Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၅)🌾ရွာသူကြီးကောင်းမှုကြောင့် ငြိမ်းဝေ စောစောထပြီး ရွာကထွက်တဲ့ ထော်လာဂျီပေါ်မှာ ထိုင်ငိုက်နေမိသည်။ရွာက ထော်လာဂျီက ၅ခွဲဆို ထွက်တာမို့ မြို့ကိုတက်ပြီး ဝယ်စရာရှိတဲ့သူတွေက သူ့နည်းတူ အစောကြီးရောက်လာကြတာဖြစ်သည်။အညာက ပူအိုက်အိုက်မို့ ငြိမ်းဝေတို့တွေအကုန်လုံး အညာဖျင်အင်္ကျီလက်တိုများဖြင့် ရှိုးစမိုးအပြည့်။ပုဆိုးဝတ်ထားမှ နေသာထိုင်သာရှိသည့် ငြိမ်းဝေအတွက်ကတော့ ပုဆိုးကို ခပ်တိုတိုဝတ်ထားပြီး ထော်လာဂျီနောက်မှီးပိုင်းမှာ ခြေချထိုင်နေရင်း လျှောက်ကြည့်နေလိုက်သည်။သူကြီးကတော့ ကောက်ညှင်းပေါင်းထုပ်ကို လက်ထဲလာထည့်ပေးသွားပြီး ရှေ့ခေါင်းခန်းမှာ ကားဆရာနှင့်အတူ သွားထိုင်နေလေ၏။
တစ်ခဏမျှကြာတော့ လူစုံသွားပြီဖြစ်သောကြောင့် ထော်လာဂျီစထွက်လေတော့သည်။ရွာရှေ့ဘက်ကတောတွေထဲရောက်တော့ ထော်လာဂျီကခဏရပ်သွားပြီး လူတစ်ယောက်တက်လာသဖြင့် ငြိမ်းဝေ ဘေးဘက်တိုးပေးလိုက်သည်။ပတ်ဝန်းကျင်က နည်းနည်းတော့ မောင်ရိပ်သန်းနေတာမို့ ဘယ်သူလဲဆိုတာသဲသဲကွဲကွဲမမြင်ရ။မိမိဘေး ထိုင်ချလိုက်သည့်ခဏ လက်မောင်းကို အပေါ်ယံရှပ်ထိသွားသူ၏ ခန္ဓာကိုယ်နွေးနွေးကိုယ်သာ ခံစားလိုက်ရသည်။ဘေးက ယောင်္ကျားလေးဖြစ်နေသည့်အတွက် မိန်းကလေးတွေချည်းပဲရှိနေသည့် အနောက်ပိုင်းမှာ နည်းနည်းတော့အဖော်ရသွားသလိုပင်။
တဖြည်းဖြည်းမိုးလင်းလာသည်နှင့် ငြိမ်းဝေဘေးနားကလူကို လှည့်ကြည့်လိုက်တော့ ရှေ့တူကိုသာရှူနေသည့် စကားမပြောတတ်သည့် ကိုအပေါက်ဆိုးကို တွေ့လိုက်ရသဖြင့် ငြိမ်းဝေ အံ့ဩသွားရသည်။
ထိုလူကတော့ သူ့ကိုသတိမထားမိဟန်ရှိသောကြောင့် ငြိမ်းဝေ စိတ်ထဲကနေ မှတ်ချက်တွေပေးနေမိသည်။မြင်းမူကိုရောက်တော့ မနက်၈နာရီထိုးသွားပြီဖြစ်သည့်အတွက်ရွာကလူတွေကတော့ ရွှေလုပ်သူလုပ် ဈေးဝယ်သူဝယ်ဖြင့် အသီးသီး ထော်လာဂျီပေါ်မှ ဆင်းသွားကြသည်ဖြစ်ရာ ငြိမ်းဝေလည်း အောက်ကို အသာဆင်းပြီး သူကြီး လာခေါ်မှာကိုစောင့်နေလိုက်သည်။ဈေးနှင့်မျက်နှာချင်းဆိုင်မှာ မြင်းမူမြို့ရဲ့ နာမည်ကြီး ရွှေဆိုင်ဖြစ်သော အော်စကာရွှေဆိုင်နှင့် မောင်ကျော်ရွှေဆိုင်က နေရာယူလျှက်ရှိပြီး သတင်းစာမျိုးစုံ ချိတ်ဆွဲထားသော ခိုင်ရွှေဝါမုန့်တိုက်ကလည်း ထည်ဝါလျှက်။ဘေးမှာ လျှပ်စစ်ပစ္စည်းဆိုင်လေးရှိတာမို့ အဝတွေ စီလျှက်ထပ်ထားသည့် ဆိုလာပြားတွေကို ငြိမ်းဝေ ငေးကြည့်နေမိသည်။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း