Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၄၀)🌾ယာထဲက တဲတွင် ဆံပင်ကိုဂျဲလ်နှင့်ပုံသွင်းနေသော ဉာဏ်လင်းထည် လေချွန်ကာ သီချင်းငြီးနေတုန်း တဲထဲဝင်လာသည့် အစ်မဖြစ်သူကြောင့် တစ်ချက်လှမ်းကြည့်လိုက်သည်။
"ကိုဉာဏ် မောင်လေး ရွာထဲသွားမလို့လား..”
“အင်း..”
“မသွားခင် အိမ်ဘက်လာခဲ့ပါဦးလား အမေနဲ့အဖေက ပြောစရာရှိလို့တဲ့...”
ဇာလင်း အနည်းငယ်စိတ်လှုပ်ရှားနေသည်ကိုဖုံးကွယ်ကာ ဟန်မပျက်ပြောလိုက်သည်။ဉာဏ်လင်းထည် တစ်ချက်လောက်စဉ်းစားပြီးမှ ခေါင်းညိတ်ပြလိုက်ပြီး..
"ခဏနေ လာခဲ့မယ်..”"အင်း အင်း အဲ့ဒါဆို အစ်မ တဲကပဲစောင့်နေမယ်နော်...”
ဇာလင်း ပြောပြီးသည်နှင့် ခပ်သွက်သွက်ပဲ တဲကိုပြန်သွားလိုက်သည်။ဒီတစ်ခေါက်ရော မောင်လေးနှင့်အမေကြား ဘာတွေပြဿနာထပ်ဖြစ်မလဲ သူမ မပြောတတ်ပေမယ့် အခုကိစ္စကတော့ အမေ့ကို နည်းနည်းလောက်ဖြစ်ဖြစ် ကိုဉာဏ်နားလည်ပေးရင် ကောင်းမည်ဟု သူမတွေးသည်။သူ့သားအရင့်အမာကြီးက တခြားယောင်္ကျားတစ်ယောက်နှင့်ကြိုက်နေပါသည်ဆိုသည့် အကြောင်းအရာကြီးအား သူမအမေမပြောနှင့် ဇာလင်းအတွက်တောင် ခေါင်းတည့်တည့်ကို မိုးကြိုးပစ်လိုက်သလိုမျိုးခံစားရတာဖြစ်သည်။
တစ်နေ့လုံး တစ်ညလုံး မျက်နှာမကောင်းသည့် အမေက သူ့သားငယ်ကိစ္စနှင့်ပတ်သက်ပြီး ယုံဖို့ရာ ခက်ခဲနေတာမို့ သူဌေးကုန်းဘက်က အမျိုးတော်သော အမေ့အစ်ကို ဝမ်းကွဲ အထက်လမ်းဆရာတစ်ယောက်ကို ပင့်ထားကာ အိမ်သန့်ရင်း အတိုက်အခိုက်တွေနဲ့များ ပြုစားထားသလား စစ်ဆေးဖို့ ပင့်ထားတာမို့ ဇာလင်း ကိုဉာဏ်ကို တဲဘက် ခဏလာပါဦးဆိုပြီး ခေါ်ထားတာဖြစ်သည်။မျက်နှာလေး ခဏလာပြရင်တောင် အဆင်ပြေတာမို့ ကိုဉာဏ် ဘာကိုမှ အဓိပ္ပာယ်ကောက်မလွဲဖို့ ကြိတ်ဆုတောင်းမိသည်။မဟုတ်ပါက ကိုဉာဏ်စိတ်နှင့်ဆို သားအမိတွေကြားထဲ ထပ်ပြီး အဆင်မပြေဖြစ်ရလိမ့်မည်။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း