Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၄၄)🌾သင်္ကြန်အကြိုမိုးလေးက ပက်ဖြန်းလာတော့ ငြိမ်းဝေ ကွေးကောင်းကောင်းဖြင့် မထချင်။သို့သော်လည်း ကိုဉာဏ်နှင့်အတူ မြင်းမူကိုသွားမည်ဟု ပြောထားသောကြောင့် မထချင်လဲ ၄နာရီထိုးသည်နှင့် အမြန်ထလိုက်သည်။
မှောင်မဲကြီးထဲ မျက်နှာထသစ်လိုက်ပြီးနောက် အမေက ထမင်းကြော်ရာမှ သူ့ကိုလှည့်ကြည့်လာပြီး..
“မောင်ဉာဏ်က ဘယ်ချိန်လာမှာတဲ့တုန်း...”“၆နာရီထိုးအမေ...”
“ဒါကို နင်က ၄နာရီထိုးကြီး ဘာထလုပ်တာတုန်း...”
“ဟာ အမေကလည်း အဝတ်အစားလဲ ပြင်ဆင်ရဦးမယ်လေ..”
ဒေါ်ခက်ခက်ငြိမ်း စိတ်လေသည့်ပုံစံဖြင့်ကြည့်လိုက်ကာ..
“အဝတ်အစားမလဲခင် ထမင်းအရင်လာစား ပဲပြုတ်နဲ့ကြော်ထားတာ အုပ်စောင်းအောက်မှ မနေ့ကကြော်ထားတဲ့ ငါးကြော်ရှိသေးတယ်...”"ဟုတ် အမေ...”
ငြိမ်းဝေ မြန်မြန်ဆန်ဆန်ပဲ အုပ်စောင်းထဲက ငါးကြော်ကိုယူကာ ထမင်းကြာ်ပူပူလေး ခူးပြီး စားလိုက်သည်။
“အမေ ဘာမှာလိုက်ဦးမလဲ..”
“ဘာမှမှာစရာမရှိဘူး..အခုချိန်က အခါရောက်တော့မှာဆိုတော့ မြို့ပေါ် လူတွေစည်နေမှာ ဆိုင်ကယ်တွေ ကားတွေ ဆိုက်ကားတွေနဲ့ရှုပ်နေမှာ မင်းတို့ ဆိုင်ကယ်ကို သေချာဂရုစိုက်မောင်းကြ..ကြားလား..”
“ကိုဉာဏ်က ကားနဲ့သွားမှာတဲ့.. ”
“ကားနဲ့လား ဘာတွေများ ဝယ်စရာရှိလို့တုန်း...'
“အခါတွင်း ဥပုသ်သည်တွေကို လှူချင်လို့တဲ့ သက်ကြီးရွယ်အိုတွေကိုလဲ အစုံလေးလိုက် လှူချင်တယ်ပြောတယ်...ဘဘုန်းကျောင်းမှာ စတုဒီသာလဲ ကျွေးချင်သေးတယ်တဲ့..”
ဒေါ်ခက်ခက်ငြိမ်း ခေါင်းကို တစ်ဆတ်ဆတ်ညိတ်လိုက်ပြီး..
“အလှူအတန်းလုပ်တာကောင်းပါတယ် နောင်ဘဝအတွက် အထောက်အပံ့ရတာပေါ့ အေးအေး မောင်ဉာဏ်လာရင် ထမင်းမစားရသေးရင် ခူးကျွေးလိုက်ဦး ...ဒီနေ့ ပဲသိမ်းစရာရှိလို့ ခဏနေရင် နင့်အဖေနဲ့ ယာထဲသွားတော့မှာ..”

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း