Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၂၆)🌾မနက်၃နာရီကတည်းက မီးဖိုချောင်ထဲမှ ထုသံ၊ထောင်းသံ၊ဇလုံသံများကြောင့် ဒေါ်ခက်ခက်ငြိမ်းတစ်ယောက် လန့်နိုးလာသည်။အုန်းမောင်းသံအရ မနက်၃နာရီရှိသေးတာမို့ သူခိုးများလားဟု ဇဝေဇဝါဖြစ်သွားရသည်။
"မနက်စောစောကြီး ဘယ်သူခိုးမှတော့ မဝင်လောက်ပါဘူး..သူခိုးဆိုမှတော့ သန်းခေါင်ကျော်ပဲ ခိုးမှာပေါ့..”
ဒေါ်ခက်ခက်ငြိမ်း ပွစိပွစိပြောရင်း ဘေးမှာအိပ်နေသည့် ကိုစိုးဝေကိုကြည့်လိုက်တော့ ပါးစပ်ကြီးဟလျှက် တခေါခေါဖြင့်အိပ်နေလေ၏။
"အရေးအကြောင်းဆို တော်တော်အားကိုးရမယ့်ပုံပဲ..အိပ်နေတာများ ဂေါ်ဇီလာတက်နင်းတောင် အညောင်းပြေတယ်ဆိုပြီး နိုးမှာမဟုတ်ဘူး..”
"ဟိုကောင်လေး ငြိမ်းဝေများလား ..”
"မဖြစ်နိုင်ပါဘူး မနက်မိုးလင်းလို့ နေဖင်ထိုးနေတာတောင် မနည်းနှိုးရတဲ့ကောင်က မနက်စောစောနိုးရင် နေအနောက်ကထွက်နေလိမ့်မယ်..”
ဒေါ်ခက်ခက်ငြိမ်း ရေရွတ်ရင်း ထလိုက်ကာ ထဘီကိုပြင်ဝတ်လိုက်ပြီးနောက် မီးဖိုချောင်ထဲ လာလိုက်ကာ..
"ဟဲ့ မီးဖိုချောင်ထဲက ဘယ်သူတုန်း ...”"အမေ့ ကျုပ်ရယ် ငြိမ်းဝေ...”
"ကြားသားမိုးကြိုး ငြိမ်းဝေ မနက်အစောကြီး မီးဖိုချောင်ထဲ ဘာလုပ်နေတာတုန်း...”
"ဟို ကိုဉာဏ်လင်းထည်နဲ့ မနေ့ညက ကိစ္စကြောင့် ထင်းလိုက်ခွေပေးဖို့ပြောထားတာ အဲ့ဒါ ကျုပ် မနက်စာထုပ်သွားမလို့...”
ထိုအခါမှ ညက သူမ သား မောင်ဉာဏ်လင်းထည်၏ ပဲစင်းငုံပုံကို မီးလောင်စေခဲ့ကြောင်း အမှတ်ရသွားသည်။ရင်ငြိမ်းဝေကတော့ ရင်ငြိမ်းဝေပင်။
"ငြိမ်းဝေတို့များ ပြဿနာမရှာတဲ့နေ့ကိုမရှိဘူးနော် အကြီး၊အသေးပဲကွာသွားမယ် ပြဿနာလေးများရှာမလာရရင် စားမဝင်အိပ်မပျော်ဘူးထင်ပါ့တော်...”
"ဟီးဟီး အမေကလည်းဗျာ မနေ့ညက မတော်တဆဖြစ်သွားတာပါ ကျုပ် သေချာလုပ်တာမဟုတ်ပါဘူး..”

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း