Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၂၈)🌾“စိမ်းလေးကလည်း...မောင်က နှစ်ယောက်ထဲတွေ့ချင်လို့လေ...”
“အရင်တစ်ခေါက်ကတွေ့ပြီးပြီလေ..အခုက အဖေက မျက်စိဒေါက်ထောက်ကြည့်နေတာ ကျုပ်ထွက်မလာရဲဘူးတော့...”
စိုးလင်းမောင် မျက်နှာကြီးရှုံ့မဲ့သွားကာ..
“ခဏလောက်လေးတင်လေ တကယ်ကိုခဏလေးကို မရဘူးလား..”“မရဘူး...”
“မျက်နှာလေးမြင်ရုံလေးတင်လေ..”
“မရဘူးဆို...”
“မျက်နှာချင်းဆိုင်လေးတွေ့ပြီးရင် ချက်ချင်းပြန်သွားမယ်လေ..'
“မရပါဘူးဆို ရှင်ရယ်..”
“ဟွန့်...စိမ်းကလေး အရမ်းရက်စက်တာပဲ..”
“ဟော်တော် ကျုပ်ကရက်စက်တာမဟုတ်ဘူးလေ..ရှင်က ကျုပ်ကို တစ်နပ်စားပဲကြံချင်နေတာလား စိတ်မရှည်နိုင်ဘူးလားတော့...”
"မဟုတ်ပါဘူး စိမ်းရယ် တစ်နပ်စားလဲမကြံရပါဘူး စိတ်ရှည်တာမှ ကမ္ဘာကို ဆယ်ပတ်လောက် ပတ်လို့ရအောင်ထိကို စိတ်ရှည်ပါတယ် ..မောင်က တွေ့ချင်လို့ပါ...”
"အခွင့်အရေးရရင် ကျုပ်လာတွေ့မှာပေါ့တော့...ကလေးကြီးလို ဂျစ်မနေနဲ့..”
“ဟန့်...”
စိုးလင်းမောင် မပျော်မရွှင်ဖြစ်နေရသည်။ဘာလို့သူ့အချစ်ရေးမှာ မတော်ရသေးတဲ့ ယောက္ခထီးကြီးက ခဏခဏကန့်လန့်ခံနေရတာလဲ။ဘာလို့သူ့မှ ကံဆိုးရတာလဲ။ထိုသို့တွေးမိတော့ သူ့ထက်ပိုဆိုးသည့် ဘာဆိုဘာမှမဖြစ်သေးသည့် ငြိမ်းဝေအဖြစ်ကို သတိရသွားကာ အနည်းငယ်ဖြေသာသွားသလိုခံစားလိုက်ရသည်။ဒီကောင်လောက်အခြေအနေမဆိုးနေတာကိုပဲ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ရမလိုလိုပင်။
ငြိမ်းဝေ မုန့်ဆိုင်နား လူအခြေအနေကိုကြည့်ပေးနေရင်း စိုးလင်းမောင်၏ လဒ အီးမှန်ထားသလို မျက်နှာကြီးကြောင့် ရယ်ချင်နေသည်။ဒီကောင့်အဖြစ်ကလည်း သူ မသာ ကိုယ် အသုဘပင်။ဒီညက ဒွေးရဲ့အမှားလိုက်မုဆိုးဆိုသည့် အသစ်စက်စက်ဇာတ်ကားပြမည်ဖြစ်၍ ငြိမ်းဝေ ဟိုကောင်နှင့်အတူ စောစောရောက်နေခြင်းဖြစ်သည်။ဒွေးဆိုသည်နှင့် တစ်ရွာလုံးက ကလေးလူကြီးမကျန်လာကြည့်ကြတာမို့ စောစောလာနိုင်မှ နေရာရမည်ဖြစ်သည်။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း