ်သည်။စိမ်းလဲ့နွယ်ဘက်ကလည်း စိုးလင်းမောင်အပေါ် စိတ်ရှိတာ ဉာဏ်လင်းထည် ရိပ်မိတာမို့ မသိချင်ယောင်ဆောင်ပေးထားတာဖြစ်သည်။သူ့လိုစေ့စပ်ပွဲတစ်ခါပျက်ဖူးသည့် သတင်းထွက်ရင် နှစ်နာရမှာက သူများသမီးပျိုလေးပင်။အမေ့ကို မဟုတ်ဘဲ လျှောက်ပြောရင် အရင်တစ်ခေါက်ကလို သူမသိဘဲ ကိစ္စတွေကို စီစဉ်လာနိုင်တာမို့ အစ်မဖြစ်သူကို တစ်ခါတည်း နှုတ်ပိတ်လိုက်သည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now