အပိုင်း(၃၅)

12.7K 629 59
                                    

Unicode


🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၃၅)🌾

ထိုနေ့ညနေက သုံးလုံးကိစ္စဖြင့် တစ်ရွာလုံးပွက်လောရိုက်နေကြရာ ဦးတင်ထွန်းလဲ ဗီဒီယိုမပြနိုင်ဖြစ်ရသလို သူကြီး ဦးကျော်ရီလဲ ထမင်းတောင်မစားနိုင်ဘဲ ရွာထိပ်ကနေ လည်ပင်းတဆန့်ဆန့်ဖြင့် ဟိုမျှော်ကြည့်လိုက် ဒီမျှော်ကြည့်လိုက်ဖြင့် တစ်ညလုံး မအိပ်နိုင်ဖြစ်နေရသည်။

တော်နေ ဒီဘက်ထိပ်ကများ အချုပ်ကားကြီးရောက်လားမလား။တော်ကြာ ဟိုဘက်လမ်းကများ ရောက်ချလာမလားစသည်ဖြင့် ‌ဦးကျော်ရီတစ်ယောက် ပူပန်နေရသည်။သူ့မှာ ပေါက်သီးအတွက် လျော်ကြေးကလည်းမရ ထိုးကြေးလည်းဆုံး ဖြစ်သည့်အပြင် အခုဆို မစားနိုင်၊မသောက်နိုင် ဖြစ်နေရသည့်အတွက် မျက်နှာလေးဆို ဇီးရွက်လောက်ပဲကျန်နေလောက်တော့မည်။

ငြိမ်းဝေနှင့်စိုးလင်းမောင်ကတော့ တခြားသူဆီ ထိုးမိတာဖြစ်၍ လျော်ကြေးလေး ၅၀၀ဖိုးစီ ရလိုက်တာမို့ တစ်ယောက်ကို ၂၇၅၀၀၀ဆီဖြင့် မျိုးမျိုးမြတ်မြတ်လေးရလိုက်ကြသည်။ထိုရသမျှ ပိုက်ဆံတွေထဲမှ အဖေနဲ့ အမေကို တစ်ယောက်တစ်သိန်းစီကန်တော့တော့ ဦးစိုးဝေကြီးက ကျေနပ်ပြုံးကြီးဖြင့် လက်ခံပြီး ဒေါ်ခက်ခက်ငြိမ်းကလည်း ခပ်ပြုံးပြုံး။အမေနှင့်အဖေက သိပ်မယုံရဲကြ၍ ၂၀၀ဖိုးစီပဲ ထိုးလိုက်တာကြောင့် တစ်ယောက် ၁သိန်း၁သောင်းစီတော့ ရလိုက်ကြ၏။

ကျန်တဲ့ ၇သောင်းခွဲထဲက ၇သောင်းကို ကိုဉာဏ်ဖို့ အကောင်းစား ဂျက်ကတ်နှင့်ဂျင်းဘောင်းဘီ ဝယ်ပေးချင်တာမို့ ငြိမ်းဝေ စိုးလင်းမောင်နှင့် ဒီတစ်ပတ်ထဲ မြို့တက်ဖို့တိုင်ပင်ထားကြသည်။၅၀၀၀ကတော့ ငြိမ်းဝေ ဗီဒီယိုကြည့်ဖို့ပင်။ငြိမ်းဝေမသိလိုက်သည်က ကိုဉာဏ်လင်းထည်က ချဲ တစ်သောင်းဖိုးပေါက်ပြီး သူ့အစ်မနဲ့ မိဘတွေကဆို ၅ထောင်ဖိုးစီ ပေါက်သည်ဆိုတာကိုပင်။

ထိုနေ့ညက ‌ငြိမ်းဝေကသာ စိတ်ကျေနပ်မှုများစွာဖြင့် ဗီဒီယိုလဲ မပြသောကြောင့် စောစောအိပ်သွားသည်ဆိုပေမယ့် အဖေနှင့်အမေကတော့ မအိပ်သေးဘဲ အပြင်ဘက်က ကွပ်ပျစ်မှာ ထိုင်ကာ စကားပြောနေကြသည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now