Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၁)🌾တဖုန်းဖုန်းထုရိုက်နေသော အဝတ်လျှော်သံနှင့်အတူ ငြိမ်းဝေ အိမ်ထဲဝင်ပြီး အမေ့ဆီက ပိုက်ဆံတောင်းရင်ကောင်းမလား၊ မတောင်းဘဲ ဗီဒီယိုပြတဲ့ဆီကို အကြွေးချန်ထားရင်ကောင်းမလားဆိုတာ စဉ်းစားရင်း ဝန်းနံရံကြားကနေ ချောင်းကြည့်နေမိသည်။
အမေ့ပုံစံကြည့်ရတာက တစ်ယောက်ယောက်ကို စုံလည်ထဲထည့်ပြီး ကြိတ်ချင်နေသည့်ပုံစံမို့ ငြိမ်းဝေအခက်တွေ့သွားရသည်။ကြည့်ရတာ အဖေက အခုချိန်ထိ ပြန်မရောက်သေးဘူးထင်၏။ညနေနေဝင်လို့ အဖေပြန်မလာသေးဘူးဆိုလျှင် အမေ့ပုံစံက အမဲဖြတ်ဖို့စောင့်နေသည့် ခြင်္သေ့တစ်ကောင်လို ကြောက်ဖို့ကောင်းသည်။
တစ်ရက်တစ်လေလေး ဗီဒီယိုမကြည့်ရလို့ ဘာမှမဖြစ်ပေမယ့် ဒီပုံစံအတိုင်းဆို အိမ်ထဲလည်းမဝင်ရဲ။ထို့ကြောင့် ခြေသံကို ဖွဖွလေးနင်းရင်း အသာလှည့်ထွက်လိုက်တော့ နောက်နားမှာ သူ့နည်းတူ အိမ်ထဲကိုချောင်းကြည့်နေသည့် အဖေဖြစ်သူ ဦးစ်ိုးဝေ ကိုတွေ့လိုက်ရသည်။
ငြိမ်းဝေ အဖေဖြစ်သူနား တိုးကပ်သွားလိုက်ကာ
“အဖေ့ အိမ်ထဲမဝင်ဘဲ ဘာလုပ်နေတာလဲ..”“မင်းအမေ အခြေအနေကြည့်နေတာကွ...”
“အဖေ တစ်ခုခု မဟုတ်တာလုပ်လာတာလား...”
“ဘယ်ကသာ..ငါက ဘာမဟုတ်တာလုပ်ရမှာလဲ...”
“ဟုတ်လို့လား အဖေ့ကြည့်ရတာ အမေမကြိုက်တာတစ်ခုခုလုပ်လာတဲ့ပုံကြီးပါ...”
“မင်းအမေက စောစောပြန်လာခိုင်းတာ ငါကအရှေ့တောဘက်ခြေဆန့်နေလို့ နောက်ကျသွားတာ မင်းအမေအကြောင်းသိတဲ့အတိုင်းပဲ နောက်ကျရင် ပူညံပူညံနဲ့...”
“ဪ...မသိပါဘူးဗျာ... အဖေ့ ..အဖေ့ဆီမှာ ၂၀၀လောက်ပါလား ကျုပ် ဗီဒီယိုသွားကြည့်ချင်လို့..”
“တပြားမှမပါဘူး ဂွေးရင်း(ကံရင်း)ထိ ကြက်သွန်ကိစ္စသွားပြောတာတောင် မင်းအမေပေးလိုက်တာ ၅၀၀ထဲ..ဈေးစကားပြောရင်း လက်ဖက်ရည်လိုက်တိုက်တာနဲ့တင် ဂွေးရင်း(ကံရင်း)ကဆိုင်ကို အကြွေး ၂၀၀ကျန်ခဲ့သေးတယ်...”

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း