Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၂၀)🌾နေ့ခင်း ၂နာရီထိုးသည်နှင့် မြင်းမူကိုသွားမည့် ထော်လာဂျီကတန်းထွက်မည်ဖြစ်သောကြောင့် ငြိမ်းဝေတို့ တစ်မနက်ခင်းလုံးပြင်လို့ဆင်လို့မပြီး။ဒီနေ့ညအတွက်က ဂျင်းဘောင်းဘီနဲ့တီရှပ်ကိုရွေးပြီးသားဆိုပေမယ့် နောက်ညတွေအတွက်ကျ ဒီအဝတ်အစားကြီးနဲ့ပဲဆိုလျှင် သူတို့ရွာသားတွေပဲ တခြားရွာသားတွေနှင့်ယှဉ်ရင် သိက္ခာကျလိမ့်မည်။ယောင်္ကျားလေးပဲ ထောင်ကျကျ ပြားကျကျ၊အဝတ်ပါရင်ပြီးတာပဲပေါ့ဟု ဆိုရအောင်လဲ သူတို့ရွာပွဲမဟုတ်။နယ်ပေါင်းစုံက လာမယ့်ပွဲမို့ အနည်းဆုံးတော့ တောသားတွေဆိုပြီး နှာမရှုံ့ခံရဖို့လိုသည်။
ထို့ကြောင့် စိုးလင်းမောင်က သူ့အိမ်မှာရှိသည့် အသားရောင်ကျောပိုးအိတ်ယူလာမည်ဟုပြောသည်။ထိုထဲ အကုန်လုံး၏ အဝတ်အစားပိုများကို စုထည့်ကြမည်ဖြစ်သည်။
“ငြိမ်းဝေရေ ငြိမ်းဝေ..ပြင်လို့ ဆင်လို့ မပြီးသေးဘူးလားကွ...”
အိမ်ရှေ့တည့်တည့်မှ စိုးလင်းမောင်၏ ရယ်ကျဲကျဲအသံကြောင့် ငြိမ်းဝေ ဆံပင်ကိုဂျယ်လ်နှင့်သေချာထောင်ပြီး ဘီးဖီးလိုက်ကာ...
“ပြီးပြီ...““ငြိမ်းဝေရေ ဇာတ်ထဲသွားကူ က ပေးမလို့လားကွ ...ဟား ဟား...”
“လာပြီဟ..မအေးဘေးတွေ ဘယ်လိုဖြစ်နေ...”
ငြိမ်းဝေပြောရင်း ပလက်စတစ်အိတ်ကိုဆွဲကာ ထွက်လာလိုက်တော့ အိမ်ဝမှာ အဖေက သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်လာသည်။“မင်း ဒီလိုသွားမှာလား...”
ငြိမ်းဝေ မိမိကိုယ်ကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း..
“ဟုတ်တယ်လေ အဖေရ...ဘာဖြစ်လို့လဲ...ကျုပ်အရမ်းချောနေလို့လား...အဖေတူသားဆိုတော့ ကျုပ်အရမ်းချောမှန်း သိပါတယ် အဖေရာ ဟဲဟဲ...”ဦးစိုးဝေ စိတ်ဆင်းရဲတယ်ဆိုသည့် ပုံစံဖြင့်ကြည့်လိုက်ကာ သူ့အတွက် ငြိမ်းဝယ်ပေးထားသည့် ဂျော်ဒန်းဇိုးဂျာကင်ကို လှမ်းပေးလိုက်ပြီး...
“ဒါဝတ်သွား...”

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း