Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၄၅-ဇာတ်သိမ်းပိုင်း)🌾ညတုန်းက မိုးတွေ ဖြိုင်ဖြိုင်ကျသွားသည်နှင့် ဘာမှမဆိုင်စွာ နှစ်ဆန်းတစ်ရက်နေ့ မနက်ခင်းက တိမ်တွေကြည်စင်နေပြီး လေတစ်ချက်အဝှေ့မှာ မြေသင်းနံ့ ခပ်ပျံ့ပျံ့က ပါလာ၏။ငြိမ်းဝေ သင်္ကြန်ကို သဘောကျသည့်အထဲမှာ မိုးရွာပြီးလျှင် ရတတ်သည့် သင်္ကြန်မြေသင်းနံ့လေးကို ကြိုက်၍ပင်။ထိုအထဲ တမာပန်းရနံ့လေးကပါ ကပ်ပါလာလေတော့ ပတ်ဝန်းကျင်တစ်ခုလုံးက ငြိမ်းချမ်းသာယာစွာဖြင့် ငြိမ်းဝေ စိတ်ကိုအေးချမ်းစေသည်။
အကြို၊အကျ၊အကြတ်၊အတတ် လေးရက်လုံး ကိုဉာဏ်နှင့်အတူ ဘုန်းကြီးကျောင်းတိုင်းမှာ ကုသိုလ်ယူခဲ့ပြီး ဥပုသ်သီလစောင့်တည်ခဲ့ကြတာမို့ ကိုဉာဏ်နှင့် ငြိမ်းဝေ နာမည်က သိကြားမင်း ပုရပိုက်ထဲ ရှေ့ဆုံးကနေ နေရာယူသွားလောက်ပြီပင်။
ဒီဘဝမှာ အလှူအတန်း များများလုပ်လျှင် နောင်ဘဝကျ ကောင်းမွန်စွာ ရေစက်ဆုံရပြီး ဘဝကူးလဲကောင်း ဥစ္စာဓနအတွက်လဲ အထောက်အပံ့ဖြစ်တာမို့ အမေက ကုသိုလ်ကောင်းမှု များများလုပ်ဖို့ ငြိမ်းဝေတို့ကို ခဏခဏတိုက်တွန်းတတ်သေးသည်။
ဒီနေ့ နှစ်ဆန်းတစ်ရက်တွင်တော့ ငြိမ်းဝေတို့ သံဘိုကျောင်းမှာ သက်ကြီးရွယ်အိုတွေအတွက် လှူဒါန်းရင်း ဘုရားကျောင်း မုဒ်ဦးနှင့်သိမ် ဆောက်လုပ်လှူဒါန်းရန်အတွက် ဆရာတော်နှင့် တိုင်ပင်ကြမည်ဖြစ်သည်။
“မောင်ဉာဏ်လင်းထည် အပေါင်း မောင်ရင်ငြိမ်းဝေ ကောင်းမှုဆိုပြီး ကိုယ်တို့ကြားက ပတ်သတ်မှုလေးလေးနက်နက်ကို ကမ္ပည်းနဲ့အတူ တွဲမြင်ချင်တာ ကိုယ့်ရဲ့ လေးနက်တဲ့ဆန္ဒတစ်ခုပါ...”
ဟု တဖွဖွ ပြောလေ့ရှိသူက အလှူတိုင်းအတွက် မှတ်တမ်းဖြတ်ပိုင်းလေးတွေကိုလည်း ဂရုတစိုက် တောင်းယူတတ်သေးသည်။
မုဒ်ဦးနှင့်သိမ်မှာတော့ နှစ်ဖက်မိဘတွေကို အမှူးထားပြီး လှူဒါန်းမှာဖြစ်လို့ နှစ်ဖက်မိဘလုံးနှင့်အတူတကွ ငြိမ်းဝေတို့ ရေစက်ကလေးက ဘဝအဆက်ဆက် တည်မြဲနေမှာဖြစ်သည်။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း