အခန်း (၁)
"ကျွန်တော် လက်မခံနိုင်ဘူး အမေ " ကြီးကျယ်ခမ်းနားလှတဲ့ ဧည့်ခန်းဆောင်ကြီး အတွင်းမှာ ချောမောလှတဲ့ ယောက်ျားတစ်ယောက်ဆီမှဟိန်းထွက်လာသောအသံဖြစ်သည်။
"မင်းက လက်မခံနိုင်ဘူးပြောရအောင် ငါက မင်းကိုရွေးချယ်ခိုင်းနေတာမဟုတ်ဘူး မာန် ငါက မင်းကို အမိန့်ပေးနေတာ " အလွန်ကျက်သရေရှိပြီး တင့်တယ်လှတဲ့ အမျိုးသမီးကြီးက သူမနှင့်မလိုက်ဖက်လှတဲ့ ဒေါသနဲ့ ဩဇာကျကျ ပြောလိုက်လေသည် ။
"မင်း ဒီကလေးမ ကို လက်ထပ်ရင်လက်ထပ် အေး လက်မထပ်လို့ကတော့ ဒီတစ်သက် ငါ့ကိုတွေ့ဖို့ မစဥ်းစားနဲ့တော့ " မာန်ရဲ့ ဒေါသမျက်လုံးတွေက ဆိုဖာပေါ်မှာထိုင်နေတဲ့ ပုံရိပ်လေးပေါ်ကို ကျရောက်သွားလေသည် ။ တရှိုက်ရှိုက်နေတဲ့ငိုနေတဲ့ သူမကို မာန် အလွန်တရာ မုန်းတီးမိသည် ။
"အမေ ကျွန်တော့် မိန်းမနဲ့သမီးဆုံးတာ အရိုးတောင်မဆွေးသေးဘူးအမေ နောက်ပြီး ကျွန်တော့် အချစ်ဆုံးမိန်းမနဲ့ သမီးလေးက ဒီမိန်းမကြောင့်သေသွားတာအမေရဲ့ အမေသိရဲ့သားနဲ့ ဘာကြောင့်သားအပေါ်ကို ဒီလိုလုပ်ရတာလဲဗျာ " မာန်ရဲ့ စကားသံတွေက ငိုသံကြီးနဲ့တိမ်ဝင်သွားလေသည် ။
"ဟဲ့ နင်က ဒါကို ဒီကလေးမနဲ့ မအိပ်ခင်သိရမှာလေ ၊ သူ့ဆီမှာနင့်ကလေးရှိနေမှ ဒီအကြောင်းတွေ လာပြောနေတာလား အရူးရဲ့ " ဒေါ်သီတာ ရဲ့ အသံတွေဟာလည်း ဒေါသကြောင့်တုန်ရီနေလေသည် ။ ဖြူဆိုတဲ့ မိန်းကလေးကတော့ ခေါင်းလေးငုံ့ကာ သားသမိနှစ်ယောက် စကားအချေအတင်ဖြစ်နေသည်ကို မျက်ရည်အရွှဲသားနဲ့ နားထောင်ရုံကလွဲလို့ ဘာမှမပြောနိုင်ချေ ။
ဖြူ့ရဲ့ ဘဝဟာ ဘယ်တော့မှ မလှခဲ့ပါဘူး ၊ ဖြူဟာ တစ်ကောင်ကြွက်တစ်ယောက်ပါ ။ ငယ်ငယ်ကတည်းကမိဘရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ ဘဝပါ။ မိဘမဲ့ ကျောင်းမှာနေရင်းနဲ့ အရွယ်ရောက်လာတော့လည်း သူများတွေထက်ဆယ်ဆ ကြိုးစားရုန်းကန်ခဲ့ရသည် ။ ငယ်ငယ်ကတည်းက အနှိမ်ခံခဲ့ရတဲ့သူမဘဝဟာ ကြီးတဲ့အထိ မပျောက်သေးပေ ။ အလုပ်ဝင်တဲ့ အခါမှာလည်း အနိုင်ကျင့်ခံရသည့် အကြိမ်ပေါင်းက မရေမတွက်နိုင်အောင်ပင် ။ သူမဘဝမှာ သူမအတွက်ရပ်တည်ပေးမဲ့သူဆိုတာဘယ်သောအခါမှမရှိခဲ့ ။ အခုသူမရဲ့ ဗိုက်ထဲမှာရောက်နေတဲ့ ကလေးလေးကို သူမလိုအဖြစ်မျိုး မကြုံတွေ့စေချင်ပါ ။ မျက်နှာပြောင်တိုက်ပြီး ဒီအိမ်ထဲကို ခြေချရဲခဲ့တဲ့ သူမကိုယ်သူမလည်း ရှက်မိသည် ။ ဒါပေမဲ့ ကိုယ့်သွေးသားရင်းချာကို သူမလို အဖြစ်မျိုးနဲ့ မကြုံတွေ့စေလိုပါ ။ တင်းကြပ်နေတဲ့ သားအမိနှစ်ယောက်ကြား အခြေအနေကြောင့် သူမတစ်ခုခုပြောဖို့ ပြင်လိုက်သည် ။

YOU ARE READING
ဥပက္ခာတံတိုင်း
Romanceသမီးလေးကို ဖြူ့လို ဥတစ်လုံးတစ်ကောင်ကြွက်မဖြစ်စေချင်လို့ အကို့ကို ကပ်တွယ်မိခဲ့တာပါ။ ဖြူ့ရဲ့ အမှားကို ဖြူသိသလို ဖြူကိုယ်တိုင်လည်း အဲ့ အမှားကို ပေးဆပ်မှာပါ ... ဒါပေမယ့် အကိုရယ် အကို့ သွေးသားလေးကိုတော့ အကို့ရဲ့ နွေးထွေးမှုလေး နည်းနည်းတောင် မပေးနိုင်ဘူး...