Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၁၇)🌾မနေ့ညက လိပ်ခေါင်းထွက်အောင်ထိ စိုးလင်းမောင် လူပျိုလှည့်တာကို သီချင်းကူဆိုပေးခဲ့တာကြောင့် မနက်မိုးလင်းတော့ ငြိမ်းဝေ တော်တော်နှင့်မထနိုင်။လည်ချောင်းကလည်း အနည်းငယ်နာချင်သလိုလို။ အမေ့အသံမကြားရပုံထောက် အဖေနှင့်ယာထဲပါသွားပုံရသည်။ထို့ကြောင့် မနက်စောစော ဆူဆဲသံလေးတွေမကြားရတာပင်။မဟုတ်လျှင် ငြိမ်းဝေတို့အိပ်ပုံမျိုးနှင့် မိုးပွင့်မတတ်အော်ဆဲခံနေရလောက်ပြီပင်။
ငြိမ်းဝေ မထချင် ထချင်ဖြင့် ထလိုက်ပြီး ရေတစ်ခွက်ကို အဝသောက်ပြီးမှ မျက်နှာသစ်ကာ အဆာပြေစားလိုက်သည်။မနက်နိုးနိုးချင်း မျက်နှာမသစ်ခင် ရေအဝသောက်တာက ဝမ်းမှန်ပြီး အပူအပုတ်ကင်းစေတယ်လို့ ဘဘုန်းက ပြောထားသဖြင့် ငြိမ်းဝေ အကျင့်လုပ်လာခဲ့ရာ အခုဆိုလျှင် လက်က အော်တိုကိုအကျင့်ဖြစ်နေပြီပင်။
ရွာထဲဆိုတော့ မြို့မှာလိုလို အိမ်တိုင်းမှာ အိမ်သာမရှိ။ချမ်းသာတဲ့အိမ်ကလွဲလျှင် လူတိုင်းလိုလိုက အိမ်သာကို တကူးတကမဆောက်ထားကြသလို တောတိုးကြတာများသည်။ငြိမ်းဝေတို့အိမ်မှာ အိမ်သာရှိပေမယ့်လည်း တောတိုးရသည့်အရသာက ဘာနှင့်မှမတူသဖြင့် သိပ်မတက်ဖြစ်။
လေလေးတဖြူးဖြူးတိုက်နေတဲ့အချိန် ရွာရဲ့လှပတဲ့ရှူခင်းတွေကိုတစိမ့်စိမ့်ကြည့်ရင်း လက်ဆတ်တဲ့လေကိုရှူရှိုက်ပြီး အီးပါရတဲ့အရသာက ဘာနှင့်မှမတူ။အိမ်သာထဲဆို အနံ့နံလို့ နှာခေါင်းပိတ်ကာ အသက်ကအောင့်ထားပေးရဦးမည်။တောမှာဆို အေးဆေး။လေလမ်းကြောင်းအတိုင်း အနံ့က လွင့်သွားတာမို့ ကိုယ်ပါသော်လည်း ကိုယ်အနံ့မရလိုမျိုးမို့ လုံးဝ ဇိမ်ရှိလေသည်။ကိစ္စဝိစ္စရှင်းပြီးသည့်အချိန်မျိုးဆို ပဲစင်းငုံရိုးလေးတွေချိုးပြီး သုတ်မလား၊သစ်ရွက်တွေခူးပြီးသုတ်မလား အေးဆေးပင်။ထို့ကြောင့် ငြိမ်းဝေကတော့ တောတိုးရတာကိုပဲ သဘောကျသည်။
စားသောက်ပြီးနောက် ပေါက်ပြားတစ်လက်ကိုယူပြီး ယာထဲကိုလိုက်ခဲ့လိုက်သည်။ငြိမ်းဝေတို့ယာထဲ ဒီနေ့ ပေါင်းရှင်း ထယ်ထိုးပြီးလျှင် မြေဩဇာအချို့နှင့် သေချာလုပ်ပြီးသွားလျှင် ကုလားပဲစိုက်မည်ဖြစ်သည်။ယခုချိန်စိုက်ထားမှ ဆောင်းတွင်းနှင့် အခြေအနေသင့်မည်ဖြစ်လေသည်။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း