အပိုင်း(၂)

18.2K 876 44
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                      🌾အပိုင်း(၂)🌾

ဒီနေ့က လပြည့်နေ့ဖြစ်သောကြောင့် ငြိမ်းဝေ ဟိုနှစ်ကောင်နှင့် ရွာနောက်ပိုင်းက မိုးမှီဆည်ကြီးမှာ ဆုံကြဖို့ ချိန်းထားတာဖြစ်သည်။မိုးမှီဆည်ကြီးဟု ‌ခေါ်ရသည့်အကြောင်းအရင်းကလည်း ထိုဆည်ကြီးက ငါးဧကပတ်လည်ကျယ်ဝန်းကာ အမြဲရေမပြတ်သောကြောင့်‌ပင်။သဘာဝဆည်ကြီးများဖြစ်သောကြောင့် မိုးရွာသည့်အခါမှသာ ရွာရှိဆည်များ၊ကန်များက ရေရှိတတ်တာဖြစ်သော်လည်း ထိုဆည်ကြီးကတော့ ရှေ့မိုးကနေ နောက်မိုးမှီအောင်ထိ ရေရှိတတ်ကာ မန်းကျည်းပင်တွေ ပတ်လည်မှာရှိတာကြောင့် အရိပ်အာဝါသကောင်းမွန်ကာ ကာလသားတွေအကြိုက်ပင်။

လပြည့်ညတွေဆို ထိုဆည်ဘေးသွားပြီး အဖွဲ့လိုက် သောက်စားတာတွေ ‌သီချင်းဆိုတာတွေ လုပ်လေ့ရှိကြသည်။ငြိမ်းဝေက သောက်လေ့သောက်ထမရှိပေမယ့် တစ်ခါတစ်လေ စိတ်ပါလျှင်တော့ ထန်းရည်တစ်ခွက်လောက် သောက်တတ်သည်။ကျန်သည့် စိုးလင်းမောင်နှင့် ကျော်မိုးသိန်းတို့ကတော့ ခွေးဖြစ်နွားဖြစ် ပုဆိုးတခြား ဖိနပ်တခြားဖြစ်အောင်ထိ သောက်တတ်ကြသည်။

လှည်းချောင်းကူးရွာလေးက အိမ်ခြေသိပ်မများပေမယ့် ပျော်ဖို့ကောင်းသည်။ညနေစောင်းလျှင် အိမ်တိုင်းက ရေနံဆီမီးများထွန်းကြပြီး ကလေးပေါက်စတွေနှင့် ကာလသားပေါက်တွေကတော့ လမ်းပေါ် တရုံးရုံးပင်။ဘာရယ်မဟုတ်ဘဲ ပန်းတောင်ကိုင်ပိုးတာလိုလို ရွာထိပ်က ဘုရားသွားတာလိုလို ရွာနောက်ပိုင်းကိုသွားတာလိုလို ရွာလယ်က ဘုတ်အီးတို့အိမ်ဘက်က အပျို‌တွေစုပြီး မုန့်လုပ်စားတာကို သွားချောင်းကြတာလိုလိုဖြင့် လူပျိုလှည့်လေ့ရှိကြသည်။တစ်နေ့ခင်းလုံး ပင်ပန်းခဲ့သမျှက ညအချိန်မှ အနားယူနိုင်ကြတာမို့ လူကြီးတွေကတော့ နေဝင်လျှင် ညနေစာစားပြီးသည်နှင့် အိပ်ယာဝင်ကြလေ့ရှိသည်။မနက်ဆိုလည်း လင်းကြက်မတွန်ခင်ကထကာ ချက်ကြ၊ပြုတ်ကြသူများကြောင့် မိုးမလင်းခင် ထမင်း၊ဟင်း အကုန်ကျက်ကာ ယာထဲဆင်းသည်နှင့် ထမင်းတောင်းကိုယ်စီဖြင့်ပင်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now