Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၃)🌾ညနေစောင်းတာနှင့် ငြိမ်းဝေ အမေ့အရိပ်အခြေကို တစ်ချက်ကြည့်လိုက်ကာ ကြောင်အိမ်ထဲမှ ငါးခြောက်နှစ်မြောင်းကို ဘယ်သူမှမတွေ့ခင် အမြန်အလစ်သုတ်ကာ ခါးပုံစထဲကိုထည့်လိုက်သည်။ထို့နောက် အုပ်စောင်းအောက်မှ ချဉ်ပေါင်ဖူးသုပ်လေးကို အသင့်ယူလာတဲ့ အရွက်ထဲ ထည့်လိပ်ပြီး ခါးပုံစထဲကိုထိုးထည့်လိုက်သည်။
“ဟေ့ကောင် အဲ့ဒါ ဘာလုပ်နေတာလဲ..”
နောက်နားမှထွက်လာသည့်အဖေ့အသံကြောင့် ငြိမ်းဝေ လန့်သွားရသည်။
"လန့်တာ အဖေရာ...“
“မင်း ဟင်းတွေခိုးနေပြန်တာလား မင်းအမေသိရင်သတ်ခံရမယ်နော်...”
"ညကျ အမြည်းမရှိလို့ပါ အဖေရ ဟဲဟဲ..နည်းနည်းလေးပဲယူသွားတာ အမေ့ကိုမတိုင်နဲ့နော် ကျုပ်ကိုအရေခွံနွှာလိမ့်မယ်ဗျ...”
“သိပ်သောက်မနေနဲ့ဦး မင်းအမေက သောက်တာကြိုက်တာမဟုတ်ဘူး ငါတောင် မသောက်ရဲဘူး..”
“မသောက်ပါဘူး အဖေရ ကျုပ်က အမြည်းပဲစားတာ အဲ့ဒါကြောင့်မို့ ကျုပ်ဘာသာ ရိက္ခာယူတာ..ဟိုကောင်တွေက လယ်ကြွက်ကြော်ခဲ့မှာတဲ့ ကျုပ်မှ လယ်ကြွက်မစားရဲတာ ..”
လယ်ကြွက်ကြိုက်သည့် ဦးစိုးဝေတစ်ယောက် ထိုစကားလည်းကြားရော တံတွေးကိုအသာမြိုချလိုက်ရင်း...
“လယ်ကြွက်ကြော်လား လျှာပေါ်စိမ့်နေမှာပဲ...”“အဖေစားချင်လို့လား..ကျုပ် ယူခဲ့ပေးမယ်..”
“ရတယ် မယူခဲ့နဲ့..ငါ ဟိုဘက်ရွာက မှာထားတယ် မနက်ဖြန် လာပို့မယ်ပြောတယ်...မင်းသာ ညဉ့်နက်တဲ့ထိ နေမနေနဲ့ စောစောပြန်ခဲ့ မနက်ဖြန် ကံရင်း(ဂွေးရင်း)ဘက်ကို ထော်လာဂျီနဲ့ ကြက်သွန်တွေပို့ရမှာ ..ကြားလား...”
“ကျုပ်ကို နေ့စားခတွက်ပေးမှာလား...”
“ဘာကွ...”
“နေ့စားခပေးမှာလားလို့...အိမ်ကယာဆိုတော့ ပိုက်ဆံကျ မုန့်ဖိုးလေးတောင် မနည်းတောင်းနေရတာ..”

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း