Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၁၅)🌾တစ်ပတ်တိတိ ငြိမ်းဝေ ဗီဒီယိုသွားမကြည့်ဖြစ်သလို ယာထဲကပြန်လာကတည်းက ဘယ်ကိုမှမထွက်ဖြစ်။သူ၏ပေါများလှသောအတွေးတွေကို သေချာအဖြေထုတ်ရင်း လောကီတင်ရှုပ်ထွေးနေတာမဟုတ်ဘဲလောကုတ္တရာမှာပါ သပွတ်အူလည်လာသောကြောင့် ငြိမ်းဝေ ငြိမ်နေသည်ဆိုလည်းမမှား။
ဘကြီးဘုန်းကြီးဆီ ညနေတိုင်းသွားသွားပြီး တရားထိုင်နေမိသော်လည်း ဝင်လာသည့်အတွေးတွေကို ဘယ်လိုမှမထိန်းချုပ်နိုင်။ကိုယ့်ကိုယ်ကိုလည်း ဒီလောက်ထိ အတွေးများလိမ့်မယ်မှန်မထင်ထားသဖြင့် ငြိမ်းဝေပိုပြီး ကူကယ်ရာမဲ့လေတော့သည်။
ဘယ်သူ့ကိုမှထုတ်ပြောလို့မဖြစ်တဲ့ကိစ္စ ၊အဖေနှင့်အမေမပြောနှင့် အတွင်းသိအစင်းသိ အရာရာအကုန်သိသော ဟိုကောင် စိုးလင်းမောင်ကိုတောင် ထုတ်ပြောပြဖို့ ခက်ခဲနေသည့်သူ့အတွက်က တစ်ယောက်ထဲ မီးခဲဖင်ခုထိုင်ထားသည့်အတိုင်းဖြစ်နေခဲ့သည်။
"ကိုငြိမ်းဝေတို့ငြိမ်နေတာများ ကျောချမ်းစရာပဲ...ခါတိုင်းဆိုလို့ကတော့တော် အမေ့ တစ်ရာလောက် အမေ့ နှစ်ရာလောက်နဲ့ မပေးမချင်းတဂျီဂျီလိုက်တောင်းနေတတ်တာ..ခုများကြတော့ သူ့အိပ်ယာကနေကို ဆင်းမလာတော့ဘူး...”
ငြိမ်းဝေ အပြင်ထွက်လည်တုန်းကလည်း အိမ်မကပ်လို့ လည်ပဲလည်နေလို့ဆိုပြီး ဆူတတ်သည့်အမေက အိမ်ကပ်ပြန်တော့လည်း ဆူချင်သည့်ဟန်မို့ ငြိမ်းဝေ စိတ်ညစ်နေသည့်ကြားက ရယ်ချင်သွားရသည်။ကြည့်ရတာ သူဘယ်လိုနေနေ အမေ့ပါးစပ်ကလွတ်မည်မထင်။
"မိန်းမကလည်းကွာ သူ့ဘာသာနေပါစေကွာ မင်း နေရာတကာ လိုက်ဆူမနေနဲ့...”
"ဟော်တော် တော်ပြောချင်တဲ့စကားက ဘာအဓိပ္ပာယ်တုန်း...ကျုပ်က အခုသူ့ကိုဆူနေတာလား...ပြော..
တစ်ခါမှဒီလိုမငြိမ်ဘူးလို့ အံ့ဩပြီးပြောမိတာလေတော်..ကျုပ်မွေးထားတဲ့သားကို ဒီတိုင်းလေးတောင် ပြောလို့မရဘူးလားတော့...”"ဟာ..”
ဦးစိုးဝေ သူ့ဘက်ကိုမြှားဦးလှည့်လာသဖြင့် မျက်နှာကြီးရှုံ့မဲ့သွားကာ ခေါင်းကိုတဗြင်းဗြင်းကုတ်လိုက်သည်။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း