Chapter 0
'ကိစ္စမရှိဘူး၊ တစ်အောင့်နေကျရင် သေလို့ ရပြီ'
ရှန်ထင်းမျန် လက်ထဲက ဘောပင်ကို လှည့်ရင်း တည်ငြိမ်စွာ တွေးနေမိသည်။
လက်တွေ့မကျတဲ့ အတွေးတွေကို တစ်ဖန်ထပ်ပြီး စိတ်ကူးယဥ်လို့ သူ စိတ်လွင့်နေမိပြန်၏။ ဒီဘောပင်နဲ့ လည်မျိုကို ထိုးလိုက်လို့ သွေးတွေ ဖြာခနဲ ပန်းထွက်လာပြီး သေသွားတာလည်း ဖြစ်နိုင်တာပဲလေဆိုပြီးတော့ပေါ့။
ဆင်ခြင်တုံတရားဆိုသည် အမြဲတစေ အချိန်မှန်ရောက်လာတတ်သော ကတိတစ်ခုနှယ်၊ လူ့ဘဝ၏ အခန်းကဏ္ဍသေးသေးလေးတစ်ခုနောက်က ထက်ကြပ်မကွာ လိုက်ပါနေမြဲ အရာပင်။
'မဟုတ်သေးဘူး၊ သူ့မှာ အဲ့လို လက်တည့်အောင် ထိုးပစ်နိုင်လောက်တဲ့ အင်အားမျိုး ရှိမနေဘူး'
မတော်တဆဖြစ်ဖို့ ထိုင်စောင့်နေရမဲ့ ကံကောင်းမှုမျိုး သူ့မှာ မရှိ။ မနေ့ကလည်း မရှိသလို၊ ဒီနေ့လည်း ရှိလာမှာ မဟုတ်ဘူး။ ကိုယ့်အားကိုယ်ပဲ ကိုးရတာပေါ့။
'ချန်'လောင်ရှီးက သူ့ ဘေးနားကနေ ဖြတ်လျှောက်သွား၏။ အတန်းဆင်းခါနီးဆိုတော့ ဘေးပတ်ဝန်းကျင်ကနေ လှုပ်လှုပ်ရွရွအသံတွေ ခပ်တိုးတိုး ထွက်လာနေသည်။ သူမ အတန်းအနောက်ဘက်ကို ရောက်သွားတော့ ရှေ့ဆုံးတန်းက ကျောင်းသားအချို့က အခွင့်အရေးကို အမိအရဖမ်းလို့ တီးတိုးစကားခိုးပြောကြနေပြီး၊ သူတို့ဆီက ပျော်ရွှင်ရယ်မြူးသံပါ ခပ်သဲ့သဲ့ ထွက်လာခဲ့သည်။
ပြတင်းအပြင်ဘက်က နေဝင်ဆည်းဆာရောင်တစ်ခွင်ဟာ ထွက်သစ်စ သစ်ရွက်လေးတွေပေါ် ဖြာကျနေပြီး၊ ဖျော့တော့တော့ လေပြည်လေးက တောက်ပလျက်သား၊ ရှန်ထင်းမျန်ရဲ့ နိမ့်ချည်မြင့်ချည် ဝင်သက်ထွက်သက်အပေါ် လှဲလျောင်းအိပ်စက်လို့ နေ၏။ အတုအယောင်နှင့် အစစ်အမှန်ကို သူ သိပ်ပြီး ခွဲခြားနိုင်စွမ်း မရှိလှ။
"နောက်တစ်မျက်နှာ လှန်မယ်"
ရှန်ထင်းမျန် လျော့ရိလျော့ရဲသာ ထိုင်နေမိသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကွေးကွေးလေး မှောက်ချထားရင်း လက်ကလေးတစ်ဖက်သာ ထုတ်လို့ နောက်တစ်မျက်နှာကို လှန်လိုက်၏။
