အချစ်ဆိုတာ ဒါပါလား သိတဲ့မနက်ခင်းမှာ ငါဟာမျက်လုံးပွင့်ပွင့်ချင်း ချစ်ရသူဆီကို ဖုန်းဆက်ဖို့ စိတ်လှုပ်ရှားနေခဲ့တာ။
ညထဲက ဖွင့်ထားလျက်ရှိတဲ့ playlist ထဲကအချစ်သီချင်းသံလေးဟာ မြူးကြွလို့။
ငါဟာ ဆရာအောင်ချိမ့်အားကျရလောက်တဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားရတဲ့ အခိုက်အတန့်လေး။ မိုးသည်းပြီးကာစ မိုးဖွဲလေးတွေဟာ မြူခိုးတွေကြားမှာ အလင်းရောင် မှိန်ဖျဖျလေး...အရာရာက ၀ိုးတ၀ါးသာ...ချစ်ခြင်းတွေကို ချစ်တယ် ထုတ်မပြောလဲ လုပ်ရက်နဲ့တင် သိနိုင်တယ်မလား မမ...။
ငါ့မနက်ခင်းက သူ့ကြောင့်ဖြစ်တည်လာတဲ့ အပြုံးတွေနဲ့ စတင်ခဲ့သလိုမျိုး...အော် ကံကြမ္မာဟာ တစ်ကယ်ကို မထင်ရက်စရာပါလား ငါ့အမှားတစ်စုံတစ်ရာပါ ပါ၀င်ခဲ့တာမလို့ ငါ့မျက်ရည်တွေကို တိမ်ဆိုင်တွေ ယူဆောင်သွားပေးကြရင် ပူပြင်းတဲ့နွေရာသီတွေမှာ မမအေးချမ်းဖို့ ရွာသွန်းခိုင်းရမယ်။
ဇာတ်ခမ်းတစ်ပုဒ်ကို အတိုချုပ်ပြောရရင် သူဟာငါ့ကို ချစ်ခဲ့တာမဟုတ်ဘူးကွဲ့။
အတူ စိတ်ကူးယဥ်၊ တိုင်ပင်ခဲ့တဲ့ အနာဂတ်က ငါဟာ အခုငါ့ပုံကိုကြည့်ပြီး ငိုချင်ငိုချလိုက်စမ်းပါလို့ တစ်ဖွဖွပြောနေရှာတယ်။ ငြိမ်းချမ်းရေးဟာ ငါရှာဖွေမတွေ့ရှိနိုင်တော့မဲ့ မမရဲ့လက်ဖ၀ါးနုနုလေးတစ်စုံသာ။
အခက်သားနော် ရင်ခုန်သံစည်းချက်တွေက အသည်းအိမ်ကို လှိုင်းချက်ပြင်းပြင်းတွေလို ရိုက်ခတ်သွားရဲ့ ဒီညလည်းအိပ်မပျော်ဘူးကွယ်..အိပ်မပျော်တာချင်းအတူ ဒီညရဲ့ကောင်းကင်က အဆွေးဓာတ်ပိုနေတယ် ငါ့ဘက်မှာ 'မမ' မရှိတော့ဘူးဆိုတဲ့ အသိကြောင့်များလား။
ငါ့ခေါင်းထဲက ငါဟာ ငါ့ကိုအပြစ်တင်ပုတ်ချနေလေရဲ့ မမရယ်...သူက ချစ်တယ်တောင်မပြောခဲ့ပဲ နင်ဘာတွေဖြစ်ပျက်နေတာလဲတဲ့။
အဲ့တော့ ငါ့မှာ ငိုမဲ့မဲ့မျက်နှာကြီးကို အတင်းအားယူပြီး တုန်ခါနေတဲ့ လက်တွေကို ဒူးနှစ်ဖက်ကြားမှာ ဖွက်ထားမိသေးတာ ငါ့ကိုယ်ငါရှက်မိလို့ပါကွယ်။
သူက...သူက ငါ့အပေါ် လုပ်ရက်တွေနဲ့ ချစ်မေတ္တာပိုကြောင်း ထုတ်ဖော်ပြခဲ့တာကွ သူသိပ်လည်တာပဲ။
ဆရာအောင်ချိမ့်ရဲ့ အမျက်ကို ငါလှလှကြီး ခံယူရနေပြီ...တကယ့်ကို ကဗျာဆရာပီသလှတယ် သူငယ်ချင်း။
ဒါက အချစ်ဆိုတာတဲ့ အဖေရယ်...။
တစ်သက်မှာ တစ်ခါလောက် ကြုံဖူးချင်ပါတယ်လို့ ကျိန်း၀ါးထားတဲ့ သမီးအဖြစ်ကို လာကြည့်ပြီး အေးစက်စက်ပြုံးပြမလား..ဒါမှမဟုတ် နူးနူးညံ့ညံ့ပဲ ငါ့သမီးလေးတောင် ဒီအရွယ်ရောက်သွားပြီပဲဆိုပြီး ခေါင်းလေးကိုဖွဖွပုတ်ပြီးဆိုမလား။
ဦးနှောက်သိပ်မကောင်းတဲ့ ငါလည်း ဒီအမျိုးသမီးကို တစ်နေ့မေ့နိုင်မလား...မမေ့နိုင်သ၍တော့ ငါက ပြုံးပြုံးကြီးနဲ့ ခိုးငိုဦးမှာ။
ငါ့သူငယ်ချင်းကြီးအတွက် 😑
13.8.2024

YOU ARE READING
ဟိုဘက်အိမ်က ကျွန်မရည်းစား
Romanceကိုယ်အီစီကလီ လုပ်ခဲ့ဖူးသူရဲ့ ညီမကလဲ ကိုယ့်ရဲ့အမြတ်နိုးရဆုံး လက်တွဲဖော်၊ ချစ်သူ တစ်ယောက်ဖြစ်လာနိုင်သည်။