မှန်ထဲမှာမြင်နေရတဲ့ပုံရိပ်....
အနက်ရောင်ဝတ်ရုံကြီးထဲမှာ မြုပ်နေတဲ့ခန္ဓာကိုယ်နဲ့အတူ ကျောမှာလွယ်ထားတဲ့ မှော်ကျောက်ဓားပါနေတဲ့ဓားအိမ်၊ အသက်မဲ့နေတဲ့မျက်လုံးတွေ၊ အရယ်အပြုံးမရှိတဲ့မျက်နှာ.....
လောကကြီးကရက်စက်လွန်းတယ်။ မျှော်လင့်ချက်တွေပေးပြီးမှ မျက်စိရှေ့မှာတင် အရာအားလုံးကို ဆွဲထုတ်သွားခဲ့တယ်.....
ထိုနာကျင်မှုတွေအတွက်တောင် ငိုကြွေးဖို့အချိန်မရှိဘဲ အဖေတစ်ယောက်ရဲ့တာဝန်၊ ခင်ပွန်းတစ်ယောက်ရဲ့တာဝန်၊ သားသမီးတစ်ယောက်ရဲ့တာဝန်တွေအပြင် မြင်တောင်မမြင်ဖူး ရင်းတောင်မရင်းနှီးဖူးတဲ့ မိသားစုဝင်ပေါင်းများစွာရဲ့ အသက်နဲ့သက်ဆိုင်နေတဲ့ ကြီးမားလွန်းတဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ ကံကြမ္မာက စေခိုင်းခဲ့ပြန်ပြီ......
ဘေးနားမှာရှိတဲ့ သွေးစွန်းနေတဲ့ အဝတ်အပိုင်းအစကို လက်ကောက်ဝတ်မှာ ဘယ်လိုမှဖြည်လို့မရတော့အောင် ခပ်တင်းတင်းချည်နှောင်လိုက်တယ်။ ရက်ပိုင်းလောက်တောင်မှ ပြင်ဆင်ချိန်မရခဲ့ပေမယ့် မိမိအသက်အပြင် အားလုံးရဲ့အသက်နဲ့ သက်ဆိုင်တဲ့ တာဝန်ကို ဒီနေ့ထမ်းဆောင်ရဖို့ဖြစ်နေပြီ။ တာဝန်ဆိုတဲ့စကားလုံးက သယ်ပိုးရတာ ဝန်ပိသလို ထိုတာဝန်ထဲမှာ အမုန်းတရားတွေဖြည့်စွတ်လိုက်ချိန်မှာတော့ အသိစိတ်ထဲမှာ တစ်ခုတည်းသောအရာကိုပဲ စွဲစွဲမြဲမြဲမြင်ယောင် မှတ်သားနေမိတယ်......
ထိုမိန်းမနဲ့ပတ်သတ်သမျှအားလုံးကို အမြစ်ဖျက်ပြီး တစ်စစီဖျက်စီးပစ်မယ်.......
ကျွီ......
"ကောင်လေး အားလုံးအဆင်သင့်ဖြစ်ပြီ။ ငါတို့ ကုန်းမြေဧရိယာက ကျန်နေသေးတဲ့ တပ်သားအချို့အပြင် ရေအောက်ဧရိယာက တပ်တွေလည်းရောက်နေကြတယ်။ ကောင်းကင်ဧရိယာကလည်း ကူညီဖို့အလားအလာရှိတယ်......"
"......"
ခေါင်းညိမ့်ပြကာ အခန်းထဲက ထွက်သွားတဲ့ ကောင်လေးကိုကြည့်ပြီး ကိုဆင်သက်ပြင်းချမိတယ်။ ချစ်ရသူကိုဆုံးရှုံးရတဲ့ခံစားချက်ကို သူကောင်းကောင်းသိတာပေါ့။ ပိုဆိုးတာက ဆုံးရှူံးသွားပြီလို့ထင်ထားတဲ့သူတစ်ယောက်ကို ပြန်ပိုင်ဆိုင်ရပြီးမှ ထပ်ဆုံးရှုံးသွားတာမျိုး။ တွေးကြည့်တာနဲ့တင် နာကျင်ရလွန်းတယ်။ အသက်ကလည်းငယ်သေးတော့ ဖြေသိမ့်ဖို့ခက်နေတော့မှာပဲ.....
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........