Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၃၂)🌾"ကျောနာတာမပျောက်ရသေးတဲ့ကြားထဲ.. ဟေ့ကောင် ငြိမ်းဝေ မင်းမျက်နှာကြီးကဘာဖြစ်နေတာတုန်းက...”
ရွာနောက်က ကန်ကြီးဘက်မှာ မန်ကျည်းသီးအစေ့တွေကိုကောက်ပြီး ရေကန်ထဲလှမ်းပစ်နေတာ မျက်နှာကလည်း မသာမယာနှင့် ကြက်ကြီးလည်လိမ်ခံထားရသလိုဖြစ်နေသည့် ငြိမ်းဝေကိုကြည့်ပြီး စိုးလင်းမောင်ကျောတွေတောင် ပိုနာလာသလိုလိုခံစားရသည်။ဒီကောင်မျက်နှာက တွေ့ကတည်းက ထို့အတိုင်းကြီးဖြစ်နေတာပင်။
"ဘာဖြစ်ဖြစ်ကွာ..စိတ်ညစ်နေရတဲ့ကြားထဲ ကိုယ့်ဘာသာ နေစမ်း!...”
"ဟ! ငါ့ဘာသာနေချင်ပေမယ့် မင်းမျက်နှာကြီးလဲ မင်းကိုယ်မင်း ပြန်ကြည့်လိုက်ပါဦး...ခွေးအနဲ့လဒ စပ်ကျထားတဲ့အတိုင်းပဲ..”
"ငါ-ိုး...စိုးလင်းမောင် မင်းပါးစပ်ပိတ်ထားစမ်းပါ...ငါ့ဘာသာ စိတ်ညစ်နေရတဲ့ကြားထဲ ဘေးကနေ လိုက်နားငြီးမနေနဲ့ မအေဘေးရဲ့..”
ငြိမ်းဝေ ခေါင်းကိုဘယ်ညာကုတ်ရင်း ခပ်ငြီးငြီးပြောလိုက်သည်။သူ့မှာ ရည်းစားဖြစ်တဲ့ ထိုနေ့ကစပြီး တစ်ပတ်ရှိတာတောင် တစ်ခါလေးမှ မျက်နှာမတွေ့ရသဖြင့် စိတ်ညစ်နေတာဖြစ်သည်။ထိုလူကြီးကလည်း သူ့ရဲ့ အသစ်စက်စက်ရည်းစားလေးကို သတိရော ရရဲ့လားမသိ။ဒါမှမဟုတ် အဲ့ဒီနေ့ညက သူမူးနေတာလား ဒါမှမဟုတ် ကိုဉာဏ်လင်းထည် မူးနေတာများလား။ဒါပေမဲ့ ငြိမ်းဝေကတော့ ငြိမ်းဝေပြောလိုက်တဲ့ စကားတွေအားလုံးကို ရှင်းရှင်းလင်းလင်းမှတ်မိနေတာမို့ သူမူးနေတာတော့ မဟုတ်လောက်တော့။ထိုလူကြီး မူးပြီး မမှတ်မိတာပဲဖြစ်ရမည်။ဒါပေမဲ့ တကယ်ကြီး မမှတ်မိတာဆိုရင် ငြိမ်းဝေ ဘယ်လိုလုပ်ရမလဲမသိ။ထပ်ပြီး ရည်းစားစကားများထပ်ပြောရမှာများလား။ငြိမ်းဝေ တကယ် မန်ကျည်းပင်ကို ခေါင်းနှင့် ပြေးဆောင့်ချင်နေပြီဖြစ်သည်။
တကယ်ကြီးဘူနေပုံရသော ငြိမ်းဝေပုံစံကြောင့် စိုးလင်းမောင် အတည်ပုံစံဖြင့်...
"ငါအတည်မေးတာ မင်းဘာဖြစ်နေတာလဲ...စင်ကျိုးတဲ့ညက မင်းအမေရိုက်တာ နာနေသေးလို့လား ငါတောင်အခုထိ နာနေတာတုန်းပဲ ဘဘုန်းလက်သံက အရင်ကထက် ပိုပြောင်လာသလိုပဲ အရင်က စာမရလို့အရိုက်ခံရတာ အခုက စင်ကျိုးအောင်ကလို့ အရိုက်ခံရတာ နည်းနည်းတော့ကွာတာပေါ့လေ..”

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း