ထို့အပြင် ဝမ်တရုန် ATM စက်မှ ပိုက်ဆံသွားလဲလိုက်သည်နှင့် ရဲများက သူရောက်ရှိနေသည့်နေရာကို ခြေရာခံနိုင်သွားမည်ဖြစ်သည်။ ထို့ကြောင့် ချင်ကျိုးက မြန်မြန်ဆန်ဆန်နှင့် ပြတ်ပြတ်သားသား လုပ်ဆောင်ရမည်ဖြစ်လေသည်။

"ဝမ်တရုန်ကို အမြန်ဆုံး အထဲကို ပြန်ခေါ်ခဲ့..."
ချင်ကျိုး အမိန့်ပေးလိုက်ပြီး အစစ်တစ်ဝက် အတုတစ်ဝက်ရောနှောနေသော လောင်းကစားသမားများ ရောနှောနေသည့် ကိုယ်ပိုင်အခန်းထဲ ဝင်လိုက်သည်။

အထဲတွင် ရှိနေကြသည့်လူအများစုက ချင်ကျိုးနှင့် ရင်းနှီးနေကြသူများဖြစ်သော်လည်း လောင်းကစားရုံအတုထဲတွင် လောင်းကစားသမား အစစ်အချို့ပါ ရောနှောနေလေသည်။

ချင်ကျိုးက လောင်းကစားလုပ်ရင်း အရာအားလုံးဆုံးရှုံးသွား၍ မိသားစုနှင့်ပါအဆက်အသွယ်ပြတ်ကုန်ကြသော လောင်းကစားသမားများစွာကို မြင်ခဲ့ဖူးသည်။ ထိုလူများက ဆင်းဆင်းရဲရဲနေနေကြရသော်လည်း လောင်းကစားကို မစွန့်လွှတ်နိုင်သေးကြချေ။

ချင်ကျိုးက ထိုအရာကို ထူးဆန်းသည်ဟု ခံစားမိလေသည်။ လောင်းကစားဆိုတာက အဆုံးမရှိတဲ့ ချောက်နက်တစ်ခုဖြစ်တယ်ဆိုတာ သူတို့ မသိဘူးလား? နောက်ပိုင်းတွင်တော့ ထိုသူများက သူတို့ လမ်းမှားလျှောက်မိကြောင်း လက်မခံနိုင်ကြသည်သာ ဖြစ်ကြောင်း သိခဲ့ရသည်။

ထိုလူများအပေါ် နားလည်မှုကို အသုံးချကာ ချင်ကျိုးက ရဲများပင် မသုံးရဲသော နည်းလမ်းကိုသုံး၍ ဝမ်တရုန်ကို မျှားခေါ်ခဲ့ခြင်းဖြစ်သည်။

"ချင်ကော..."
ချင်ကျိုးနားမှ ဖြတ်သွားသောလူတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်ပြီးနောက်တွင် သူ့နောက်တွင် ရပ်နေသော ယန်းရှီးယွီကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ချင်ကျိုး သူ၏ 'မိန်းမ'ကို ခေါ်လာသည်ဟူသော သတင်းက အချိန်ခဏလေးအတွင်း ဘားတစ်ခုလုံးသို့ ပျံ့သွားပြီဖြစ်ကြောင်း ချင်ကျိုး သတိပြုမိသွားသည်။ သူက အစကတည်းက ထိုကဲ့သို့ မရည်ရွယ်ထားခဲ့ဘဲ ယန်းရှီးယွီကို စချင်ရုံသာဖြစ်လေသည်။ သို့သော်လည်း သတင်းပျံ့သွားပြီဖြစ်၍ သူ့ညီအစ်ကိုများက သူ့တွင် အကြိုက်ကောင်းကောင်းမရှိဟု တွေးခွင့်မပြုနိုင်ပေ။

Blank Charge (Myanmar Translation)حيث تعيش القصص. اكتشف الآن