Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၄၁)🌾ငြိမ်းဝေတို့ တစ်မနက်လုံးဆိုင်ကယ်စီးသင်ပြီး မနက်၁၁နာရီထိုးမှ ပြန်ဖို့ပြင်လိုက်ကြသည်။ဒါတောင် သူထပ်ပြီး စီးချင်သေးတာဖြစ်သော်လည်း ကိုဉာဏ်က အားရဲ့လားမသိသလို ဗိုက်ဆာနေမှာလဲဆိုးသောကြောင့် ပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
စိုးလင်းမောင် တဂွီဂွီမြည်နေသည့်ဗိုက်ကို ဖိထားရင်း လဒလည်လိမ်ပြီးနွားနင်းခံရသည့်ရုပ်ဖြင့် ငြိမ်းဝေကို မကျေမနပ်ကြည့်လိုက်သည်။
“စိုးလင်းမောင် မင်းရုပ်ကလဲ လဒလည်လိမ် နွားနင်းခံရပြီး တစ်လလောက် အီးမပါရတဲ့ရုပ်နဲ့ ဘာလဲ အီးပါချင်လို့လား..”
"ဒီ ....“
ကိုဉာဏ်လင်းထည်က လှည့်ကြည့်လာသဖြင့် စိုးလင်းမောင် အဆဲစကားလုံးများကို မြိုချလိုက်သည်။ထိုလူ့ရှေ့ဆို ဟိုသူတောင်းစားလေးကို မဆဲနိုင်တော့သည်မှာ ဘကြီးဘုန်းကြီးရှေ့ စာမေးခံရမှာဆိုးသဖြင့် ခေါင်းမထောင်ရဲတာနှင့်တောင် ခပ်ဆင်ဆင်တူ၏။ထို့ကြောင့် စိတ်ထဲကနေပဲ ဒေါ်ဒေါ်သိသွားတဲ့အချိန်ရောက်ရင် ဂွေးတိုအောင်ထိ အရိုက်ခံရပါစေဟု မေတ္တာကြိတ်ပို့လိုက်သည်။
ဉာဏ်လင်းထည် သူငယ်ချင်းနှစ်ယောက်စကားဝိုင်းကိုဘာမှဝင်မပြောဖြစ်ဘဲ ဆိုင်ကယ်ကို ပြန်မယ့်လမ်းဘက်လှည့်လိုက်သည်။
ငြိမ်းဝေ အလာတုန်းက ထိုင်ခဲ့သည့် နေရာလေးကို သတိရသွားတော့ ကိုဉာဏ် ဆိုင်ကယ်ပေါ်ခွပြီး နောက်ဆုတ်ပေးသည်နှင့် ဟိုဒီကို မသိမသာကြည့်ကာ အရှေ့ကနေ ကျေကျေနပ်နပ်နှင့်ခပ်မြန်မြန်ဝင်ထိုင်လိုက်သည်။
ရင်ခွင်ထဲက ကလေးက သူ့ကိုတစ်ချက်လှည့်ကြည့်လာတော့ ဉာဏ်လင်းထည်ပြုံးလိုက်ကာ ခေါင်းကို လက်ဖြင့် အသာလေးအုပ်ကိုင်လိုက်သည်။ကြမ်းရှနေတာမျိုးမဟုတ်ဘဲ ထူပြီး နက်မှောင်တဲ့ ဆံပင်တစ်အုပ်က သူ့လက်ဖဝါးအောက်မှာ နူးနူးညံ့ညံ့။ခေါင်းလုံးလုံးလေးကို အုပ်ကိုင်ထားရင်း နမ်းချင်စိတ်က ထွက်ပေါ်လာသောကြောင့် မချင့်မရဲဖြစ်စွာ ဉာဏ်လင်းထည် ထိန်းချူပ်လိုက်ရသည်။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း