Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၃၆)🌾ထိုနေ့က တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ဘေးရွာတွေပါ တရားခံပြေးအကြောင်းသိသွားကြကာ ဝိုင်းဝန်းကူဖမ်းပေးမှုကြောင့် နေမစောင်းခင်အချိန်အတွင်း ဖမ်းမိခဲ့ကြသည်။တစ်ချိန်လုံး အရူးဟန်ဆောင်ပြီး သူတို့ရွာတွေကို လည်ပတ်နေသူ၊သူတို့တွေ သနားလို့ အမြဲ ထမင်းကျွေးနေသည့် ထိုသူက လူသတ်သမားဆိုတာသိလိုက်ရတော့ အတော်အများ ကြောက်ရွံ့သွားကြသလို နောက်ဆို အဲ့လိုမသိဘဲ ရောက်လာသည့် လူစိမ်းဆို ပိုသတိထားရမယ်ဟူ၍ အချင်းချင်း သတိပေးလိုက်ကြသည်။
နောက်တစ်နေ့မနက်ရောက်တော့ ရွာသူကြီးအိမ်ကို ချဲဒိုင်တစ်ယောက်ရောက်ချလာပြီး ဖမ်းခံလိုက်ရသည့် ချဲဒိုင်ဆီမှ ပေါက်သီးမိထားသမျှကို လာလျော်ပေးတာဆိုတော့ ဦးကျော်ရီ ပျော်လွန်းလို့ ထခုန်မိမတတ်။သူ့မှာ အစားအသောက်ပျက် အိပ်ရေးပျက်တဲ့အထိ စိတ်ဒုက္ခရောက်ခဲ့ရသည့်အပြင် အချုပ်ကားထိပါဆိုတော့ ခုမှပဲ ပြုံးနိုင်တော့သည်။
သူဆုံးထားသည့် ထိုးကြေးက ၁၀၀၀၊၂၀၀၀လဲမဟုတ်သည့် ၃၀၀၀၀တောင်ဆိုတော့ ထိုအခါမှပဲ ဦးကျော်ရီလဲ နားချိတ်မတတ် တဟားဟား ရယ်တော့သည်။
ထိုနေ့ညနေမှာပဲ မန်းလေးထိတက်ပြီး ပစ္စည်းဝယ်မည့်သူတွေ အလှူအတန်းလုပ်မည့်သူတွေ ရွှေလုပ်မည့်သူတွေ အသီးသီး စုမိသွားကြကာ ဖုန်းသွားဆက်ပြီး မြို့ပေါ်ကနေ လိုက်ထရပ်ငှားသူ ဒိုင်နာငှားသူဖြင့် တစ်ညလုံး မလဲသာနှင့် ရွာအား ကူချည်းသန်းချည်လုပ်နေကြသဖြင့် ဆူညံနေလေ၏။
ငြိမ်းဝေတို့အိမ်တွင်လဲ အဖေက ကိုဉာဏ်တို့နှင့်အတူတူ မန္တလေးတက်ပြီး ဝယ်စရာရှိသဖြင့် တစ်ညလုံး မအိပ်ဘဲ ပြင်ဆင်နေကြတာတွေ ငြိမ်းဝေကြားသည်။အဖေက အမေ့ကိုအတင်းခေါ်သော်လည်း မလိုက်ချင်ဘူးဟု ငြင်းနေသောကြောင့် နောက်တော့ အားလျှော့သွားဟန်တူသည်။ထို့နောက်တွင်တော့ အမေ့၏ ပိုက်ဆံတွေကို ဂရုစိုက်ဖို့ ကျမနေခဲ့ဖို့နှင့် ဒီအရွယ်ကြီးကျမှ တို့ဆေးမိတာတွေ လူလိမ်ခံရတာတွေမဖြစ်အောင် မှာနေသည်မှာ ငါးနှစ်သားကလေးအလား။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း