👾Chapter 52
အေးစက်နေတဲ့ နှုတ်ခမ်းပါးများနက်ဗျူလာ ထွက်ပေါ်လာချိန်ကို လင်းဟန် သတိမထားခဲ့ပေ။ ကောင်းကင်ကြီး နက်မှောင်လာသည်ကြောင့်လား တိုက်ပွဲပြီးဆုံးသွားသည့်အတွက်ကြောင့်လား မသိရပါပေ...
လင်းဟန် မော့ကြည့်လိုက်ပြီးနောက် တစ်ခဏမျှ စကားမပြောနိုင် ဖြစ်သွားရသည်။
ထိုနေ့က တွေ့ခဲ့သော အလှမ်းဝေးတစ်နေရာမှ ဖုန်မှုန့် နက်ဗျူလာနှင့် မတူဘဲ တိမ်များထူထဲနေသော အိမ်မက်ဆန်လှသည့် ခရမ်းရောင် ရင့်ရင့် အလင်းများက နီးကပ်လာလု ဖြစ်နေသည်။
ပြင်ပ အဝန်းအဝိုင်းက ခပ်ဝိုင်းဝိုင်းပုံစံ ပြန့်ပြူးသွားပြီး အလည်ပိုင်းသည်ပင်အလွန်အကျွံ တောက်ပနေသည်မျိုး မဟုတ်ပေ။ ယင်းက ကြယ်များထံမှ စွန့်ပစ်ခံလိုက်ရသည့် နက်ဗျူလာတစ်ခု ဖြစ်ပြီး နောက်ပါးတွင် ကျန်ရှိနေသော ပျံ့နှံ့နေသည့် အလင်းရောင်သည်သာ ၎င်းတို့၏ အရောင်ကို ရောင်ပြန်ဟပ်နေကာ လင်းလက်တောက်ပနေလေသည်။
အရောင်အတုံးလေးများက ရေထဲတွင် ပျော်ဝင်သွားသည့်အလား ပျံ့နှံ့သွားသည့် လမ်းကြောင်းတလျှောက် နောင်တွင် ထပ်မကြုံနိုင်သော ကြီးကျယ်ခမ်းနားမှုများ သယ်ဆောင်ထားသည်။ လင်းဟန်၏ ယခင်က အာကာသယစ်မူးမှုများ ကွယ်ပျောက်သွားပြီ ဖြစ်သော်လည်း အခြားသော နစ်ဝင်သွားသည့် ခံစားချက်တစ်ရပ်က လေပေါ်လွင့်နေသလို ခံစားရပြန်သည်။
သူ လက်လှမ်းကာ အလှအပအပိုင်းအစလေးတစ်ခုအား ဖမ်းဆုပ်ရန် ကြိုးပမ်းလိုက်သည်။
သူတို့က နှစ်သက်ဖွယ်မကောင်းသော အခြေနေတစ်ခု၌ ကျရောက်နေသော်ငြား စိတ်အေးချမ်းနေဆဲပါပင်။
"အယ်အင်နာအုန်း နက်ဗျူလာက ပေါ်လာဖို့ အခွင့်အရေး နည်းတယ်" ဟယ့်ယွင်ထင် ပြောလိုက်သည်။
"ကိုယ်လည်း အကြိမ်နည်းနည်းလောက်ပဲ တွေ့ဖူးတာ"
လင်းဟန်က ထိုသူ သူ့ဘေးနားတွင် လာရပ်သည်ကို တွေ့လိုက်ရသည်။

YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း