အပိုင်း(၁၁)

13.3K 706 59
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၁၁)🌾


မနက်စောစော ဆူညံနေသော အသံများကြောင့် ငြိမ်းဝေ နိုးလာရသည်။ပုံမှန်ဆို ဒီချိန် သူနိုးနေပြီဖြစ်သော်လည်း မနေ့ကတစ်နေ့လုံး ကိုဖြိုးကျော်တို့က မပြန်ခင်လေး ရွာအနှံ့လိုက်ပို့ပေးပါဦးဆိုလို့  ရေကန်တွေအကုန်လုံးနှင့် နာမည်ကြီး ဘုန်းကြီးကျောင်းဖြစ်သည့် သံဘို‌တောရကျောင်း အပါအဝင် ‌နေရာအနှံ့ကို ခြေလျင်လိုက်ပို့ပေးဖြစ်ခဲ့သည်။ကိုဖြိုးကျော်တို့အဖွဲ့ကတော့ နောက်တစ်ရွာကူးသွားပြီဖြစ်သည်။သူတို့တွေညောင်းမ‌ညောင်းတော့မသိ။ငြိမ်းဝေတောင် လမ်းလျှောက်ရလွန်းလို့ ညောင်းကိုက်နေလေ၏။ရွာသားမို့ ဒီလောက်ကတော့ အပျော့ဟု အာချောင်ထားသဖြင့်ပေါ်တင်လည်း မငြီးရဲ။မဟုတ်လျှင် အဖေလှောင်တာနှင့် သူရှက်လို့သေလိမ့်မည်။

ဆက်ပြီးအောင်းအိပ်ချင်သေးပါသော်လည်း ဆူညံနေသံများက တိတ်မသွားသဖြင့် ငြိမ်းဝေ စိတ်မကြည်စွာထလိုက်သည်။အိမ်ရှေ့ကိုထွက်ကြည့်လိုက်တော့ လမ်းမပေါ်တွင် ပြောင်လက်နေသည့် ထွန်စက်အကြီးကြီးက ထီးထီးကြီးဖြစ်ကာ ထိုဘေးတွင်တော့ ရွာသူ၊ရွာသားများက အံ့ဩတကြီးကြည့်နေကြသည်ကိုတွေ့လိုက်ရသဖြင့် ငြိမ်းဝေ မျက်နှာမသစ်တော့ဘဲ လမ်းဘက်ထွက်ကြည့်လိုက်သည်။

"ထွန်စက်ကြီးက မိုက်ချက်ပဲတော်...”

"ဟုတ်ပါအေ...ကျုပ်တို့ တစ်သက်လုံးစုဆောင်းရင်တောင် မဝယ်နိုင်လောက်တဲ့ဟာကို ဦးတင်ထွန်းက တစ်ရက်ထဲနဲ့ဝယ်ချလာတာများ ယုံတောင်မယုံနိုင်ဘူး...”

"ဒီနှစ် စပါးအထွက်နှုန်းကောင်းတယ် ကောင်းတယ်ဆိုပြီး ပြောနေတုန်းက သိပ်မယုံချင်ဘူး အခုများတော့ ထွန်စက်ကြီးက မိုက်ချက်ပါပဲအေ...”

"အဖေ့ အဖေ့ ကျုပ် အဲ့ဒါကြီးစီးချင်လို့...”

"နေပါဦး ငါ့သားရာ အဖေတောင် အခုမှမြင်ဖူးလို့ ကြည့်ပါရစေဦး...”

"အဲ့ဒီထွန်စက်က ဟိုဇာတ်ကားထဲက တံဆိပ်ကြီးမလားတော့..အင်္ဂလိပ်စာလုံးတွေမဖတ်တတ်ပေမယ့် ပုံစံကိုတော့ ကျုပ်က ဉာဏ်အ‌ရမ်းကောင်းတော့ ကြည့်လိုက်တာနဲ့ကို မှတ်မိနေတာပဲ...”

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now