🍱Chapter 1
ယွီချင်းဇယ် သတိပြန်ရလာသည်နှင့် ပူနွေးသောအရည်ခါးခါးများ သူ့ပါးစပ်ထဲကိုလောင်းထည့်ခံနေရသည်ကိုသတိပြုမိလိုက်သည်။အရသာက အတော်ခါးကာ တရုတ်တိုင်းရင်းဆေးလိုပါပင်။သူ မသိစိတ်ဖြင့် မျက်မှောင်ကြုတ်ကာ ခေါင်းလှည့်လိုက်မိသည့်အတွက်အရည်များက သူ့နှုတ်ခမ်းထောင့်မှ သူ့နားဆီစီးကျကုန်၏။
နောက်အခိုက်အတန့်မှာပဲ ကြွတ်ဆတ်ဆတ် အသံလေးတစ်ခုက သူ့နားထဲကိုဝင်လာသည်။
"ဟေး အစ်ကို ကြည့် သူသတိရလာပြီလားမသိဘူး"
ယွီချင်းဇယ် ဖြေသံကိုမကြားရဘဲ သူ့လည်ပင်းနှင့်ပါးပြင်များကို အဝတ်ကြမ်းတစ်ခုဖြင့်ပွတ်သုတ်ပေးနေသည်ကိုသာခံစားလိုက်ရသည်။
"ဟေး ကိုကိုကြီး ထတော့"
သူ့လက်မောင်းကို ဆွဲလှုပ်ခံလိုက်ရသဖြင့် ယွီချင်းဇယ် မျက်လုံးဖွင့်လိုက်သည်။သူ့ရှေ့မှာ သူ့ကိုကုန်းကြည့်နေသည့် ရှစ်နှစ်ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက်၏မျက်နှာကို နီးနီးကပ်ကပ်မြင်လိုက်ရ၏။ကောင်လေးက အသားမည်းမည်း မျက်လုံးဝိုင်းဝိုင်းနှင့်ဖြစ်ကာ ခေါင်းတစ်ဖက်တစ်ချက်မှာ ရှေးခတ်အရွယ်ငယ်ငယ်ယောကျာ်းကလေးများ၏ဆံပင်ပုံစံ ဆံထုံးသေးသေးလေးနှစ်ခုထုံးထားသည်။သူက မီးခိုးရောင်ရှေးဝတ်စုံကိုလည်းဝတ်ထားပြီး အလွန်ကိုမှပိန်ပါး၏။
ဘာတွေဖြစ်နေတာလဲ...ယွီချင်းဇယ် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ချိန်မှာ
ကောင်လေးကသူ့ကိုသွားဖြီးပြနေသည်ကိုမြင်လိုက်ရသည်။
ယွီချင်းဇယ်အနည်းငယ် ရှုပ်ထွေးသွားသည်။သူ့အဘိုး၏အုတ်ဂူကိုလည်ပတ်ရန် ကျေးလက်သို့သူ့ပြန်လာခဲ့သည်ကိုသူမှတ်မိသည်။အကွေ့အကောက်များသောတောင်တက်လမ်းပေါ်မှာ ပြင်းထန်သော မိုးသက်မုန်တိုင်းတစ်ခုနှင့်တွေ့ကြုံခဲ့ရပြီး မြေပြိုခဲ့သည်။သူ... အရှင်လတ်လတ် မြေမြုပ်ခံလိုက်ရပုံရတယ်...
မြေမြုပ်ခံရတယ်...
ယွီချင်းဇယ် ထိတ်လန့်တကြားထထိုင်လိုက်ပြီး သူ၏မီးခိုးဖြူရောင်အင်္ကျီလက်တိုနှင့်ဘောင်းဘီပြာတို့ကိုကြည့်လိုက်သည်။သူ ရွံ့များအောက်မှာပိပြီးအသက်မရှုနိုင်ဖြစ်ကာ မွန်းနေချိန်ရှိ စိတ်ပျက်အားငယ်သည့်ခံစားချက်ကို မှတ်မိနေဆဲဖြစ်သည်။ထိုအချိန်တုန်းက မိုးသက်မုန်တိုင်းကြောင့် ဖြတ်သွားဖြတ်လာယာဥ်များမရှိသဖြင့် သူ...သေသွားလောက်ပေပြီ။
ဒါဆို အခုဘာတွေဖြစ်နေတာလဲ...ငါ ပြန်အသက်ရှင်လာတာလား...
သူ့ခန္ဓာကိုယ်အခြေအနေကိုစစ်ဆေးကြည့်လိုက်သည်။ညာဘက်ခြေကျင်းဝတ်မှာ စူးရှသောနာကျင်မှုတစ်ခုခံစားရပြီး ယင်းကို အဝတ်စတစ်ခုဖြင့်ပတ်ထားသည်။အနားစွန်းများမှာ ဆေးဖက်ဝင်အပင်များ အုံထားသည့်ခြေရာလက်ရာများရှိနေသည်။အဆစ်လွဲထားပုံရ၏။သူ့လက်မောင်းများနှင့်ခန္ဓာကိုယ်ပေါ်မှာ ခြစ်ရာတချို့ရှိနေပေမဲ့ ၎င်းအပြင် ဘာဒဏ်ရာကြီးကြီးမားမားမှရမထားပေ။အနည်းငယ်အားနည်းနေပြီးအားမရှိဖြစ်နေရုံကလွဲ၍ပင်။
"အိုက်ယိုး လန့်သွားတာပဲ"

YOU ARE READING
စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး
Adventureမူရင်းရေးသားသူမဟုတ်ပါ Unicode Only Update - တစ်ပတ် ၂ပိုင်း IQ Team Tele channel မှာလည်းဖတ်ရှုနိုင်ပါတယ်