Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၁၆)🌾“ငြိမ်းဝေနဲ့စိုးလင်းမောင်...ငါ ရွာပြန်ရင် မင်းတို့ပြန်လိုက်ပို့မှာလား..”
“ဘာတွေပူနေတာလဲ ဒီညပြန်မနေနဲ့ ငါ့အိမ်လိုက်အိပ်လိုက်...”
တိုက်စိုးဆီက ဂစ်တာကိုလှမ်းယူလိုက်ရင်း စိုးလင်းမောင်ပြောလိုက်သည်။ဒီညက စိမ်းအိမ်ရှေ့ကို လူပျိုလှည့်မည့်ညပင်။လပြည့်ညလည်းဖြစ်တာမို့ လရောင်ကထိန်ထိန်သာနေကာ ရွာက လူပျိုတိုင်း လူပျိုလှည့်ကြသည့်အချိန်ဆိုလည်းမမှား။“ဟုတ်သား မင်း စိုးလင်းမောင်အိမ်လိုက်အိပ်လိုက်...မနက်မှ စောစောထပြန်ပေါ့...”
ငြိမ်းဝေ ပြောလိုက်ရင်း လက်ထဲက အိမ်ကနေခိုးလာသည့် ငါးခြောက်ကြော်ထုပ်ကိုလှမ်းပေးလိုက်သည်။ဒါက ထန်းရည်နှင့်မြည်းဖို့ပင်။“အေး ဒါဆိုလည်း ဒီည ဂစ်တာတီးပေးပြီးရင် အမူးသောက်ပစ်မယ်ကွာ ဟားဟား ရွာဆို ကြီးတော်ကြောက်နေရတာနဲ့ မသောက်ရဘူး...ထန်းရည်သောက်လာရင် အိမ်ထဲကိုအဝင်မခံတာ..”
“လူကြီးတွေကတော့ အဲ့လိုပါပဲ...အိမ်က အမေကတော့ မနိုင်လို့ပဲလားမသိဘူး သိပ်မပြောဘူး...ပြဿနာသာရှာမလာနဲ့ ကျန်တာအေးဆေးပဲ...ဟဲဟဲ...ဒါနဲ့ မင်း ငါပြောတဲ့သီချင်းတွေ လက်ကွက်ကျင့်လာခဲ့တယ်မလား...”
“အံမယ် အဲ့သီချင်းလောက်ကတော့ အမြဲတီးပေးနေရတာ အေးဆေးပါကွ...ဒါနဲ့ စိုးလင်းမောင် ငါမင်းကိုမေးပါဦးမယ် မင်း အဲ့အပျိုကို လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက ကြိုက်နေတာမဟုတ်ဘူးလား..”
“အေးလေ...”
“ဟေ အဲ့ဒါကို အခုမှ လူပျိုလှည့်နေတုန်းဆိုတော့ မင်းက အခြေအနေတော်တော်ဆိုးနေတာပဲကွ...”
“ဘယ်ကသာ...ငါ သေချာမပိုးပမ်းဖြစ်လို့ပါကွ...ပြီးတော့ ငြင်းခံရမှာကြောက်လို့လဲပါတယ်...”
“ရုပ်ကြမ်းကြီးနဲ့လာကြောက်ပြနေသေးတယ်..သူများလက်ထဲပါသွားမှ နေ့တိုင်းထန်းရည်အိုးထဲခေါင်းစိုက်နေမယ်ကွ ငါ့ကောင် စိုးလင်းမောင်ရ...”

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း