Chapter - 7

67 11 0
                                    

>> Unicode <<
~~~~~~~~~~~~

ဝရန်တာပေါ်မေးထောက်ကာရပ်နေတဲ့ မင်းသားဖြစ်သူကိုကြည့်ပြီး ရာဂျာ သက်ပြင်းရှိုက်၏။ ငယ်စဉ်တည်းက မင်းသားအနားမှာနေပြီး မင်းသားရဲ့မျက်နှာအ‌ရိပ်အခြေကိုကြည့်လာခဲ့သူမို့ အခုလည်း မင်းသားမှာဘာတွေသောကများနေသလဲဆိုတာ ရာဂျာအလိုလိုသိနေသည်။

" အပြင်ထွက်ချင်သလား မင်းသား၊ အစောင့်တွေကို ကျွန်တော်မျှားခေါ်သွားပေးမယ် "

" နေပါစေ ရာဂျာ ၊ မင်းလုပ်စရာရှိတာလုပ်ပါ "

" မင်းသားကဒီလောက်မှိုင်နေတာ ကျွန်တော်ဘာလုပ်နိုင်ဦးမှာလဲ၊ အဲ့ဒီလမ်းဘေးက သူခိုးလေးကို အခုထိမျှော်နေတုန်းလား "

ဒီတစ်ခါတော့ ဂျက်ဇ်မငြင်းပါ။ ရာဂျာဆိုတာ သူ၏သူငယ်ချင်း၊ မိသားစုဝင်ပဲမို့ ဘာကိုမှထည့်တွက်စရာမလိုဘဲ အပွင့်လင်းဆုံးရင်ဖွင့်နိုင်သည်။ ရာဂျာ့ကိုလှည့်ကြည့်ပြီး ခပ်တိုးတိုးရေရွတ်၏။

" သူလာမယ်လို့ သေချာပေါက်ပြောသွားတာပါ "

မင်းသားဂျက်ဇ်ရဲ့ အလိုမကျသောမျက်နှာညိုညိုလေးကိုကြည့်ပြီး ပေါ်မလာသူ တေလေဂျပိုးကို ရာဂျာ ဒဏ်ခတ်ပစ်ချင်သည်။ မင်းသားကိုတော့ အပြစ်မဆိုချင်တော့။ လောကကြီးမှာလည်း ကြိုပြီးမမြင်နိုင်၊ မသိနိုင်တဲ့ဆန်းကြယ်မှုတွေ ပြည့်နှက်နေမယ်မဟုတ်လား။ ဥပမာ " အချစ် " ပေါ့။

" ကျွန်တော်ကတော့ သူပေါ်မလာတာလည်း မင်းသားအတွက်ကောင်းတယ်လို့ထင်ပါတယ်၊ မင်းသားဂျဖာကိုလက်မခံချင်တိုင်း သူ့ကိုပုံအောပြီးယုံလိုက်လို့မဖြစ်ဘူးမလား၊ ကျွန်တော် မင်းသားကိုစိတ်ပူတယ် "

" မဟုတ်ဘူး ရာဂျာ.. မင်းနားလည်အောင် ငါဘယ်လိုပြောပြရမလဲမသိဘူး "

ဂျက်ဇ် ဆက်မပြောတော့ဘဲ ဝရန်တာပေါ် လက်ထောက်ကာ ပြန်ငြိမ်သွားသည်။ နေရောင်အောက်မှာ သက်ဝင်လှုပ်ရှားနေသည့်အာဂရာဘာမြို့ဟာ တင့်တယ်မှုမပြတ်။ ထိုခမ်းနားမှုတွေရဲ့နောက်မှာ ရင်နင့်စရာဘဝများစွာရှိကြောင်း သိစေခဲ့တဲ့လူသားလေးကို ဂျက်ဇ် လွမ်းဆွတ်မိပါ၏။ ကတိ‌တွေမဆိုခဲ့လည်း ဂျက်ဇ် ယုံကြည်နေမိခဲ့သည်။ ထိုအတွက်လည်း ကိုယ့်ကိုယ်ကိုပင် ရှက်ရွံ့သလို မာနထိခိုက်ရသည်။

Aladdin Where stories live. Discover now