Chapter 65
August 03, 2024
👾Chapter 65[မင်းက ငါ မြင်ဖူးသမျှထဲ ချစ်ဖို့အ ကောင်းဆုံး ခုကော အကောင်လေးပဲ ]
ချီကျားမူသည် သူ့ခေါင်းစောင်းကို ဘေးသို့ ပစ်ချလိုက်သည်။ ဟယ့်ယွင်ထင်က သူ့ကို မယုံမကြည်ဖြစ်နိုင်ကြောင်း သိလေသည်။ ခြေလှမ်းတိုင်းကို ဖြည်းညင်းစွာ လျှောက်လှမ်းကာ သူ့ထံတွင် ရန်လိုမှု မရှိကြောင်း ဖြည်းဖြည်းချင်း ပြသလိုက်သည်။ သူ့သေနတ်များသည် ကိုယ်ပိုင်သေနတ်များဖြစ်ဟန်မပေါ်ချေ။ ချီကျားမူက သူ့ကိုယ်ပေါ်ရှိ လက်နက်များ ကွယ်ဝှက်ထားနိုင်သည့် နေရာအားလုံးကို လှန်ထုတ်ပြလာပြီးနောက် သူ့လက်များကို ဖြန့်ကာ ပြောသည်။
" ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်ခဲ့တယ် "
ထိုဇီ၀မျိုးကွဲသတ္တဝါများသည် မက်ခါထဲမှ လူသားအသစ် ထွက်လာမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သို့သော် ဤလူသားသည် လင်းဟန်ကဲ့သို့ ချစ်စရာကောင်းပုံမပေါ်သော်လည်း ဟယ့်ယွင်ထင်ကဲ့သို့ အေးစက်ပြီး ကြောက်လန့်ဖွယ်လည်းမကောင်းပေ။ ထို့ကြောင့် သူတို့က ရန်လိုမှုကို မပြသဘဲ စူးစမ်းလိုစိတ်ဖြင့်သာ ကြည့်နေကြသည်။
" ကျွန်တော် ဒုဗိုလ်မှူးကြီးလုကို သက်သေခံခိုင်းနိုင်ပါတယ် " ချီကျားမူက ပြောသည်။
" ကျွန်တော် ဆက်သွယ်ရေးစက် ယူလာခဲ့တယ် "
ဟယ့်ယွင်ထင် သူ့လက်ကို ဝေ့ယမ်းလိုက်သည်။
" မလိုဘူး။ ငါ မင်းကို ယုံပါတယ် "
လင်းဟန်သည် သူ ဖြစ်သည်ကို မြင်သောအခါ ထူးထူးခြားခြား အနည်းငယ် စိတ်သက်သာသွားသည်။ ယခင်က သူနှင့် အဆက်အသွယ်ရှိဖူးခြင်းကြောင့် ဖြစ်နိုင်စွာဖြင့် ချီကျားမူသည် လူကောင်းတစ်ယောက်ဟု အမြဲလိုလို ခံစားခဲ့ရသည်။ ကူးလုလုသည် ချီကျားမူ ရောက်ရှိလာခြင်းဟူသည်ကို နားမလည်သေးသကဲ့သို့ ပခုံးပေါ်မှနေ ဟိုကြည့်ဒီကြည့်ပြုလုပ်နေသည်။
လင်းဟန်သည် ရုတ်ချည်း ဝမ်းနည်းကြေကွဲမှုကို ခံစားလိုက်ရပြီး အကောင်လေး၏ခေါင်းကို ပွတ်သပ်လိုက်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာအားနည်းမှုကြောင့် ဟယ့်ယွင်ထင်မှ သူ့လက်ကို ဆုပ်ကိုင်ထားပေးရင်း ချီကျားမူထံသို့ ဖြည်းညင်းစွာသာ လျှောက်လှမ်းသွားနိုင်သည်။

YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း