Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၂၁)🌾နှစ်စဉ်နှစ်တိုင်း ဝါခေါင်လရောက်သည်နှင့် ကျင်းပလေ့ရှိသည့် မြင်းမူမြို့၏ ဝါခေါင်လဈေးပွဲတော်ကြီးဟာ မစည်ကားတဲ့နှစ်ဟူ၍မရှိ။အနယ်နယ်အရပ်ရပ်မှလာသည့် ၁၂ပွဲဈေးသည်တွေ၏ ကျက်စားရာပွဲတော်ကြီးဖြစ်သလို ရှင်ပင်ရွှေစောလူးဘုရား၏ ကြီးကျယ်လှသော ဘုရားပွဲတော်ကြီးလည်းဖြစ်သည်။
ဈေးရှေ့က လမ်းဆုံကနေ ဟိုး စောင်းတန်းအဆုံးထိ အဝတ်သည်၊အရုပ်သည်၊မုန့်သည်များဖြင့် စုံလင်လွန်းလှသည်။စောင်းတန်းပေါ်မှာဆို စာအုပ်ရောင်းချသည့်သူတွေ ၊အိုး၊ခွက်၊ပန်းကန်၊ကျောက်ပြင်များမှအဆုံး ပလုတ်တုတ်၊အိုးပုတ်လေးတွေထိရသော ဘုရားပွဲတော်ဖြစ်သည်မို့ တစ်နယ်လုံးက ဒီပွဲတော်ကို အားခဲထားပြီး တစ်ပျော်တစ်ပါးကြီးဆင်နွှဲကြလေ့ရှိသည်။
ဒီနှစ်အတွက်ကတော့ တင်မောင်ဆန်းမင်းဝင်းဇာတ်အဖွဲ့က ရွှေမဟာသီရိရုံခန်းမထဲ ကပြဖျော်ဖြေမှာဖြစ်ပြီး ပန်းကန်ပြားပျံအဖွဲ့၊မိုးကြိုးငှက်ငယ်လေးများအဖွဲ့၊ပင်လယ်ဓားမြကြီးနှင့် ချား၊ရဟတ်တို့ကလည်း ခန်းမရှေ့ အသီးသီးနေရာယူထားလေသည်။
ငြိမ်းဝေတို့ဈေးတန်းရောက်တော့ ၇နာရီလောက် ရှိပြီဆိုပေမယ့် လူတွေကတော့ တိုးလို့ပင်မပေါက်။အကင်သည်တွေ မုန့်ရေပါးသည်တွေ စနိုးမကင်း၊ရွှေကျည်၊မုန့်သိုင်းခြုံ၊ခါကြာကြော်၊မုန့်လင်မယား၊အာပုံစသည်ဖြင့် အစုံအလင်ရှိနေပြီး ငြိမ်းဝေကတော့ ကိုယ်ကြိုက်လောက်သည့်ဟာကို နည်းနည်းစီဝယ်စားလိုက်သည်။မကင်းအစုံယူလျှင် ပိုတန်တာမို့ စိုးလင်းမောင်တို့ကတော့ အစုံထုပ်လေးတွေကိုပဲစားကြသည်။
နောက်ထပ် ၂ရက်လောက်နေဦးမည်ဖြစ်သည့်အတွက် ဘယ်သူကမှအိမ်ဖို့မဝယ်ဖြစ်ကြ။ကိုဉာဏ်လင်းထည်ဘေးမှာ ဟိုကောင်ဝိုင်းချစ်က ကပ်နေတာမို့ ငြိမ်းဝေမှာ အနားကပ်ချင်သည့်အခွင့်အရေးကိုမရ။ကိုကြီးငြိမ်းဝေ ၊ကိုကြီးငြိမ်းဝေဆိုပြီး ခေါ်နေသံတွေကိုသာ နားကြားပျင်းကပ်အောင်ထိကြားနေရသည်။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း