Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၈)🌾ဒီတစ်ခေါက် အမေ လှတောကိုပြန်တော့ ငြိမ်းဝေကိုခေါ်မသွား။မုံရွာဘက်ကနေသွားတာဖြစ်ပြီး ရွာမှာ သူနဲ့အဖေပဲကျန်နေခဲ့တာဖြစ်သည်။အမေခရီးသွားတုန်း ငြိမ်းချမ်းရေးရမလားအောက်မေ့ပေမယ့် တစ်သီတစ်တန်းမှာသွားသော ကိစ္စများကြောင့် ငြိမ်းဝေတို့သားအဖနှစ်ယောက်လုံး ညနေရောက်သည်အထိကိုအလုပ်နှင့်လက်မပြတ်။
ကြက်သွန်ပျိုးထားသည့်ယာက လောလောဆယ် ဒီတိုင်းပဲထားထားကာ ကုလားပဲခင်းဘက်ကို လှည့်ရပြန်သည်။
"အဖေ့...”
"အေး...”
"ဒီတစ်ခေါက် ဆောင်းမဝင်ခင် ကျုပ်တို့နေကြာပင်ကြီးမျိုးစိုက်ရအောင်...”
"နေကြာပင်ကြီးထက် ဒီဘက်က ပင်သေးမျိုးက ပိုပြီးတော့ ဖြစ်ထွန်းတယ်..မင်းအမေကတော့ အိစိအိစိနဲ့ သိပ်မစိုက်ချင်ဘူးထင်တယ်..ငါအရင်တစ်ခေါက်ကပြောတော့ အင်းမလုပ် အဲမလုပ်နဲ့...”
"ဟုတ်လား...ကျုပ်ကတော့ စမ်းစိုက်ကြည့်ချင်တယ်...ဖြစ်ချင်လည်းဖြစ်မှာပေါ့ဗျ...ဟိုဘက်ရွာက နေကြာခင်းတွေဆို မျက်စိတစ်ဆုံးပဲ ဆီလည်းရ နေကြာစေ့လည်းစားရနဲ့ အဆင်ပြေနေရော..”'
"အေး မင်းအမေကိုပြောကြည့်လိုက်ဦးမယ်..”
"အဖေကလည်းဗျာ..တကယ်ကိုမယားကြောက်ရတာပဲနော်..”
"ဟ ကြောက်တာမဟုတ်ဘူး ချစ်တာကွ..စိတ်ဆင်းရဲမှာ စိတ်ညစ်မှာကိုမလိုချင်တာ...ဒါတွေ မင်း မိန်းမရရင် နားလည်လိမ့်မယ်...”
"ကျုပ်က မိန်းမယူမယ်လို့ အဖေ့ကိုဘယ်သူပြောလဲ...”
"ဘာကွ..အဲ့ဒါဆို မင်းက မြင်းမူတက်တုန်းက ဆံပင်ညှပ်ဆိုင်မှာတွေ့တဲ့သူတွေလို ယောင်္ကျားယူမလို့လား...”
"ဟာ မဟုတ်တာ အဖေရာ...ကျုပ်က လူပျိုကြီးလုပ်မှာဗျ...”
"ဟားဟား မသိပါဘူးကွာ ....”
သဘောတကျအော်ရယ်နေသော အဖေ့အသံကို ကုလားပဲအညွန့်လေးတွေခူးရင်း ငြိမ်းဝေ မကျေမနပ်နားထောင်နေရသည်။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း