ကလေးဘဝမှတ်ဉာဏ်
ဟီးဂျူပထမဆုံးဘဲ့ဆာအွန်းကိုတွေ့ခဲ့တာက ဥက္ကဌဟုန်းတို့အိမ်ကိုရွှေ့ပြီးနောက်ပိုင်းသိပ်မကြာခင်ပဲ။
"အဲ့ကလေးကကလပ်အဆိုတော်မိန်းမကခေါ်သွင်းလာတဲ့သူ့သမီးလေ"
ပထမဆုံးနေ့ကတည်းကဒီလိုတီးတိုးစကားတွေကိုနားနဲ့မဆံ့ကြားခဲ့ရတာ။
သူ့အဖေကိုလျစ်လျူရှုထားခဲ့တဲ့သူ့အမေကလည်း ဥက္ကဌဟုန်းကိုတော့ခြေဗလာနဲ့တောင်အပြုံးမပျက်အပြေးထွက်ပြီးနှုတ်ဆက်ဦးမယ့်လူ
ရုပ်ရည်ချောမောလှပလွန်းတဲ့အစ်မကသူ့ကိုလျစ်လျူရှုထားပြီး သူ့အမေကလည်းဟီးဂျူကိုထမင်းကျွေးဖို့ထက် ဥက္ကဌဟုန်းရဲ့ပြာခွက်ကိုတောင်ပိုဂရုစိုက်သေးရဲ့။
ကလေးတစ်ယောက်အနေနဲ့ဟီးဂျူကပတ်ဝန်းကျင်မှာယောင်တောင်ပေါင်တောင်နဲ့လျှောက်သွားနေရင်း တစ်ခါတလေမှာတော့ သူတို့ကိုထားသွားခဲ့တဲ့သူ့အဖေအကြောင်းကိုစဥ်းစားမိတယ်။
"ဒီအိမ်ကြီးတွေကကြီးလိုက်တာ"
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကနံရံအကြီးကြီးတွေပိုင်းခြားထားတဲ့စံအိမ်တွေနဲ့ပြည့်နေလေရဲ့။
ဒီလိုမျိုးနံရံအကြီးကြီးတွေရှိနေတဲ့လမ်းသွယ်လေးတွေထဲလမ်းလျှောက်သွားရတာကဝင်္ကပါထဲပိတ်မိနေသလိုပါပဲ။ဟီးဂျူသူ့အဖေအကြောင်းကိူစဥ်းစားလိုက်မိတိုင်း သူကိုယ်တိုင်တောင်မသိလိုက်ဘဲ အလိုအလျောက် လမ်းကျဥ်းကျဥ်းလေးတွေ မှောင်မည်းနေတဲ့နေရာတွေကိုရှာဖွေမိလေရဲ့။
အဲ့နေ့ကပူံမှန်အတိုင်းသာမန်နေ့တစ်ခုပါပဲ။
"...."
ဒါပေမဲ့လည်း သူရောက်နေကျနေရာမှာ တစ်ယောက်ယောက်ကရှိနေပြီးသားဖြစ်နေပြီ။ အဲ့လူက ခံစားချက်မရှိအေးတိအေးစက်နဲ့မတ်တပ်ရပ်နေလေရဲ့။ သူကဟီးဂျူလိုမျိုးကိုးနှစ်အရွယ်ကလေးလည်းမဟုတ်သလို လုံးဝအရွယ်ရောက်နေတဲ့လူကြီးလည်းမဟုတ်ဘဲ ကြားထဲမှာရှိနေတဲ့ပုံစံမျိုး။
ကျောင်းဝတ်စုံယူနီဖောင်းဝတ်ထားတဲ့အစ်ကိုကြီးရဲ့မျက်နှာကသရဲလိုဖြူဖျော့နေတာပဲ။
